spot_img
Sunday, March 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးရွေးကောက်ပွဲရှိပါက တရားဝင်မှတ်ပုံတင်ထားသည့်ပါတီအနေဖြင့် ဝင်ပြိုင်ရမည့်အနေအထားရှိဟုဆို

    ရွေးကောက်ပွဲရှိပါက တရားဝင်မှတ်ပုံတင်ထားသည့်ပါတီအနေဖြင့် ဝင်ပြိုင်ရမည့်အနေအထားရှိဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၂၉ ဇူလိုင် ၂၀၂၂)

    တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီဖြစ်သည့်အတွက် ရွေးကောက်ပွဲမဝင်ပါက ဖျက်သိမ်းခံရမည်ဖြစ်သလို ရွေးကောက်ပွဲရှိပါက ဝင်ပြိုင်ရမည့် အနေအထားတွင် ရှိနေကြောင်း နိုင်ငံရေးပါတီတချို့က ဆိုသည်။

    လာမည့် ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု နစကကောင်စီ ဥက္ကဋ္ဌက ပြောဆိုထားသည်။

    မွန်ညီညွတ်ရေးပါတီ (MUP) ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက “အဓိက ကျနော်တို့မှာ အရင်က ပြောသွားသလိုပေါ့။ ကျနော်တို့က ဒီပြည်တွင်းမှာ ရှိတဲ့ တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတယ်ဆိုတော့ ကျနော်တို့ ရွေးကောက်ပွဲ မဝင်လို့ရှိရင် ကျနော်တို့ ပါတီဖျက်သိမ်းခံရမယ်လေ။ အဲဒါကို ကျနော်တို့ပါတီ ရပ်တည်ဖို့အတွက်ကတော့ ရွေးကောက်ပွဲရှိရင်တော့ ဘယ်သူပဲ ကျင်းပကျင်းပပေါ့နော်၊ ရွေးကောက်ပွဲရှိရင်တော့ ကျနော်တို့က ဝင်ရမယ့် အနေအထားတော့ ရှိတယ်ပေါ့” ဟု ပြောသည်။

    NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ ယမန်နေ့ (ဇူလိုင် ၂၈ ရက်) အရေးပေါ်နိုင်ငံတော် အခြေပြမိန့်ခွန်းတရပ်တွင် နစက၏နိုင်ငံရေးထွက်ပေါက်အဖြစ် ကြိုးစားနေသည့် ၂၀၂၃ ရွေးကောက်ပွဲကို အားဖြည့်ပါဝင်ခြင်း လုံးဝမပြုလုပ်ဖို့ နိုင်ငံရေးပါတီများကို တိုက်တွန်းခဲ့သည်။

    ဒူဝါလရှီးလက “စစ်အုပ်စု၏ နိုင်ငံရေးထွက်ပေါက်အဖြစ် အရှက်မဲ့ ကြိုးပမ်းနေတဲ့ ၂၀၂၃ ရွေးကောက်ပွဲကို အားဖြည့်ပါဝင်ခြင်း လုံးဝမပြုလုပ်ကြဖို့ အထူးမေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်”ဟု ဆိုသည်။

    သို့ရာတွင် ရွေးကောက်ပွဲသည် ငြိမ်းချမ်းစွာ အဖြေရှာသည့် နည်းလမ်းတစ်ခုဖြစ်ပြီး မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အနေဖြင့် လာမည့်ရွေးကောက်ပွဲကို ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း PNO အတွင်းရေးမှူး -(၂) ခွန်ထွန်းရွှေက ပြောပါတယ်။

    “ကျနော်တို့ ပအိုဝ်း PNO ကတော့ ငြိမ်းချမ်းစွာ အဖြေရှာတဲ့ နည်းနဲ့ပဲ ကျနော်တို့ သွားမှာပေါ့။ သွားတယ်ဆိုတော့ ရွေးကောက်ပွဲငြိမ်းချမ်းစွာ အဖြေရှာနည်းတစ်ခုပဲပေါ့။ ဘာလို့လည်းဆိုတော့ ရွေးကောက်ပွဲ လုပ်မှပဲ ကျနော်တို့ ပြည်သူတွေ အရင်ကလို ဖြည်းဖြည်းချင်းပါဝင်လာနိုင်တာပေ့ါ။ ကျနော်တို့ကတော့ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် အမြန်ဆုံးရသွားရင်တော့ ရွေးကောက်ပွဲ အမြန်ဆုံးလုပ်ပေး၊ ရွေးကောက်ပွဲကနေ လူထုအစိုးရတစ်ရပ်ဖြစ်ပေါ်အောင်ပြန်လုပ်ပေး၊ အဲဒါမှ တပ်က ခွာလို့ရမှာလေ။ ဟုတ်ပါတယ်ဗျ။ တကယ်လို့ ရွေးကောက်ပွဲလုပ်ရင်တော့ နိုင်ငံတော်ရဲ့ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲကိုတော့ ကျနော်တို့ ယှဉ်ပြိုင်သွားမှာပါခင်ဗျ”ဟု ဆိုသည်။

    ထို့အတူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေအရ ရွေးကောက်ပွဲကို အနည်းဆုံး ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပါက ပါတီရပ်တည်ပိုင်ခွင့် ပယ်ဖျက်ခံရမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

    “ဒါကတော့ ကျနော်တို့က ဥပဒေအမြင်နဲ့ပဲ ပြောလိုပါတယ်ခင်ဗျ။ ကျနော်တို့မှာ အစိုးရရဲ့ အဆက်ဆက်ပြဌာန်းထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေဆိုတာ ရှိပါတယ်။ အဲဒီနိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေမှာ နိုင်ငံရေးပါတီတစ်ရပ်ဟာ ဥပဒေအရ မှတ်ပုံတင်ပြီးတော့ နိုင်ငံရေးပါတီ ထူထောင်တယ်ဆိုလို့ရှိရင် အထွေထွေရွေးကောက်ပွဲမှာ ဘယ်လိုပဲ ဖြစ်ဖြစ်နေရာ ၃ နေရာကတော့ ပါဝင်ယှဉ်ပြိုင်ရပါလိမ့်မယ်၊ အဲဒီလို မယှဉ်ပြိုင်ဘူး။ နေရာ ၃ နေရာလည်း ရွေးကောက်ပွဲမှာ မပါဝင်ဘူးဆိုလို့ရှိရင် အဲဒီနိုင်ငံရေးပါတီကို နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေအရ နိုင်ငံရေးပါတီများ ရပ်တည်ပိုင်ခွင့်မှ ပယ်ဖျက်ခြင်း ခံရပါလိမ့်မယ်ခင်ဗျ၊ အဲဒီဥပဒေတစ်ခုတော့ ရှိပါတယ်”ဟု ၄င်းက ဆိုသည်။

     
    လက်ရှိ မြန်မာနိုင်ငံတွင် တရားဝင် နိုင်ငံရေးပါတီ (၉၂) ခုရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

    Photo-ကရင်အမျိုးသားဒီမိုကရေစီပါတီ KNDP နှင့် မွန်ညီညွတ်ရေးပါတီ MUP တို့ ၂၀၁၀ ရွေးကောက်ပွဲတွင် အတူတကွမဲဆွယ်စည်းရုံးခဲ့ကြစဥ်။

    Topic; #၂၀၂၃ ရွေးကောက်ပွဲ #မွန်ညီညွတ်ရေးပါတီ(MUP) #နိုင်သန်းရွှေ #NUG ယာယီသမ္မတ ဒူဝါလရှီးလ #ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) #ခွန်ထွန်းရွှေ #ရခိုင်အမျိုးသားပါတီ(ANP) #ဦးထွန်းအောင်ကျော်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks