spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းUPDJC အခင်းအကျင်းက လောလောဆယ် အသက်မဝင်ဟု PPST ပြော

    UPDJC အခင်းအကျင်းက လောလောဆယ် အသက်မဝင်ဟု PPST ပြော

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၈)

    ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာ လက်ရှိ နိုင်ငံရေးအခင်းအကျင်း အရ လောလောဆယ် အသက်မဝင်တော့ကြောင်း အပစ်ရပ် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

    UPDJC အခင်းအကျင်းမှာ ပျက်သွားသည်ဟု ပြောဆို၍ မရသော်လည်း တွေ့ဆုံဆွေးနွေးမှု၊ အစည်းအဝေးများ မလုပ်နိုင်တော့ကြောင်း ၎င်းက ပြောသည်။

    “UPDJC အခင်းအကျင်းအနေနဲ့ကလည်း ဒါကလည်း ဘယ်အစုအဖွဲ့တွေကိုပဲ ကြည့်ကြည့်ပေါ့လေ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့ထဲမှာ ကြည့်မယ်ဆိုရင်လည်း ဟိုအရင်က ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကလည်း စုံစုံညီညီမရှိတော့သလို ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ထဲမှာ ပါဝင်တဲ့ UPDJC ခေါင်းဆောင်တွေလည်း လက်ရှိ နိုင်ငံရေးအခင်းအကျင်းအရ ပြန်လည် မတွေ့ဆုံနိုင်တာတွေကလည်း အများကြီးရှိနေတဲ့အချိန်မှာကြတော့ လောလောဆယ်ကတော့ UPDJC က NCA လမ်းကြောင်းအရကတော့ဒါ အရင်တုန်းက ဖွဲ့စည်းဆောင်ရွက်မှုတွေ ရှိခဲ့ပေမယ့်် လောလောဆယ်ကတော့ အသက်မဝင်ဘူးပေါ့ဗျာ။ အစည်းအဝေးတွေလည်း ကျနော်တို့ မလုပ်နိုင်ခဲ့ဘူး၊ တွေ့ဆုံမှု၊ ညှိနှိုင်းမှုတွေလည်း ကျနော်တို့ မလုပ်နိုင်ခဲ့ဘူး” ဟု ပြောသည်။

    UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အမျိုးသား စည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်ရေးကော်မတီ(NSPNC)တို့ မတ်လ ၆ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက်က UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ပြန်လည်ရွေးချယ်ခဲ့သည်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAO) များ အားလုံးပါဝင် ညှိနှိုင်းမှသာ အဖြေရမည်ဖြစ်ကြောင်း UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောသည်။

    “အမြင်ချင်းကတော့ ကျနော်တို့မှာ တစ်ထပ်ထဲ မတူနိုင်ဘူးလေ၊ NSPNC ဖက် UPDJC အစုအဖွဲ့ကလည်း မတူနိုင်ဘူး။ ဒါပေမဲ့ EAO တွေ အားလုံးပါဝင်ပြီး ညှိနှိုင်းမှ ရမယ်လေ၊ EAO ဖက်ကလည်း ရှိသေးတာကိုး သူတို့အမြင်လည်း နောက်ပိုင်းက သူတို့ပါမှ အဖြေတစ်ခုက ရမှာ” ဟု ပြောသည်။

    UPDJC ဆိုသည့် အသုံးအနှုန်းကို နစက ကိုယ်တိုင်လည်း မသုံးသလို လက်ရှိ အခြေအနေမှာ UPDJC ယန္တရား ပေါ်မလာကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

    ဦးကိုကိုကြီးက “အခုဟာက UPDJC အသုံးအနှုန်းကို နစက ကိုယ်၌ကိုက မသုံးဘူး။ ဘာကြောင့်လဲဆိုတော့ UPDJC ဆိုတာက အစိုးရ၊ တပ်၊ လွှတ်‌တော်က တစ်စု၊ NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်များက တစ်စု၊ နိုင်ငံရေးပါတီများက တစ်စုဆိုပြီးတော့ ၃ စုပေါင်းမှ UPDJC လို့ ကျနော်တို့က သတ်မှတ်လို့ ရတာဖြစ်တဲ့ အတွက်ကြောင့် အခုအခြေအနေမှာ UPDJC ဆိုတဲ့ ယန္တရားကိုယ်၌က ပေါ်မလာဘူး။ ပျက်သလိုဖြစ်နေတယ်၊ အဲဒါကြောင့်မို့လို့ ကျနော်တို့ ဒါ UPDJC ဆိုတာကို နစက-ကလည်း မသုံးဘူးဆိုတာ ကျ‌နော်က သတိထားမိတယ်” ဟု ပြောသည်။

    UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ စိုင်းအိုက်ပေါင်းက တာဝန်ယူထားပြီး အတွင်းရေးမှူးအဖြစ် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်ချိုချိုကျော်ငြိမ်းက တာဝန်ယူထားကြောင်း၊ တခြားသော ကိုယ်စားလှယ်များကတော့ အဖွဲ့ဝင်များအဖြစ် တာဝန်ယူထားကြောင်း သိရ သည်။

    UPDJC ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် ကိုယ်စားလှယ် ၁၆ ဦး၊ NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းရ မည်ဖြစ်ကြောင်း သိရသည်။

    Topic; #PPST #UPDJC #NCA

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks