မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၃)
မွန်ပြည်နယ် မော်လမြိုင်မြို့၊ မြို့ရှောင်လမ်း စိန်ဖွင့်လက်ဖက်ရည်ဆိုင်အရှေ့တွင် ဇူလိုင် ၂ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က ဆိုင်ကယ်နှစ်စီးနှင့် ကားတိုက်မှုဖြစ်ပွားကာ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ သေဆုံးသွားသူမှာ ဆိုင်ကယ်လက်ကိုင်မထိန်းနိုင်ဘဲ အခြားကားအောက်ကို ရောက်ရှိသွားကြောင်း ရာမည လူမူကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အခု သေသွားတဲ့လူက အရှေ့က ဆိုင်ကယ်မောင်းနေတဲ့ တက္ကစီသမားကို ဝင်တိုက်တယ်။ အဲဒီလူက ဆိုင်ကယ်လက်ကိုင် မထိန်းချုပ်နိုင်ဘဲ အခြားကားအောက်ကို ဝင်သွားတယ်” ဟု ပြောသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသည့်အမျိုးသားက ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိပြီး ခြေထောက်ကျိုး၊ လက်ကျိုးသွားကြောင်း သိရသည်။
သေဆုံးသွားသည့် အမျိုးသားမှာ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ ဇာတိဖြစ်ပြီး မော်လမြိုင်မြို့တွင် လာရောက် အလုပ်လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များက မော်လမြိုင်ဆေးရုံးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။