မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၁၁)
မွန်ပြည်နယ်၊ ပေါင်မြို့နယ် အုန်းတပင်ကျေးရွာအုပ်စု ကော့ကံကျေးရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမြို့နယ် အလုပ်အမှုဆောင်၏ နေအိမ်ကို လာရောက် ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သတ်သည်ဟု ဆိုကာ ပြီးခဲ့သည့် သြဂုတ် ၉ ရက်နေ့က NLD ပါတီ မြို့နယ်အလုပ်အမှုဆောင် ဦးစောဆန်းဝင်း၏ နေအိမ်ကို လာရောက်ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဦးစောဆန်းဝင်းရဲ့ နေအိမ်ထဲကနေ လက်နက် ခဲယမ်းတွေကို တွေ့ခဲ့တယ်လို့ပြောတယ်”ဟု ၎င်းက ပြောသည်။
ဩဂုတ် ၇ ရက်က ဦးစောဆန်းဝင်း၏ နေအိမ်တွင် မီးလန့်မှုဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာမှ ဝင်ရောက်စစ်ဆေးရာ နေအိမ်ဧည့်ခန်းထောင့်တွင် ချိတ်ဆွဲထားသည့် ပလိုင်းအတွင်း လက်ပစ်ဗုံး (၁) လုံး၊ ၉ – မမ ကျည်အတောင့်(၅၀) နှင့် စနိုက်ပါမှန်ပြောင်းတစ်လက် တွေ့ရှိခဲ့သည်ဟု ဆိုကာ ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။
ဦးစောဆန်းဝင်း၏ မိသားစုဝင်နှင့် နီးစပ်သူ တစ်ဦးက “ဦးစောဆန်းဝင်းကတော့ နေအိမ်ကနေ ရှောင်နေတာ လနဲ့ချီကြာနေပြီ။ အိမ်မှာတော့ မရှိကြဘူး”ဟု ပြောသည်။
လက်ရှိတွင် နစကကောင်စီက ဦးစောဆန်းဝင်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က) ဖြင့် အမှုဖွင့်ထားသောကြောင့် တိမ်းရှောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ မွန်ပြည်နယ် NLD ပါတီဥက်ကဌ ကျိုက်ထိုမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာခင်ဆောင်၏နေအိမ်နှင့် ဆေးကုခန်း၊ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဦးဇော်ဇော်ထူး၏နေအိမ်၊ ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဟောင်း ဒေါ်သီရိရတနာ၏ နေအိမ် ၂ လုံး ၊ ရေးမြို့နယ် NLD ဥက်ကဋ္ဌ ဦးကျော်မိုးအေး၏ နေအိမ်အသီးသီးတို့အား ၄င်းတို့က အကြမ်းဖက်အဖွဲ့ အစည်းနှင့် ဆက်စပ်သည်ဟုဆိုကာ နစကအာဏာပိုင်များက ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။
Topics; #ပေါင်မြို့နယ် #NLD #ချိပ်ပိတ် #လုံခြုံရေးအဖွဲ့ #အကြမ်းဖက်
