spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းမိုးဗြဲတိုက်ပွဲရှောင်များ လတ်တလောတွင် အရေးပေါ်အကူအညီလိုအပ်နေ

    မိုးဗြဲတိုက်ပွဲရှောင်များ လတ်တလောတွင် အရေးပေါ်အကူအညီလိုအပ်နေ

    -

    ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄

    ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှ တိုက်ပွဲရှောင်များ လတ်တလောတွင် စားနပ်ရိက္ခာ အရေးပေါ် အကူအညီလိုအပ်နေကြောင်း တိုက်ပွဲရှောင်များထံက သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့က စတင်ကာ မိုးဗြဲမြို့တွင် စစ်တပ်နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

    “အိုးအိမ်တွေတော့ တော်တော်လေးပျက်စီးသွားတယ်၊ နောက်တချို့ကကြတော့လည်း စစ်ရှောင်ဖို့အတွက် ဆိုပြီးတော့ တချို့ဆို လယ်ကနေ ရုတ်တရက်ပြေးရတာတွေ အဲဒီလိုမျိုးတွေ ရှိတယ်လေနော်၊ လယ်လုပ်နေရင်းနဲ့ ယာလုပ်နေရင်းနဲ့ ရုတ်တရက်ထပြေးရတာတွေ တိုက်ပွဲဖြစ်နေတာကလည်း ၄ ရက်ဆက်တိုက် ထပ်ဖြစ်သွားတော့ အိုးအိမ်ပြန်ဝင်လို့ အဆင်မပြေတာတွေဖြစ်တော့ သူတို့ရဲ့ စားဝတ်နေရေး ရိက္ခာပိုင်းကတော့ တော်တော်တော့ ခက်ခဲကြတယ်လေ၊ ဘာလို့လည်းဆို နီးစပ်ရာရွာတွေမှာပဲ အရင်ဆုံး စစ်ရှောင်ရတဲ့ အခြေအနေတွေ ဖြစ်သွားတယ်” ဟု ထွက်ပြေးနေရသည့် စစ်ရှောင်တစ်ဦးက ပြောသည်။

    အဆိုပါ မိုးဗြဲတိုက်ပွဲတွင် စစ်တပ်မှ လေယာဉ်ပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် မိုးဗြဲမြို့ပေါ် လူနေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့ကြောင်း၊ တိုက်ပွဲရှောင်များအနေဖြင့် လွိုင်ကော်မြို့နှင့် အခြားနီးစပ်ရာများသို့ တိမ်းရှောင်နေရကြောင်း၊ စားနပ်ရိက္ခာနှင့် နေရာ အခက်အခဲရှိနေကြောင်း ကရင်နီပြည်နယ် လူ့အခွင့်အရေးအဖွဲ့မှ ကိုဗညားက ပြောသည်။

    “လောလောဆယ်ကျနော်တို့ Update ပေါ့နော်၊ နောက်ဆုံးရတာကတော့ ထိခိုက်ဒဏ်ရာရတာက ၆ ယောက်ဖြစ်သွားတယ်၊ အရပ်သားပေါ့နော် ၆ ယောက်၊ နောက်ပြီးတော့မှ ၇ နှစ်အရွယ်သားလေး တစ်ယောက်ကတော့ ဆုံးသွားတာပေါ့။ လူဦးရေတော့ ၅၀၀၀ ဝန်းကျင်တော့ ပြေးလိမ့်မယ်လို့ သူတို့က ခန့်မှန်းတယ်၊ ဒါပေမဲ့ နည်းနည်းပြောရခက်တာက မိုးဗြဲမှာ အခုချိန်ထိလည်း နည်းနည်းလေး စစ်ရေးတင်းမာမှုတွေ ရှိသေးတာပေါ့၊ တချိ့ပစ္စည်းတွေ ရွေ့ခိုင်းတာ ကျနော်တို့ အသံတွေ ကြားတယ်၊ စစ်ရေးဘယ်လိုလာမလဲ မသိသေးဘူးပေါ့နော်၊ အဲဒီတစ်ခုရှိတော့ အကယ်၍ ဒီအတိုင်း ဆက်ဖြစ်မယ်ဆိုရင်တော့ လူဦးရေသောင်းဂဏန်းဖြစ်သွားနိုင်တာပေါ့၊ အခုတောင်မှ ကျနော်တို့ မြို့ပေါ်ရပ်ကွက် နီးပါးဖြစ်တာပေါ့နော်၊ မြို့အပြင်လေးနားမှာပေါ့နော်၊ ရပ်ကွက်ပေါ့၊ အဲဒီလိုမျိုးဖြစ်တော့ လောလောဆယ်တော့ ကျနော်တို့ အဲဒီလောက်အထိပဲ Confirm လို့ ရပါသေးတယ်ခင်ဗျ” ဟု ၄င်းကပြောသည်။

    မိုးဗြဲတွင် တိုက်ပွဲပြင်းထန်ခဲ့ခြင်းကြောင့် ဒေသခံများအနေဖြင့် မိမိတို့၏ လယ်၊ ယာ စသည့် လုပ်ငန်းခွင်များမှ ရုတ်တရက် ထွက်ပြေးခဲ့ကြကြောင်း၊ တိုက်ပွဲမှာ ရက်ဆက်ဖြစ်နေသည့်အတွက် မိမိတို့ နေအိမ်ကို ပြန်ဝင်၍ မရဘဲ စားဝတ်နေရေးပိုင်း အခက်အခဲရှိနေကြောင်း လွိုင်ကော်မြို့သို့ တိုက်ပွဲရှောင်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

    “ကျမတို့ ကရင်နီပြည်မှာ ရှိတဲ့ စစ်ရှောင်တွေကို နည်းနည်းဖြစ်ဖြစ်၊ များများ ဖြစ်ဖြစ် ဆိုင်ရာဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ပြီးတော့ စစ်ရှောင်တွေအတွက် Support ပေးတာတွေပေါ့နော်၊ ထောက်ပံ့ရေးသွားတာတွေ စားနပ်ရိက္ခာလုပ်တာတွေ အဲဒါတွေကို လုပ်ပေးစေချင်တယ်လေ၊ ဘာလို့လည်းဆို ကျမတို့က အကုန်လုံးကို လက်လှမ်းမီနိုင်တဲ့ အနေအထားတွေ တချို့အဖွဲ့အစည်းတွေက ရှိမနေဘူး။ တချို့က လုပ်တော့ လုပ်နေပေမယ့်လည်း ကျန်တဲ့သူတွေလည်း ကျန်တဲ့ အနေအထားတွေ ရှိတယ်လေ၊ ကျမတို့က အချင်းချင်း အကုန်လုံးကို ပြန်ပြီးတော့ ကာဗာမိအောင်သွားဖို့ဆိုတာ နည်းနည်းခက်ခဲတဲ့ အနေအထားတွေ ရှိလို့ပေါ့နော်၊ တစ်ခုလေးတော့ အလှူရှင်တွေ ရှိတယ်ဆိုရင်လည်း စစ်ရှောင်တွေကို နည်းနည်း ရိက္ခာနဲ့ ပတ်သက်တာတွေ များများဝင်ပေးဖို့အတွက် တောင်းဆိုချင်တယ်” ဟု ၄င်းက ဆိုသည်။

    စစ်အာဏာသိမ်းချိန်ကစတင်ခဲ့သည့် တိုက်ပွဲများကြောင့် ကရင်နီပြည်နယ်တွင် တိုက်ပွဲရှောင် လူဦးရေ ၂ သိန်းနီးပါးရှိနေပြီး အရပ်သားသေဆုံးမှု ၃၀၀ ကျော်ရှိနေကြောင်း ကရင်နီပြည်နယ်လူအခွင့်အရေးအဖွဲ့မှ သိရသည်။

    Topic; #တိုက်ပွဲ #စစ်ဘေးရှောင် #မိုးဗြဲ #ကရင်နီပြည်နယ် #KNDF

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks