spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းဝဥ ဈေးကောင်းမရ၍ အရောင်းအဝယ်ပါးမွန်သတင်းအေဂျင်စီ (၂၀၂၂  စက် ၁၅ )

    ဝဥ ဈေးကောင်းမရ၍ အရောင်းအဝယ်ပါးမွန်သတင်းအေဂျင်စီ (၂၀၂၂  စက် ၁၅ )

    -


    ဝဥရာသီချိန်ဖြစ်သော်လည်း ဈေးကောင်းမရ၍ မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အရောင်းအဝယ်ပါးနေကြောင်း ဝဥအဝယ်ဒိုင်များထံက သိရသည်။

    လက်ရှိတွင် ဝဥအစို တစ်ပိဿာကို ၆၀၀ ကျပ်မှ ၈၀၀ ကျပ်အထိသာ ရရှိနေပြီး တောင်သူများက တူးဖော်ရောင်းချရာတွင် တွက်ခြေမကိုက်၍ ဈေးကွက်အခြေအနေကို စောင့်ဆိုင်းနေကြောင်း ရေးမြို့နယ် ရင်းရယ်ကျေးရွာမှ ခြံရှင် ကိုမိုးလွန်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ဝဥအထွက်နည်းတဲ့ရွာဘက်ခြမ်းမှာ ၈၀၀ ကျပ် ဈေးပေးနေတယ်။ ကျွန်တော်တို့ရွာက ဝဥအထွက်များလို့ ထင်တယ်။ ၆၀၀ ကျပ်နဲ့ပဲ ဈေးဖွင့်ထားတယ်။ ဈေးလည်းနည်းတယ်။ ကုန်သည်တွေလည်း သိပ်မလာသေးဘူး။ ကုန်သည်တွေကလည်း ခိုးတူးလာတဲ့ဝဥတွေ ထိမှာလည်းစိုးနေတယ်လေ။ ခြံရှင်တွေက ၆၀၀ ဈေးနဲ့ဆို ဘယ်သူမှ တူးပြီး မရောင်းနိုင်ဘူး။ မနှစ်က ရာသီအစမှာတော့ တစ်ထောင်ကျော်လောက်ရှိတယ်။ အရင်အေးချမ်းနေတဲ့ကာလတုန်းက ၂၀၀၀ ကျော်တယ်။ ရာသီကုန်ခါနီးဆို ၃၀၀၀ တောင် ကျော်တယ်။ အချို့ကတော့ အခုအထိ ထုတ်မရောင်းကြသေးဘူး” ဟု ကိုမိုးလွန်က ပြောသည်။

    ဝဥကိုစီးပွားဖြစ် စိုက်ပျိုးရာတွင် ပြုစုစရိတ်နည်းပါး၍ ဝင်ငွေအခွင့်အလမ်းကောင်းသော်လည်း လက်ရှိတွင် တူးဖော်စရိတ်၊ သယ်ယူပို့ဆောင်ရေးစရိတ် များပြားလာခြင်းကြောင့် တောင်သူအများစု မရောင်းချသေးကြောင်း ၎င်းက ဆက်ပြောသည်။

    ဝဥ အစိမ်းများသန့်စင်ပြီး အမှုန့်ပြုလုပ်ကာ ဂရမ်အလိုက် အထုတ်များ ထုတ်ပိုး၍ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့သည့်ဈေးကွက်တွင် ယခုအခါ ဝယ်လိုအားမရှိသေးကြောင်း ဝဥအဝယ်ဒိုင် မိဘုတ်က ပြောတယ်။

    “ကျွန်မတို့ သူဌေးဆီမှာ မနှစ်က သူဝယ်ပြီး အခြောက်ခံထားတဲ့ ဝဥတွေတောင် ကျန်သေးတယ်။ သူ့ဆီမှာ ပိဿာသောင်းချီကျန်နေသေးတယ်။ လက်ရှိမှာ တရုတ်တွေ လာမဝယ်သေးဘူး။ ဟိုမှာပဲ စိုက်ပျိုးဖြစ်ထွန်းသွားတာလား။ ဈေးများလို့ လာမဝယ်တာလားတော့ သေချာမသိဘူး” ဟု ၎င်းက ပြောသည်။

    နိုင်ငံခြားငွေလဲနှုန်း အဆမတန်မြင့်မားနေချိန်တွင် နိုင်ငံခြားပို့ကုန်တစ်မျိုးဖြစ်တဲ့ ဝဥက ဈေးနည်းနေခြင်းသည် ကုန်သွယ်မှုအခက်ခဲကြောင့်သာ အရောင်းအဝယ်ပါးနေကြောင်း သုံးသပ်မှုများလည်း ရှိသည်။

    တစ်နိုင်ငံလုံးတွင် ဝဥစက်ရုံ ၁၈ ရုံရှိပြီး မွန်ပြည်နယ်အတွင်း ရေးမြိုနယ် ၃ ရုံ နှင့် မော်လမြိုင် ၁ ရုံ ရှိကြောင်း သိရသည်။

    ဝဥမှ စားသောက်ကုန်များအနေဖြင့် အသင့်စား အသားတု စားကုန်များ၊ ဂျယ်လီအမျိုးမျိုး၊ ခေါက်ဆွဲအမျိုးမျိုး၊  ဂျုံမှုန့်အစားထိုး ဝဥအမှုန့်အဖြစ်အသုံးပြုခြင်း။ စက်မှုကုန်ကြမ်းအနေဖြင့် ဆေးဆိုးပန်းရိုက် လုပ်ငန်း၊ စာရေးကိရိယာများတွင် အသုံးပြုသည့် ကော်ပြုလုပ်ခြင်း။ အလှကုန်ပစ္စည်းများတွင် မျက်နှာပေါင်းတင်ဆေး ကော်ရည်အဖြစ် ပြုလုပ်သုံးစွဲခြင်းအပြင် ဆေးဝါးထုတ်လုပ်ရာတွင်လည်း အသုံးဝင်သောကုန်ကြမ်းတစ်မျိုးဖြစ်ကြောင်း  သိရသည်။  

    Topics; #မွန်ပြည်နယ် #ဝဥ #ဈေးကောင်း #အရောင်း #တောင်သူ


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks