spot_img
Tuesday, May 7, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးနစကကောင်စီပြောဆိုနေတဲ့ ငြိမ်းချမ်းရေးနှစ် အလုပ်ဖြစ်ရဲ့လား

    နစကကောင်စီပြောဆိုနေတဲ့ ငြိမ်းချမ်းရေးနှစ် အလုပ်ဖြစ်ရဲ့လား

    -

    စိုင်းဦး -ဆောင်းပါး (၁၇ ဇူလိုင် ၂၀၂၂)

    နစက-ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခု ၂၀၂၂ ခုနှစ်မှာ ငြိမ်းချမ်းရေးနှစ် ဖြစ်သလို တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးကို ဆောက်ရွက်သွားမှာဆိုပြီး ဧပြီလ အစောပိုင်းက ပြောဆိုခဲ့ပါတယ်။

    ငြိမ်းချမ်းရေးကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ကြောင်းနှင့် မိမိကိုယ်တိုင် တွေ့ဆုံဆွေးနွေးသွာမယ်ဆိုတာကိုလည်း ဗိုလ်ချုပ်မှူးကြီးက ဧပြီ ၂၂ ရက်မှာ ထပ်မံပြောကြားပြန်ပါတယ်။

    တချိန်ထဲမှာပဲ NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် EAO (၁၀) ဖွဲ့  တက်ရောက်မယ်ဆိုတာကို နစကဘက်က သတင်းထုတ်ပြန်ခဲ့ပြီးနောက် ဇွန်လ ၂၀ ရက်က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ကိုယ်တိုင် နေပြည်တော်ကိုလာရောက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ အရင်ပထမဦးဆုံး စတင်ဆွေးနွေးခဲ့ပါတယ်။

    ထို့နောက် မွန်ပြည်သစ်ပါတီ (NMSP)၊ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်/ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)နဲ့ ခေါင်းဆောင်အသစ်ပြန်လည်ရွေးချယ်ထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ တက်ရောက်ဆွေးနွေးကြပါတယ်။

    ဆွေးနွေးချက်တွေနဲ့ သဘောတူညီမှုတွေကိုတော့ နစကဘက်ကနေ အချက်အလက်တချို့တွေကို ထုတ်ပြန်ပေးခဲ့သလို သက်ဆိုင် EAO တွေကလည်း သူတို့ထုတ်ပြန်လိုတဲ့အချက်အလက်တွေကို သတင်းမီဒီယာတချို့ကနေ မသိမသာဖော်ပြခဲ့တာတွေ့ရပါတယ်။

    ဒီဆွေးနွေးပွဲတက်ရောက်မယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ရဲ့ ခေါင်းဆောင်ပိုင်းတွေမှာ သဘောထားကွဲလွဲနေကြတာတွေကို လူမှုကွန်ယက်စာမျက်နှာတွေမှာတွေ့နေရပြီး ယခု ဇူလိုင်လအစောပိုင်းမှသာ အထွေထွေအတွင်းရေးမှူးက နေပြည်တော်ကို လာရောက်ဆွေးနွေးခဲ့တာပါ။

    သို့သော်လည်း ဆွေးနွေးပွဲကို ဦးဆောင်တက်ရောက်ခဲ့တဲ့ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန်ကို ထုတ်ပယ်လိုက်တယ်ဆိုပြီး ဇူလိုင် ၈ ရက်နေ့မှာ LDU ထုတ်ပြန်ခဲ့တယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ယက်စာမျက်နှာပေါ် ပျံ့နှံ့နေသော်လည်း သီးခြား အတည်မပြုနိုင်သေးပေ။

    ထို့အတူ ရှမ်းပြည်နယ် မှိုင်းရှုးမြို့နယ်မှ နယ်မြေအငြင်းပွားပြီး စစ်တပ်နဲ့စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA) တက်ရောက်ဆွေးနွေးဖို့ အစောပိုင်းမှာ စာရင်းပေးထားပေမယ့် ဇူလိုင်လ ပထမပတ်အထိ တက်ရောက်ခဲ့တာ မရှိသေးပါဘူး။

    ထို့နောက် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့မှာ ဇူလိုင် ၁၄ ရက်နေ့က SSPP နဲ့ နစကကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ တွေ့ဆုံဆွေးနွေးခဲ့တာတွေ့ရပါတယ်။


    သို့သော်လည်း အဲဒီတွေ့ဆုံဆွေးနွေးမှုဟာ မှိုင်းရှုးမြို့နယ်က SSPP တပ်စခန်းတွေကို ဆုတ်ခွာခိုင်းထားတယ်လို့ သတင်းထွက်ပေါ်လာနေတာပါ။

    ဒီနေရာမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားကြတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ  ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) တို့အနေနဲ့  ဗိုလ်ချုပ်မှူးကြီး ဖိတ်ခေါ်ကမ်းလှမ်းတဲ့ ဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ အစောပိုင်းကတည်းက သတင်းတွေကို ပြောကြားခဲ့ပါတယ်။

    နစက-ကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ကြားမှုမှာ ကန့်သတ်ဖိတ်ကြားတဲ့ ပုံစံဖြစ်နေပြီး သက်ဆိုင်သူ အားလုံးပါဝင်ခြင်းမရှိတဲ့အတွက် တက်ရောက်မည် မဟုတ်ဘူးလို့ KNU၊ KNPP၊ CNF တို့က မေလ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

    နစက-ကောင်စီ ဖိတ်ကြားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ နစကရဲ့ နိုင်ငံရေးထွက်ပေါက် ဖြစ်သလို နိုင်ငံတကာမှာ နိုင်ငံရေးအသာစီးရအောင်လုပ်နေတာလို့ CNF ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ဆိုပါတယ်။

    “သူ့ရဲ့ ဖိတ်ခေါ်တဲ့ ပုံစံကလည်း တစ်ဖွဲ့ချင်း တက်တာတွေ၊ ဖိတ်တာတွေဆိုတာက အမှန်ဆို ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ သူအားလုံး ပါဝင်ပြီး ဖိတ်ခေါ်ရမှာ ဖြစ်တယ်၊ အဲဒါကြောင့် သူဖိတ်ကြားတဲ့ ပုံစံကို ကျနော်တို့က အယုံအကြည် မရှိဘူး၊ သူတို့ရဲ့ နိုင်ငံရေး ထွက်ပေါက်၊ နိုင်ငံတကာမှာ တိုင်းရင်းသား လက်နက်ကိုင်တွေကို ကျနော် ဖိတ်နေပါတယ်ဆိုပြီးတော့ နိုင်ငံတကာမှာ နိုင်ငံရေး အသာစီးရအောင် လုပ်နေတဲ့ လုပ်ရပ်ဖြစ်တယ်”လို့ ဆိုပါတယ်။

    သို့ပေမယ့် အဆိုပါဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် နစကကောင်စီ သတ်မှတ်တာမို့ ဖိတ်ကြားခဲ့တာမရှိပါဘူး။

    အလားတူ ကျန်ရှိနေသေးတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ (KNPP)၊ ညီနောင်မဟာမိတ်ဖြစ်ကြတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)နှင့် ရက္ခိုင့်တပ်တော် (AA)တို့ကလည်း တက်ရောက်ဖို့လေသံပစ်တာ မရှိပါ။

    နောက်ပိုင်းမှာ နစက-ကောင်စီက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAOs) တွေကို ငြိမ်းချမ်းရေးလာရောက်ဆွေးနွေးဖို့ ဇွန်လ ၁၄ ရက်က ဒုတိယအကြိမ် ထပ်မံဖိတ်ခေါ် ကမ်းလှမ်းခဲ့ပေမယ့် ထူးခြားမှုမရှိခဲ့ပါ။

    စစ်တပ်က တိုင်းပြည်အာဏာသိမ်းလိုက်တာကြောင့် NCA စာချုပ်လည်း ပျက်စီးသွားပြီဖြစ်သလို စစ်တပ်အနေနဲ့ နိုင်ငံရေးက ထွက်ခွာမှသာ ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်မယ်လို့ KNU  နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ပြောကြားခဲ့တာရှိပေမယ့် KNU တစ်ဖွဲ့လုံးရဲ့ သဘောထားအစစ်အမှန်ဟုတ်မဟုတ်ကိုတော့ အတည်ပြုနိုင်ဖို့ မလွယ်ကူသေးတဲ့အနေအထားမှာ ရှိနေပါတယ်။

    လက်ရှိမှာ KNU တပ်ဖွဲ့တွေဟာ PDF တွေနဲ့အတူ ပူးပေါင်းပြီးတော့ တိုက်ပွဲတွေဆင်နွှဲနေတဲ့အတွက် လက်ရှိ အချိန်အထိ မြန်မာစစ်တပ်နဲ့ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေ စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်ပွားနေပြီး သောင်းနဲ့ချီတဲ့ ကရင်စစ်ပြေးဒုက္ခသည်တွေကလည်း ထိုင်းနယ်စပ် မြန်မာဖက်အခြမ်းမှာ တိုက်ပွဲတွေကို ရှောင်ပြေးနေရတုန်းပါပဲ။

    ခြုံပြီးကြည့်လိုက်ရင် လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စစ်တပ်နဲ့စစ်ရေးပဋိပက္ခမရှိတဲ့ အင်အားစုတွေသာ တက်ရောက်ခဲ့ပြီး၊ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အဖွဲ့အစည်းတွေလည်း တက်ရောက်တာမရှိတဲ့အတွက် အောင်မြင်တဲ့ ငြိမ်းချမ်းရေးနှစ်ပါလို့ ပြောဆိုဖို့မဖြစ်နိုင်ပါဘူး။

    နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်” နစကရဲ့ ငြိမ်းချမ်းရေးဆိုတာက ရုပ်ပြငြိမ်းချမ်းရေးပါ။ သူနဲ့ စစ်ရေးပဋိပက္ခမရှိတဲ့ အင်အားစုတွေနဲ့ ခေါ်ဆွေးနွေးနေရုံနဲ့တော့ ဗမာပြည်ငြိမ်းချမ်းရေးဟာ ဘာမှရှေ့တိုးတက်လာစရာ အကြောင်းမရှိပါဘူး။ ဒါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို နစက-က နေပြီးတော့ အဆက်မပြတ်ကမ်းလှမ်းနေတယ်၊ ဆွေးနွေးနေတယ်ဆိုတာကို ကမ္ဘာကို လိမ်လည်ပြသနေတဲ့ နိုင်ငံရေး လှည့်ကွက်တစ်ကွက်ပဲဖြစ်တယ်၊ ဘာတန်ဖိုးမှ မရှိဘူး။ ဗမာပြည် ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက်လည်း ဘာအထောက်အကူမှ မပြုဘူးလို့ ကျနော်တို့က ယူပါတယ်ခင်ဗျ”လို့ ဝေဖန်ပါတယ်။

    ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်လာတဲ့ EAOs တွေကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့  ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြောကြားခဲ့ပါတယ်။

    လက်ရှိ ကရင်ပြည်နယ်မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်နဲ့  စစ်တပ်အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ငြိမ်းချမ်းရေးကိစ္စဆောင်ရွက်လို့မရဘူးလို့လည်း DKBA က နစက-ကောင်စီနဲ့တွေ့ဆုံစဉ်မှာ ရှင်းလင်းပြောကြားခဲ့တာ သိရပါတယ်။

    DKBA အရာရှိ ဗိုလ်မှူးကြီး စောစိန်ဝင်းက “ဖက်ဒရယ် တည်ဆောက်ရေး အကန့်ကတော့ ကျနော်တို့ နဂိုအစဉ်တစိုက် အဆိုပြုခဲ့တယ်၊ အဓိကကတော့ ကျနော်တို့ ကရင်အနေနဲ့ ကြတော့ KNU ပါလာရေးက အဓိကကျပါတယ်၊ အဲဒီ အဆိုကိုတော့ အဆိုပြုခဲ့တယ်။ KNU မပါရင် ကျနော်တို့ အဖွဲ့နဲ့လည်း ကိုယ့်ပြည်နယ်ရဲ့ ဖက်ဒရယ်ကိစ္စကို ဆောင်ရွက်လို့ အဆင်မပြေနိုင်ဘူးဆိုတာ ပြောပြ ခဲ့တယ်” ဟု ပြောသည်။

    ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ KNU ပါဝင်လာရေး ကြိုးစားသွားမယ်လို့ နစက-ကောင်စီက ဇွန်လ ၁၉ ရက် မှာ DKBA ကို ပြန်လည်ပြောကြားခဲ့တာ ရှိပါတယ်။

    တကယ့်လက်တွေ့ဖြစ်တွေအရ ငြိမ်ချမ်းရေး လုပ်ငန်းစဉ်မှာ KNU ပါလာရေး ကြိုးမပမ်းနေတယ်ဆိုသော်လည်း တစ်ဖက်မှာ KNLA , PDF ပူးပေါင်းတပ်တို့က စခန်းသိမ်းတိုက်ပွဲများ၊ စစ်ရေးအရှိန်မြင့်ပြီး တိုက်ခိုက်လာလာကို တွေ့ရပြန်ပါတယ်။

    အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်ကြတဲ့ EAOs တွေဟာ ငြိမ်းချမ်းရေးကို လိုလားပုံမပေါ်တာမို့ သူတို့ရဲ့ ရှေ့ရေးမှာ သိပ်အဆင်မပြေဘူးလို့ စစ်အစိုးရနဲ့ နီးစပ်တဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။

    “တကယ်တမ်းငြိမ်းချမ်းရေး လုပ်ချင်တဲ့ သူတွေအတွက်ကတော့ ဒီငြိမ်းချမ်းရေးနှစ်သည် သူတို့အတွက် အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ လိုချင်တဲ့ ရလဒ်တွေ ဆွေးနွေးမှုကောင်းကောင်းတွေ အများကြီး ထွက်သွားနိုင်တယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ မယုံကြည်ဘူးတို့၊ မလာနိုင်ဘူးတို့၊ မဆွေးနွေး နိုင်ဘူးဆိုတဲ့ သူတွေအတွက်ကတော့ ရှေ့ရေးဘက်မှာ သိပ်တော့ အဆင်ပြေမယ်မထင်ဘူး” ဆိုပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာရယူပြီးတဲ့နောက်မှာ ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့အတူ ဆင့်ကဲပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ခုခံမှုတွေကို စစ်တပ်အနေနဲ့ အလွယ်တကူထိန်းသိမ်းနိုင်မယ်လို့ မျှော်လင့်ထားပုံဟာ လက်တွေ့မှာ ဖြစ်မလာတာကို တွေ့နေရပါပြီ။

    ဒါ့အပြင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအပြီး AA နဲ့ စစ်တပ်တို့ နှစ်ဖက်နားလည်မှုနဲ့ အပစ်ရပ်ထားတဲ့နောက်ပိုင်း AA အနေနဲ့ ရခိုင်ပြည်နယ်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတွေကို လုပ်ဆောင်လာပါတယ်။

    စစ်တပ်နဲ့ စင်ပြိုင်ဖြစ်လာနေတဲ့ AA ကို မကြိုက်ပေမယ့်လည်း ပြည်မက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စစ်တပ်အနေနဲ့ အောင်းအီးသည်းခံနေပုံရတယ်လို့ ဝေဖန်ပြောနေတာ တွေ့ရပါတယ်။

    ဒါ့အပြင် ရခိုင်လူထု ထောက်ခံမှု အပြည့်အဝရရှိထားတဲ့ AA တပ်ဖွဲ့ကလည်း လတ်တလောမှာ စစ်တပ်နဲ့ စစ်ရေးတင်းမာနေတဲ့အခြေအနေအောက်မှာ ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်တို့မှ ပြည်သူ ၄၅ ဦးကို စစ်တပ်က ဖမ်းဆီးထားသလို AA ကလည်း စစ်တပ်၏ ဗိုလ်ကြီးအဆင့် ရှိသူအပါအဝင် တပ်ကြပ်၊ တပ်သားနှင့် ရဲသားများကို အပြန်အလှန် ဖမ်းဆီးထားကြပါတယ်။

    နစက-ကောင်စီအနေနဲ့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲမှာ ဘယ်လိုအခင်းအကျင်းမျိုး ဖန်တီးနိုင်မယ်ဆိုတာကို စောင့်ကြည့်သွားဖို့လိုသလို ရခိုင်ပြည်က စစ်တပ်နဲ့ AA တို့ အုပ်ချုပ်ရေးယန္တယားအားပြိုင်နေမှုကို ညှိနှိုင်းအဖြေရှာသင့်တယ်လို့လည်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆိုပါတယ်။

     “လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းဆိုတာ အင်အားရယ်၊ ပဋိပက္ခရယ်၊ ပဋိပက္ခကိုလည်း ဖြစ်စေတယ်၊ ပဋိက္ခကိုလည်း ရပ်စေတဲ့ အင်အားစုကြီးတွေဗျာ၊ ခုနားပြောတဲ့ အင်အားစုကြီးကြီးတွေ ပူးပေါင်းပါဝင်မှုနဲ့ အဖြေတစ်ခုရနိုင်မယ့် ဆွေးနွေးမှုရလဒ် လိုအပ်သေးတယ်။ အခုအခြေအနေ ကြည့်ရတာတော့ဖြင့် လာကြတယ်၊ ထိပ်သီးခေါင်းဆောင်ရယ်လို့ RCSS တပ်ဖွဲ့ အဓိက တွေ့တာပေါ့ဗျာ၊ ကျန်တဲ့အဖွဲ့တွေက KNU မလာဘူးပေါ့ဗျာ၊ KIA မလာဘူးပေါ့ဗျာ၊ “ဝ” ဆိုလည်း ဒုတိယဥက္ကဋ္ဌ လောက်တက်တာကိုး”လို့ ဆိုပါတယ်။

    နစက-ကောင်စီအနေဖြင့်လည်း အဆိုပါ အင်အားတောင့်တင်းပြီး လတ်တလော စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသော အဖွဲ့အစည်းများ ပါဝင်လာဖို့ ဘယ်လိုအခင်းအကျင်းမျိုး၊ မည်သို့သော ပုံစံမျိုးနဲ့ ချည်းကပ်မှာလဲ။

    ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်လိုပါက အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်လိုတဲ့ သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးမှု ဖြစ်သင့်တယ်လို့ KNU က ပြောထားပါတယ်။

    ထို့အတွက်ကြောင့် လက်ရှိ ၂၀၂၂ ခုနှစ်အတောအတွင်း နစက-ကောင်စီဥက္ကဌ သတ်မှတ်ပြောဆိုထားတဲ့ ငြိမ်းချမ်းရေးနှစ်မှာ KNU၊ KIA၊ AA၊ TNLA၊ MNDAA၊ KNPP၊ CNFနှင့် ABSDF တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ခြင်း/ရှိမရှိဆိုတာကို စောင့်ကြည့်ဖို့ လိုပါတယ်။

     အောင်မြင်တဲ့ ငြိမ်းချမ်းရေးနှစ် ဖြစ်/မဖြစ်၊ အလုပ်ဖြစ်တဲ့ ငြိမ်းချမ်းရေးနှစ် ဟုတ်/မဟုတ် ဆိုတဲ့နေရာမှာ နစက-ကောင်စီရဲ့ ချည်းကပ်မှု၊ ဆွဲဆောင်စည်းရုံးနိုင်မှုအပေါ် များစွာ မူတည်ပေလိမ့်မယ်လို့ မြင်တွေ့မိပါကြောင်း။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,200SubscribersSubscribe
    spot_img

    Latest posts