spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းအဘိဓာန်ကျမ်းပြု ဆရာနိုင်ထွန်းဝေ ကွယ်လွန်

    အဘိဓာန်ကျမ်းပြု ဆရာနိုင်ထွန်းဝေ ကွယ်လွန်

    -

    မွန်သတင်းအေဂျင်စီ (စက်တင်ဘာလ ၄ ရက် ၂၀၂၂)

    မွန်-အင်္ဂလိပ်ဘာသာနှင့် မွန်ကျောက်စာအဘိဓာန်များကို ကျမ်းပြုရေးသားခဲ့သော ဆရာနိုင်ထွန်းဝေ အသက် (၉၀) နှစ်သည် ယနေ့ နံနက်ပိုင်းတွင် လူကြီးရောဂါဖြင့် ဘီးလူးကျွန်း မုဒွန်းနေအိမ်၌ ကွယ်လွန်ကြောင်း သိရသည်။


    “သူနေမကောင်းဖြစ်ပြီး အစာမဝင်တာ သုံးရက်လောက်ရှိပြီ၊ နို့မှုန့်ပဲ နည်းနည်းပါးပါး ဖျော်တိုက်လို့ရနေတာ၊ ညတုန်းကပေါ့၊ မနက် ၂ နာရီကျော်လောက်မှာ ဆုံးသွားတယ်။ ဒီနေ့ မွန်းလွဲ တစ်နာရီမှာတော့ အသုဘချ (ရှု) မယ်။ လာမည့် တော်လလင်းလဆုတ် ၂ ရက်နေ့ အလုပ်အကိုင် ၃ ရက်နေ့ အလှူလုပ်မယ်” ဟု မြေးတော်စပ်သူ မိလွမ်းပိုက ပြောသည်။

    နိုင်ထွန်းဝေသည် မွန်-မြန်မာ အဘိဓာန် ပထမတွဲ၊ မွန်-အင်္ဂလိပ်အဘိဓာန်(စ-ဆုံး)၊ မွန်ကျောက်စာအဘိဓာန်၊ မွန်- မွန်အဘိဓာန်၊ အခြေခံမွန်စာပေသင်ကြားနည်း နှင့် မွန်တိုင်းရင်းဆေးဖော်နည်းအမျိုးမျိုး စသည့် ကျမ်းများကို ပြုစုရေးသားထုတ်ဝေခဲ့သည်။


    “သူက မွန်လူမျိုးထဲမှာ အဘိဓာန်စတင်ရေးသားတဲ့သူတွေထဲမှာ ပါတယ်။ သူ့ရဲ့ မွန်အဘိဓာန်တွေကို မွန်ပညာရှင်တွေ၊ မွန်သံဃာတော်တွေကို သူလှူခဲ့တယ်။ ဒါလည်း ဂုဏ်ယူစရာပဲ။ နောက်တစ်ခုက ဒီလို အဘိဓာန်တွေ ရေးနိုင်ဖို့ သူ့ရဲ့ ဇွဲလုံ့လ ဝီရိယကို ဂုဏ်ပြုထိုက်ပါတယ်။ သူက အဘိဓာန်များကြီး ကျမ်းပြုနိုင်ဖို့ ရန်ပုံငွေရှာပြီးတော့ လုပ်တယ်။ စီးပွားရေးမလုပ်ဘဲ ပေးကမ်းနိုင်တာက ကျေးဇူးကြီးပါတယ်” ဟု မွန်စာရေးဆရာအသင်း ဥက္ကဋ္ဌ နိုင်အောင်ဇနက မှတ်ချက်ပြုသည်။

    နိုင်ထွန်းဝေကို ၁၉၃၂ ခု မေလ ၁၉ ရက်တွင် နိုင်ချစ်ခင် မိနှင်းမြတို့မှ ချောင်းဆုံမြို့နယ် မုဒွန်းရွာတွင် ဖွားမြင်ခဲ့ကြောင်း၊ ၁၉၅၅-၅၆ ခုနှစ်တွင် အထက်တန်းပညာအောင်မြင်ခဲ့ပြီး အလယ်တန်းကျောင်းဆရာအဖြစ် အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ ၁၀ နှစ်ကြာခန့်လုပ်ကိုင်ပြီး ကျောင်းဆရာအလုပ်မှထွက်ကာ ကျောက်သင်ပုန်းလုပ်ငန်လုပ်ကိုင်ရင်းတက္ကသိုလ်ဆက်တက်၍ B.A History ဘွဲ့ကိုရရှိခဲ့ကြောင်း သိရသည်။ 

    ၁၉၉၀ ရွေးကောက်ပွဲတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ချောင်းဆုံမြို့နယ်လွှတ်တော်အမတ်အဖြစ် ဝင်ရောက်ရွေးချယ်ခဲ့ကြောင်း၊ ၁၉၉၂ ခုနှစ်တွင် ခေါင်းဆောင်တချို့ကိုဖမ်းဆီးပြီး MNDF ပါတီကိုလည်း နဝတစစ်အစိုးရဖျက်သိမ်းလိုက်သဖြင့် မွန်ပြည်သစ်ပါတီသို့ တိမ်းရှောင်ရောက်ရှိခဲ့ကြောင်း၊  မွန်အမျိုးသားပညာရေးဌာနတွင် ၁၉၉၅ အထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း မွန်ဝီကီအင်တာနက်က ဖော်ပြသည်။ 

    ထိုနောက် ၁၉၉၇ ခုနှစ်၌ သြစတေးလျနိုင်ငံသို့ UNHCR အကူအညီဖြင့် ခိုလှုံခွင့်ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် နေရပ်ဇာတိ ဘီလူးကျွန်းသို့ပြန်လာကာ မိသားစုနှင့်အတူ ပြန်လည်နေထိုင်ခဲ့ကြောင်း၊ ဇနီး မိသန်းနှစ်ဖြစ်ပြီး သားသမီး (၇) ဦး ထွန်းကားခဲ့ကြောင်း သိရသည်။

    Topic #မွန်အဘိဓာန် #နိုင်ထွန်းဝေ #နာဲထောန်ဝဵု

    #ချောင်းဆုံမြို့နယ်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks