spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်း“လူမှု့ပုံစံခွက်ထဲက ရုန်းထွက်လာကြတဲ့အမျိုးသမီးများ”

    “လူမှု့ပုံစံခွက်ထဲက ရုန်းထွက်လာကြတဲ့အမျိုးသမီးများ”

    -

    ဝံသမွန် -ဆောင်းပါး (၂၀ စက် ၂၀၂၂)

    မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ အမျိုးသမီးတွေလို့ဆိုလိုက်ရင်ပဲ အိမ်မှုကိစ္စ နိုင်နင်းရမယ်၊ အနေအထိုင် သိုသိပ်ရမယ်၊ အချက်အပြုတ် အိမ်အလုပ်ထိန်းသိမ်းတာဟာ အမျိုးသမီးအလုပ် အစရှိတဲ့ ရှေးရိုးစွဲစကားတွေကို ယနေ့အချိန်ထိ အရိုးစွဲနေကြသူတွေ ကျမတို့ပတ်ဝန်းကျင်မှာ ရှိနေပါသေးတယ်။ 

    အလားတူ မြန်မာနိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ်ဖြစ်တဲ့ နိုင်ငံသား စစ်ဆေးရေးကတ်တွေမှာ အမျိုးသမီးတွေကို မှီခိုဆိုပြီး အလုပ်အကိုင်မရှိသူစတဲ့ ဝေါဟာရကို အခုချိန်ထိ သုံးနှုန်းနေဆဲ ဖြစ်ပါတယ်။

    “ရှေးရိုးစွဲအယူအဆတွေကို တချို့မိဘတွေက အခုချိန်ထိ လက်ခံကျင့်သုံးနေဆဲပဲ၊ သားလေးမွေးရင် ပညာအမွေ ပေးမယ်၊ အရွယ်ရောက်ရင် နိုင်ငံခြားလွှတ်မယ်။ သမီးမိန်းကလေးမွေးရင် အိမ်မှုတာဝန်၊ အချက်အပြုတ် ကျွမ်းကျင်အောင် သင်ပေးတယ်၊ အဲဒီအမွေတွေ ပေးတယ်။ အဲဒီလိုရှေးဓလေ့တွေ အခုအချိန်ထိ ရှိနေသေးတယ်” လို့ လူငယ်အမျိုးသမီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ မိကလျာက ပြောပါတယ်။

    Globalization ဆိုတဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာရော၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်းတဲ့ အလုပ်တွေ လုပ်လာသလို၊ အသင်း အဖွဲ့စည်းတွေမှာ အမျိုးသမီးဉီးဆောင်သူတွေ ပေါ်ထွက်နေဆဲပါ။

    တိုင်းပြည်တစ်ခုမှာ အရေးပါတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ အဓိက ကဏ္ဍကြီးတွေမှာလည်း အမျိုးသမီးခေါင်းဆောင်တွေ အများကြီး ရှိနေပါတယ်။

    မြန်မာနိုင်ငံမှာတော့ မြို့ပြတွေလိုနေရာမှာ အမျိုးသားတွေနဲ့ တန်းတူ ရင်ဘောင်တန်း လုပ်ကိုင်နိုင်တဲ့ အမျိုးသမီးတွေ ရှိလာနေပြီ ဖြစ်ပေမယ့် ကျေးလက်ဒေသတွေမှာတော့ အိမ်အလုပ်တွေ မိသားစုတာဝန်တွေနဲ့ ဝန်ပိနေတဲ့ အမျိုးသမီးတွေ အများအပြား ရှိနေပါသေးတယ်။

    အဲဒီလို ရှေးရိုးစွဲပုံစံခွက်ထဲမှာ ရှင်သန်နေရတဲ့ အမျိုးသမီးတွေရဲ့ဘဝဟာ ကောင်းကျိုးရှိသလို ဆိုးကျိုးဖြစ်စေတဲ့ အရာတွေလည်း ရှိနေပါတယ်။

    အမျိုးသမီးတစ်ယောက်ကို အိမ်မှုကိစ္စ နိုင်နင်းတဲ့သူ၊ အချက်အပြုတ် တော်တယ်၊ကျွမ်းကျင်တယ်ဆိုတဲ့ ကောင်းခြင်းအင်္ဂါရပ်အဖြစ် ချီးကျုးပြောဆိုခံရပေမယ့် ဒီလိုပတ်ဝန်းကျင်မှာပဲ ကျင်လည်ကြီးပြင်းလာတဲ့ အမျိုးသမီးတွေဟာ လူအများအလယ် သွားလာတဲ့အခါမှာ အများအားဖြင့် မိမိကိုယ်ကိုယ်ကို ယုံကြည်မှုနည်းပြီး ရှက်ရွံ့ကြောက်ရွံတာကို တွေ့မြင်ရလေ့ရှိပါတယ်။

    ဒါ့အပြင် ပြင်ပလောကမှာ ပေါင်းသင်းဆက်ဆံရေး အားနည်းတာ စီးပွားရေး မလုပ်ကိုင်တတ်တာ စတဲ့ အားနည်းချက်တွေ ဖြစ်လာစေတယ်လို့ မိကလျာက ပြောပါတယ်။

    “ အမျိုးသမီးဟာ အိမ်မှုတာဝန်မှာ စေ့စပ်သေချာမယ်..ဒါကကောင်းတဲ့ အချက်ပေါ့။ အားနည်းချက်ကို ပြောရမယ်ဆိုရင် မိဘတွေက သမီးမိန်းကလေးကို အိမ်မှာပဲနေစေတယ်။ အပြင်အလုပ်တွေ မလုပ်ခိုင်းဘူးဆိုတော့ ဗဟုသုတ နည်းမယ်။ နောက်တစ်ခုက ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းလာမယ်။ မိမိရဲ့ကိုယ်စွမ်းနဲ့ စီးပွားရေး မရှာတတ်ဘူး။ မိဘတွေကလည်း သင်ပေးထားတာ မရှိဘူးဆိုတော့ စီးပွားမရှာတတ်ဘူး ဖြစ်လာမယ်။ အိမ်မှာပဲ မနေဘဲနဲ့ မိမိရဲ့အရည်အချင်းကို စမ်းစစ်ပြီး ကိုယ်ဘာလုပ်ချင်လဲ လေ့လာလုပ်ဆောင်သင့်တယ်” လို့ မိကလျာက သူ့ရဲ့အမြင်ကို ပြောဆိုပါတယ်။

    အမျိုးသမီးတစ်ယောက်ဟာ အမှီအခိုကင်းကင်းနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ အရေးကြီးသလို၊ အမျိုးသမီးတစ်ယောက်က ကိုယ့်ဝင်ငွေနဲ့ ရပ်တည်နိုင်တဲ့အချိန်ဟာ အပျော်ရွှင်ဆုံးအချိန် ဖြစ်တယ်လို့လည်း မိကလျာက ဆိုပါတယ်။

    သူကတော့ ရှေးရိုးစွဲအယူအဆတွေ ကျင့်သုံးနေတဲ့ လူမှုဝန်းကျင်ကနေ ကြီးပြင်းလာသူတစ်ဦး ဖြစ်ပေမယ့် သူ့မိဘတွေရဲ့ အမြင်ကျယ်မှု လမ်းပြသွန်သင်မှုတွေနဲ့အတူ ရှေးရိုးစွဲပုံစံခွက်ထဲကနေ ကိုယ်တိုင်ရုန်းထွက်ပြီး အခက်အခဲ စိန်ခေါ်မှုများစွာ ဖြတ်ကျော်ပြီး အခုလို ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေနဲ့ ရပ်တည်နိုင်ခဲ့တာလို့ မိကလျာက ဆိုပါတယ်။

    ရှေးရိုးစွဲအယူအဆ ဓလေ့ထုံးတမ်းထဲ ယနေ့အချိန်ထိ ပိတ်မိနေကြဆဲ အမျိုးသမီးတွေ ရှိသလို၊ ဒီလို အယူအဆဟောင်းတွေထဲက ရုန်းထွက်နေတဲ့ အမျိုးသမီးတွေလည်း ရှိနေတဲ့အတွက် အဲဒီလိုရုန်းထွက်လာကြတဲ့ အမျိုးသမီးတွေကို လူမှုပတ်ဝန်းကျင်က ကူညီအားပေးသင့်တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူ မိဟံသာထောက ပြောပါတယ်။

    “ ပုံစံခွက်ထဲကနေ ရုန်းထွက်နေတဲ့ အမျိုးသမီးတွေကို ပတ်ဝန်းကျင်က အားပေးဖို့ လိုတယ်။ အိမ်အလုပ်က အမျိုးသမီးအလုပ်၊ အမျိုးသားက အပြင်ထွက်ပိုက်ဆံရှာ အဲလိုမဟုတ်ဘူး။ လူကိုလူလို့ပဲမြင်ပြီး အမျိုးသားအလုပ် အမျိုးသမီးအလုပ် မခွဲခြားဘဲနဲ့ သာတူညီမျှလုပ်မယ်ဆိုရင် ပိုပြီးအဆင်ပြေမယ်” ဟု မိဟံသာထောက ဆိုပါတယ်။

    ယနေ့မျက်မှောက်ခေတ်ကာလမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူ လုပ်ငန်းတာဝန်တွေ ခွဲဝေ တာဝန်ယူလာရသလို ဉီးဆောင်စီးပွားရှာဖွေ လုပ်ကိုင်နေရတဲ့ ခေတ်ကာလမှာ အမျိုးသမီးကသာ အိမ်တွင်းထိန်းသိမ်း ချက်ပြုတ်မှုစတဲ့ တာဝန်တွေကို လုပ်ဆောင်စေတာက အမျိုးသမီးတွေအတွက် ခွဲခြားနှိမ်ချမှု တစ်ခုဖြစ်တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်သူတွေက ပြောပါတယ်။

    “ အိမ်အလုပ်က အမျိုးသမီးတွေရဲ့အလုပ်၊ အမျိုးသမီးတွေရဲ့တာဝန် အဲလိုပြောဆိုနေတာဟာ အမျိုးသမီးတစ်ဦးရဲ့ ဘဝကို အကျဉ်းချထားတာနဲ့ အတူတူပါပဲ။ အိမ်အလုပ်ကို အမျိုးသမီးတွေက ခါးစည်းလုပ်နေရပြီး ဝင်ငွေမရှာနိုင်တဲ့သူဆိုပြီး အိမ်ထောင်ဖက်ရဲ့ အထင်သေးမှုကိုလည်း ခံရတယ်၊ နောက်ဆုံး အဲဒီရှေးရိုးစွဲ ဓလေ့တွေကြောင့် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပေါ်စေတယ်” မိဟံသာထောက ဆိုပါတယ်။

    မိကလျာက “အိမ်အလုပ်နဲ့ပဲအချိန်ကုန်နေရတဲ့အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ လျစ်လျူရှုမှုကိုခံရတယ်၊ ဝင်ငွေမရှာနိုင်ဘူးဆိုပြီး အပြစ်တင်ပြောဆိုတာကိုလည်းခံရတယ်၊ တစ်ချို့ကဆို မိမိယောကျ်ားက မိမိကိုအနိုင်ယူနေတာတောင်မှ ဘာမှပြန်မပြောရဲတဲ့ အမျိုးသမီးတွေ ကလျာတို့ပတ်ဝန်းကျင်မှာ အများကြီးရှိနေသေးတယ်”

    တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကာလအခြေအနေတွေကြောင့် အမျိုးသမီးတွေဟာ အိမ်မှုတာဝန်များသာမက အမျိုးသားတွေနဲ့တန်းတူ အိမ်ပြင်ပလုပ်ငန်းတွေကိုပါ တာဝန်ယူလုပ်ဆောင်ရတာကြောင့် အမျိုးသားတွေ အနေနဲ့လည်း အိမ်မှုတာဝန်တွေကို နိုင်သမျှ ခွဲဝေလုပ်ကိုင်သင့်တယ်လို့ ဒါကလူမှုအဖွဲ့အစည်းက မင်းအောင်ထူးက အခုလိုပြောပါတယ်။

    “ ဒီဘက်ခေတ်နဲ့ကြည့်မယ်ဆိုရင် အရာရာက တိုးတက်ပြောင်းလဲလာသလို၊ အမျိုးသားတစ်ဦးတည်းပဲ အလုပ်လုပ်နေရင် စားဝတ်နေရေး အဆင်ပြေနိုင်လား၊ ဒါတွေကအစ စဉ်းစားရတော့မယ်ဆိုတော့ အမျိုးသမီးတွေလည်း သူတို့အစွမ်းရှိသလောက် သူတို့ အလုပ်လုပ်လာကြတယ်။ အိမ်အလုပ်တွေက အမျိုးသမီးတွေရဲ့အလုပ်လို့ သတ်မှတ်လို့ မရဘူး အမျိုးသားတွေလည်း လုပ်လို့ရတာပဲလေ”  သူ့ရဲ့အမြင်ကို ပြောဆိုပါတယ်။

     “တချို့အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးထက်မြက်တယ်၊ ပိုပြီးတော့ ဖြတ်ထိုးဉာဏ်ကောင်းကြတယ်၊ ဒါတွေကို သတိမထားဘဲနဲ့ ရှေးရိုးဓလေ့ အမြင်တွေနဲ့ပဲ သွားနေမယ်ဆိုရင် ကိုယ့်ရဲ့အစွမ်းအစကို ထုတ်မပြရဘဲနဲ့ အိမ်မှာပဲ  အချိန်ကုန်သွားမယ်ဆိုရင် အမျိုးသမီးတွေအတွက်လည်း အဆင်ပြေမှာမဟုတ်ဘူး” လို့ မင်းအောင်ထူးက ဆက်ပြောပါတယ်။

     “ကိုယ့်ကိုယ်ကို အားကိုးပါ၊ ကိုယ့်ကိုယ်ကိုယုံကြည်ပါ၊ ကိုယ့်အရည်အချင်း ကိုယ်အားကိုးပါ၊ ကိုယ်ဘာလုပ်တတ်လဲ၊ ကိုယ်ဘာလုပ်နေလဲ၊ ကိုယ့်အရည်အချင်းက ဘာလဲ။ ဒါက ကိုယ့်အတွက်လမ်းစပဲ၊ ကိုယ့်အရည်အချင်းနဲ့ လုပ်တဲ့အလုပ်က ကိုယ့်အတွက် တန်ဖိုးမဖြတ်နိုင်ဘူး။ ကိုယ်ကဘယ်နယ်ပယ်မှာကျွမ်းကျင်သလဲ ကိုယ့်အရည်အချင်းနဲ့ စီးပွားရှာကြည့်ပါ။ ကိုယ့်အရည်အချင်းနဲ့ စီးပွားရှာပြီးရလာတဲ့ ဝင်ငွေတွေဟာ ကိုယ့်အတွက် အင်အားဖြစ်စေတယ်။ ကိုယ့်ရဲ့ဝင်ငွေနဲ့ကိုယ်ရပ်တည်နိုင်ရင် ကိုယ့်အတွက်ပျော်ရွှင်မှုအစစ်အမှန်ကို ရစေတယ်။ အဲဒါကြောင့် အမျိုးသမီးတွေ အိမ်မှာပဲမနေဘဲနဲ့ ရှေးလူကြီးတွေ ခတ်ထားတဲ့ ဘောင်ကျဉ်းကျဉ်းလေးကနေ ရုန်းထွက်လာကြပါလို့ ကလျာပြောချင်ပါတယ်။”

    #ဆောင်းပါး #အမျိုးသမီး

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks