spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်း၂၀၂၃ ရွေးကောက်ပွဲ တိုင်းရင်းသားအခွင့်အရေးအာမခံချက်ရှိသည့် လွှတ်တော်ပေါ်ပေါက်လာမည်မဟုတ်ကြောင်း နိုင်ငံရေးသမားတချို့ သုံးသပ်

    ၂၀၂၃ ရွေးကောက်ပွဲ တိုင်းရင်းသားအခွင့်အရေးအာမခံချက်ရှိသည့် လွှတ်တော်ပေါ်ပေါက်လာမည်မဟုတ်ကြောင်း နိုင်ငံရေးသမားတချို့ သုံးသပ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၇)

    ၂၀၂၃ ခုနှစ်တွင် နစကကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် တိုင်းရင်းသားအခွင့်အရေး အာမခံချက်ရှိသည့် လွှတ်တော် ဖြစ်ပေါ်လာမည်မဟုတ်ကြောင်း နိုင်ငံရေးသမားတချို့ သုံးသပ်ကြသည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ကျင်းပမည့် ရွေးကောက်ပွဲသည် တိုင်းရင်းသား အခွင့်အရေးရနိုင်မည် မဟုတ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

    “ကျနော်ကြည့်တာကတော့ power sharing  သဘောမျိုးပေါ့။ အာဏာခွဲဝေတဲ့ ပုံစံနဲ့ဆိုရင်တော့ ခွဲဝေတဲ့ အဆင့်မှာပဲ ရှိမှာပဲ။ ကျနော်တို့ တိုင်းရင်းသား အခွင့်အရေးအတွက် အာမခံချက်ရှိတဲ့ လွှတ်တော်တော့ ဖြစ်မလာဘူးဗျ။ ဒီအတိုင်းဆိုရင်တော့ အဲဒီလိုတော့ မြင်ပါတယ်” ဟု ပြောသည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်တစ်ခု၏ နေရာ ၂၅ ရာခိုင်နှုန်းကို တပ်မတော်သားကိုယ်စားလှယ်များ ရွေးကောက်ခံစရာမလိုဘဲ အလိုအလျောက် ရရှိထားသည်။

    လက်ရှိ အခြေအနေအရ အတိုက်အခံပါတီမရှိသည့် အနေအထားတွင် ပြည်သူလူထုအနေဖြင့် စိတ်ဝင်စားစရာ ရွေးကောက်ပွဲဖြစ်လာနိုင်စရာ အကြောင်းမရှိကြောင်း၊ စစ်တပ်၏ နိုင်ငံရေးထွက်ပေါက်တစ်ခုသာ ဖြစ်ကြောင်း ရခိုင်ပြည်သူ့လွှတ်‌တော် အမတ်ဟောင်း ဦးဖေသန်းက ပြောသည်။

    “လာမယ့် လွှတ်တော်အခင်းအကျင်းက နိုင်ငံရေးအားဖြင့်လည်းပဲ ပြည်သူတွေက ထောက်ခံတဲ့ အခင်းအကျင်း မဟုတ်ဘူး။ နိုင်ငံရေးအားဖြင့် အသိအမှတ်ပြုမှု အားနည်းတယ်ပေါ့။ Free and Fair မဖြစ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဓိက အတိုက်အခံပါတီတွေ မရှိတော့ဘူး။ ဆိုတော့ ဒီပွဲက ရလဒ်က ပြည်သူတွေအတွက် စိတ်ဝင်စားစရာလည်း အကြောင်းမရှိဘူး။ ဒီပွဲရလဒ်ကို အကြောင်းပြုပြီးတော့ တိုင်းရင်းသားပါတီတွေက ရလဒ်ကောင်းတွေ ရလာမယ်ဆိုတာလည်း မျော်လင့်လို့ မရဘူး။ ဒါကြောင့် ကျနော်တို့ကတော့ ဒီပွဲက စစ်ကောင်စီရဲ့ ထွက်ပေါက်သက်သက်ပဲဖြစ်တယ်၊ ပိုပြီးတော့ ထူးခြားလာစရာ အကြောင်းမရှိဘူး‌။ တရားဝင်မှု Legitimacy လည်း မရှိဘူးလို့ ကျနော်တို့က‌တော့ မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါက လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူး။ တစ်ဖက်သတ်လုပ်တဲ့ ရွေးကောက်ပွဲ ပြီးတော့ PR စနစ်နဲ့ ရွေးကောက်ပွဲက Free and Fair မဖြစ်ဘူး။ ဒါကြောင့် ဒီပွဲရဲ့ ရလဒ်ကတော့ အဖြေကောင်းထွက်လာစရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်” ဟု ပြောသည်။

    ဒီမိုကရေစီစံနှုန်းနှင့်ကိုက်ညီခြင်းမရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံအရ အစိုးရဖြစ်လာခဲ့သည့် ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်ကတည်းကပင် လွှတ်တော်အခင်းအကျင်း မပီပြင်ခဲ့ကြောင်း၊ ထို့ကြောင် နစကကောင်စီ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် လွှတ်တော်သည်လည်း တိုင်းရင်းသား အခွင့်အရေး ရလာစရာမရှိကြောင်း ၎င်းက ပြောသည်။

    လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း အလိုအလျောက်ပါဝင်နေခြင်းသည် ဒီမိုကရေစီ ပုံစံအောက်က လွှတ်တော်ဟု ပြောဆို၍မရနိုင်ကြောင်း၊ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် တိုင်းရင်းသားအခွင့်အရေး ရလာနိုင်စရာမရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

    ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အခု ဗမာပြည်မှာ ပေါ်ပေါက်လာတဲ့ လွှတ်တော်ပေါ့။ ဦးနုလက်ထက်က လွှတ်တော်၊ ဦးနေဝင်း လက်ထက်က ပြည်သူ့လွှတ်တော်၊ နောက်ပိုင်းမှာ ဦးသိန်းစိန် လက်ထက်မှာ ပေါ်လာတဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်နယ် လွှတ်တော်တွေပေါ့။ အဲဒါတွေ အားလုံးက ရှင်းရှင်းပြောရရင်တော့ ဒီမိုကရေစီ ပုံစံအောက်က လွှတ်တော်လို့ မပြောနိုင်ဘူး ခင်ဗျ။ ဒါကြောင့် လွှတ်တော်ထဲမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါနေ ကတည်းကိုက ဒီမိုကရေစီနဲ့ ဆန့်ကျင်နေတာပဲ။ ၇၅ ရာခိုင်နှုန်းမှာလည်း ရွေးကောက်ခံတဲ့သူတွေ တက်တော့ ၇၅ မှာလည်းဘဲ အနိုင်ရတဲ့ ပါတီကြီးက တစ်ခါ လွှမ်းမိုးနေပြန်ရော၊ ဒါဆိုတော့ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသား လွှတ်တော်အမတ်တွေက ပြောရေးဆိုခွင့်ဆိုတာ ကျုံ့သွားတာပေါ့ဗျာ။ တော်တော်လေး ကျုံ့သွားတာပေါ့။ ဒါကြောင့် ဘယ်လိုမှ အခွင့်အရေး တောင်းဆိုလို့ အောင်မြင်နိုင်ဖို့ အကြောင်း မရှိပါဘူး။ လက်ရှိ ၂၀၀၈ အောက်က လုပ်သွားတဲ့ ဖွဲ့စည်းပုံအတိုင်းဆိုရင်တော့ အခွင့်အရေးဘာမှရဖို့ အကြောင်းမရှိပါဘူးခင်ဗျ” ဟု ပြောသည်။

    လာမည့် ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားပြီး မဲများသူအနိုင်ယူ(FPTP) အစား အချိုးကျကိုယ်စားပြုစနစ်(PR)ကို ပြောင်းလဲကျင့် သုံးသွားမည်ဟု ကြေညာထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks