Saturday, April 5, 2025
spot_img
Homeငြိမ်းချမ်းရေးသံဖြူဇရပ်မြို့နယ် TPDF အဖွဲ့ဝင်ကိုလက်ခံခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းတွေ့ရှိသည်ဟုဆိုကာ ကျောင်းဆရာမဟောင်းတစ်ဦး၏နေအိမ်နှင့် ပိုင်ဆိုင်မှုများကို အာဏာပိုင်တို့ချိပ်ပိတ်

သံဖြူဇရပ်မြို့နယ် TPDF အဖွဲ့ဝင်ကိုလက်ခံခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းတွေ့ရှိသည်ဟုဆိုကာ ကျောင်းဆရာမဟောင်းတစ်ဦး၏နေအိမ်နှင့် ပိုင်ဆိုင်မှုများကို အာဏာပိုင်တို့ချိပ်ပိတ်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၁)

သံဖြူဇရပ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF အဖွဲ့ဝင်ကိုလက်ခံခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းတွေ့ရှိသည်ဟုဆိုကာ ပငကျေးရွာမှ ကျောင်းဆရာမဟောင်း ဒေါ်နှင်းညွန့်၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများကို ဇွန် ၂၈ ရက်နေ့က မြို့နယ်အာဏာပိုင်တို့ ချိပ်ပိတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။


ပငဆားလုပ်ငန်းရှင်လည်းဖြစ်သည့် ဆရာမဒေါ်နှင်းညွန့်နှင့်အတူ သားဖြစ်သူ ကိုပိုင်စိုး၊ ခြံတွင်ဝက်မွေးမြူရေးလုပ်ကိုင်နေသူ အောင်ကိုဦးနှင့် ၄င်း၏အဖော်လူငယ်တစ်ဦး(ပငရွာသား) တို့ကို ဇွန် ၁၄ ရက်နေ့က စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့ လာရောက်ဖမ်းဆီးခဲ့ပြီးနောက် ဆရာမဒေါ်နှင်းညွန့်၏ သံဖြူဇရပ်မြို့ကားဝင်းရှိ နေအိမ်၊ အောင်ကုသိုလ်ရပ်ကွက်ရှိ ဥယာဥ်ခြံနှင့် ပငကျေးရွာ ဆိပ်ကမ်းသာရှိ ဆားဖိုဂိုထောင်ကို အာဏာပိုင်တို့လာရောက်ချိပ်ပိတ်ခဲ့သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ကူညီပေးနေသူ ဆရာမ၏တပည့်တစ်ဦးက ပြောသည်။

၄င်းက “ဆရာမခြံမှာ PDF ၂ ယောက်နေခဲ့တယ်၊ ခဏပဲနေမယ်ထင်လို့ သူခွင့်ပြုခဲ့တယ်၊ သူတို့နေထိုင်နေစဥ်မှာ ဒရုန်းနဲ့ သံဖြူဇရပ်စရဖရုံးကို ဖောက်ခွဲဖို့ကြိုးစားတယ်၊ မအောင်မြင်ခဲ့လို့ ခြေရာခံမိတာလို့ ဆိုတယ်၊ လာတဲ့ဘက်က Location ကိုလိုက်တဲ့အခါမှာ အဲဒီခြံဘက်ကို စုံစမ်းသိရှိလိုက်ရလို့ သွားရောက်စစ်ဆေးလိုက်တဲ့အခါမှာ ဒရုန်းရဲ့ပါကင်နဲ့ လက်ဗစ်ဗုံး ၃ လုံးတွေ့ခဲ့တယ်ဆိုပဲ”


သို့ရာတွင် အထက်ပါဖြစ်စဥ်သည် ရဲစခန်းတာဝန်ရှိသူတစ်ဦးပြောကြားချက်ကို ပြန်လည်ရှင်းပြခဲ့ခြင်းဖြစ်ကြောင်း၊ ဆရာမဒေါ်နှင်းညွန့်နှင့် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် ယနေ့အထိ မိမိတွေ့ဆုံခွင့်မရသေးကြောင်း၊ ဆရာမ၏ ပြောကြားချက်ကို မိမိတို့မကြားသိရသေးကြောင်း ၄င်းကဆက်ပြောသည်။

“အဲဒီခြံမှာ ဝက်တွေလည်းမွေးထားတဲ့အတွက် ပငကိုထူးရဲ့သား အောင်ကိုဦးနဲ့ အဖော်ဖြစ်တဲ့ ပငရွာကလူငယ်တစ်ယောက်တို့ ဝက်စာကျွေးတဲ့အလုပ်သမား လုပ်ပါတယ်၊ ခြံထဲမှာ သူတို့ နာနတ်ဝိုင်အရက်သောက်နေတုန်းမှာပဲ အောင်ကိုဦးနဲ့ သူငယ်ချင်းကို အာဏာပိုင်တွေလာခေါ်သွားတယ်၊ ပြီးတော့ အောင်ကိုဦးကို ခေါ်သွားပြီး ဆရာမနေအိမ်ကို သွားဝိုင်းပါတယ်၊ ဆရာမဖုန်းထဲမှာ PDF တွေရဲ့ ဖုန်းနံပါတွေနဲ့ ဆက်သွယ်စကားပြောခဲ့တဲ့ မှတ်တမ်းတွေ့ရှိပါတယ်၊ ပြီးတော့ ပငရွာကိုခေါ်သွားပါတယ်၊ အောင်ကိုဦးကို PDF ထင်ပြီး သူအိမ်တစ်ခုလုံးကို စစ်တပ်နဲ့ရဲတွေ မွှေနှောက်ရှာဖွေပါတယ်၊ ပြီးတော့ သူတို့(ရဲနဲ့စစ်သား)ဖမ်းခေါ်သွားတော့တာပဲ၊  ကျနော်တို့လိုက်တွေ့ခွင့်တောင်းတယ် ပေးမတွေ့ပါဘူး PDF နဲ့ပတ်သက်နေတဲ့ကိစ္စဖြစ်တဲ့အတွက် တွေ့ခွင့်မပေးဘူးလို့ ဆိုပါတယ်၊ ဒါဆိုရင်ကျနော်တို့ ဘာလုပ်ပေးလို့ရမှာလဲမေးတော့ စားစရာနဲ့ ဆေးဝါးတွေပဲ ပေးလို့ရမယ်လို့ပြောပါတယ်၊ စားစရာနဲ့ဆေးဝါးတော့ပို့လိုက်တယ်၊ အဂႅလိပ် ၂၁ ရက်နေ့မှာ ဆရာမတို့ကို ကျိုက်မရောအချုပ်ထောင်ကို ပို့လိုက်ပြီ အခုထိ ကျနော်တို့ တွေ့ခွင့်မရသေးပါဘူး”ဟု ဆရာမ၏တပည့်က ပြောသည်။

ဆရာမဒေါ်နှင်းညွန့်အပါအဝင် ၄ ဦးတို့ကို ဇွန် ၂၁ ရက်နေ့က ကျိုက်မရောအချုပ်ထောင်သို့ ပို့ဆောင်ထိန်းသိမ်းလိုက်ပြီး ၄င်းပိုင်ဆိုင်သော သံဖြူဇရပ်မြို့ကားဝင်းရှိ နေအိမ်၊ အောင်ကုသိုလ်ရပ်ကွက်ရှိ ဥယာဥ်ခြံနှင့် ပငကျေးရွာ ဆိပ်ကမ်းသာရှိ ဆားဖိုဂိုထောင်များကို ဇွန် ၂၈ ရက်နေ့က မြို့နယ်အာဏာပိုင်များ လာရောက်ချိပ်ပိတ်လိုက်ကြောင်း နီးစပ်သူများက ပြောသည်။

လက်ရှိတွင် နစကကောင်စီက CRPH, NUG, PDF အဖွဲ့အစည်းတို့ကို သတ်မှတ်ထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူခံရပါက အရေးယူခြင်း ခံရသူပိုင် ငွေကြေးနှင့်ပစ္စည်းများကို ထိန်းချုပ်သိမ်းဆည်းခြင်း ခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်မှုဆိုသည်မှာ မိမိကိုယ်တိုင်  အကြမ်းဖက် တိုက်ခိုက်မှုတွင် မပါဝင်သော်လည်းအကြမ်းဖက်အုပ်စု တစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ ပါဝင်စေရန် တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန်ပြုလုပ်မှုများ၊(ခ)အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စု တစ်ခုခု၏  အဖွဲ့ဝင်ကို ဖမ်းဆီးအရေးယူနိုင်ခြင်း မပြုနိုင်စေရန်၊ လွတ်မြောက်စေရန်ထိမ်ချန်ခြင်း၊ သိလျက်နှင့် ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီတည်းခို နေထိုင်ခွင့်ပေးခြင်း၊ ဝှက်ထားခြင်းတို့ဖြစ်ကြောင်း နစကကောင်စီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
33,800SubscribersSubscribe
spot_img

Latest posts