spot_img
Sunday, March 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း မွန်ပြည်နယ်ပေါ်ထွန်းလာသည်ဟု နိုင်ဟံသာ၏သဝဏ်လွှာက ဖော်ပြ

    မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း မွန်ပြည်နယ်ပေါ်ထွန်းလာသည်ဟု နိုင်ဟံသာ၏သဝဏ်လွှာက ဖော်ပြ

    -

    မွန်သတင်းအေဂျင်စီ (၂၉ သြဂုတ် ၂၀၂၂)

    မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်းတွင် မွန်ပြည်နယ်ပေါ်ထွန်းလာခြင်းဖြစ်ကြောင်း သြဂုတ် (၂၉) ရက်နေ့တွင် ကျရောက်သော ၅၁ နှစ်မြောက် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့သို့ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဟံသာ ပေးပို့သည့်သဝဏ်လွှာက ဖော်ပြသည်။

    ယနေ့ကျရောက်သော (၅၁) နှစ်မြောက် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ အထိမ်းအမှတ်အခန်းအနားများအား မွန်ပြည်သစ်ဗဟိုဌာနချုပ်၊ မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်၊ သထုံခရိုင်အသီးသီးတွင်ကျင်းပခဲ့ရာ နိုင်ဟံသာ၏သဝဏ်လွှာကို ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

    “မိမိတို့ရဲ့အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ အင်အားနည်းပါးနေမယ်ဆိုရင် တပါးသူစီရင်ပေးတဲ့အတိုင်းကို ခံသွားရပါလိမ့်မယ်၊ ဒါကြောင့် မိမိတို့အမျိုးသားကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့ အင်အားခိုင်မာစေဖို့အတွက် အာရုံစိုက်ပြီး အထူးကြိုးပမ်းဆောင်ရွက်ကြစေလို”ဟု နိုင်ဟံသာက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

    မွန်ပြည်သစ်ပါတီဦးဆောင်မှုဖြင့် ၁၉၇၁ ခုနှစ် သြဂုတ် ၂၉ ရက်တွင် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် Mon National Liberation Army-MNLA ကိုဖွဲ့စည်းခဲ့ပြီးနောက် မဆလအစိုးရက ၁၉၇၄ ခုနှစ် မတ်လ ၁၉ ရက်နေ့ကို ဖွဲ့စည်းအုပ်ချုပ်ပုံ(၁၉၇၄) အရ မွန်ပြည်နယ်သတ်မှတ်ပေးအပ်ခဲ့သည်ကို တွေ့ရှိရသည်။  

    မွန်တို့လက်နက်ကိုင်တိုက်ပွဲမဝင်ခင်ကတည်းကပင် အမျိုးသားရေးအခွင့်အရေးနှင့် ပြည်နယ်ရရှိရေးအတွက် မွန်ခေါင်းဆောင်များတောင်းဆိုခဲ့ကြသည်ကို အသိအမှတ်ပြုပေးခြင်းမရှိဘဲ လက်နက်ကိုင်တပ်ဖွဲ့ ပေါ်ပေါက်လာမှသာ အခွင့်အရေးအနည်းငယ်ရရှိလာကြောင်း နိုင်ဟံသာက ဆိုသည်။

    “ယိုးဒယားထွက်ပြေးသွားရတဲ့စစ်ရှုံးမွန်တွေလည်း သိပ်မကျန်တော့ပါဘူး၊ လက်ရှိကျန်နေသေးတဲ့ မွန်ဒေသမှာလည်း အထက်အရပ်က ဗမာတွေလာရောက်အခြေချလာတာ တော်တော်မျာများရှိနေတယ်၊ မွန်စာပေ မွန်စကား မွန်ယဥ်ကျေးမှု သမိုင်းဆိုင်ရာတွေဆိုရင်လည်း နည်းမျိုးစုံဝါးမြိုခံနေရတာဖြစ်ပြီး မွန်တွေသာဆက်ပြီးတိုက်ပွဲမဝင်ကြရင် မကြာခင်မှာ မွန်တို့ပျောက်ဆုံးကုန်ပါလိမ့်မယ်” ဟု နိုင်ဟံသာ၏ သဝဏ်လွှာက ဖော်ပြသည်။ 

    မွန်အမျိုးသားတို့သည် တချို့က ရန်သူထံကျွန်ခံ၍လည်းကောင်း၊ တချို့မှာ နိုင်ငံခြားတိုင်းပြည်အသီသီးသို့ ထွက်ခွာကြ၍လည်းကောင်း၊ လူငယ်များသည်လည်း မူးယစ်ဆေးဝါးဖြင့် ပျော်ပါးနေကြပြီး အမျိုးသားရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူ အလွန်နည်းပါးကြောင်း၊ အမျိုးသားရေးကိုလည်းကြိုးပမ်းဆောင်ရွက်ခြင်းမပြုသလို စစ်တိုက်ရမှာကိုလည်း ကြောက်ရွံ့နေကြမည်ဆိုလျင် မွန်အမျိုးသားတို့ဘဝ နစ်မြုပ်ကွယ်ပျောက်သွားမှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပါကြောင်း ၄င်းကဆိုသည်။

    မွန်လူမျိုးတို့သည် တိုင်းနိုင်ငံနေပြည်တော်တွင် ကိုယ့်ထီးကိုယ့်နန်းဖြင့်နေထိုင်လာခဲ့ကြသည့်ဘဝမှ ယခုအခါအများအပြား ကွယ်ပျောက်သွားခဲ့ပြီဖြစ်ကြောင်း၊ ပုသိမ်နှင့် ဟံသာဝတီတိုင်းမှ မွန်လူမျိုးများကွယ်ပျောက်ကုန်ပြီး မုတ္တမဒေသမှာသာ ထက်ဝက်မျှသာကျန်ရှိနေတော့ကြောင်း ၄င်း၏သဝဏ်လွှာတွင် ရေးသားထားသည်။

    ၁၉၅၈ ခုနှစ် မွန်ပြည်သစ်ပါတီစတင်တည်ထောင်ခဲ့စဥ်က ခိုင်မာသည့်တပ်ဖွဲ့အဖြစ် တည်ဆောက်နိုင်ခြင်းမရှိခဲ့သော်လည်း ၁၉၇၀ ခုနှစ်က မွန်ပြည်သစ်ပါတီ NMSP, ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ဝန်ကြီးချုပ်ဟောင်းဦးနု၊ ဗိုလ်လက်ျာတို့ခေါင်းဆောင်သည် ပါလီမန်ဒီမိုကရေစီပါတီ PDP (၃) ပါတီပါဝင်သည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ညီညွတ်ရေးနှင့် လွတ်မြောက်ရေးတပ်ပေါင်းစု (တညလ) ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့နိုင်ငံကြီးတချို့ထောက်ခံမှုဖြင့် ခေတ်မီလက်နက်များတပ်ဆင်လာနိုင်သည့်အတွက် ကျေးရွာအသီးသီးက မွန်လူငယ်များ၊ မွန်တက္ကသိုလ်ကျောင်းသားများ၊ မွန်ပြည်သူ့တပ်ဦးက ရဲဘော်ဟောင်းများရောက်ရှိလာကြပြီး မွန်စစ်သားအင်အား ထောင်ဂဏန်းအရေအတွက်ချီရှိလာသည့် ၁၉၇၁ ခုနှစ်တွင် တပ်ရင်း၊ တပ်ခွဲ၊ တပ်စု၊ တပ်စိတ် နည်းစနစ်ကျစွာဖြင့်  မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သဝဏ်လွှာက ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks