spot_img
Friday, February 20, 2026
More
    spot_img
    Homeငြိမ်းချမ်းရေး၂၀၀၈ ဖွဲ့စည်းပုံအောက်က ဝပြည်နယ်ကို UWSA လက်ခံမှာလား ဝေဖန်သုံးသပ်စရာဟုဆို

    ၂၀၀၈ ဖွဲ့စည်းပုံအောက်က ဝပြည်နယ်ကို UWSA လက်ခံမှာလား ဝေဖန်သုံးသပ်စရာဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၇)

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ပေါ်ပေါက်လာမည့် “ဝ”ပြည်နယ်ကို UWSA လက်ခံမှာလားဆိုသည့် ဝေဖန်သုံးသပ်စရာဖြစ်နေသည်ဟု နိုင်ငံရေးသမားနှင့် ပညာရှင်တချို့က ဆိုသည်။

    နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုဥက္ကဌတို့၏ တွေ့ဆုံပွဲမှ UWSA ၏ ဝပြည်နယ်တောင်းဆိုချက်ကို နောင်လာမည့်လွှတ်တော်တွင် အတည်ပြုပေးပါက ၂၀၀၈ ဖွဲ့စည်းပုံ‌အောက်က “ဝ”ပြည်နယ်ဖြစ်လာမည်ဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိ UWSA ရရှိထားသည့် အခွင့်အရေးများသည် စစ်တပ်က ပေးမည့် ၂၀၀၈ ဖွဲ့စည်းပုံအောက်က ပြည်နယ်ထက် များစွာသာလွန်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာစင်တာ ENAC အမှုဆောင်ဒါရိုက်တာ ဒေါက်တာပညာမွန် (Phd) က မွန်သတင်းအေဂျင်စီကို ပြောသည်။

    နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် အမေရိကန်နိုင်ငံတွင် ပါရဂူဘွဲ့ရရှိထားသူ ဒေါက်တာပညာမွန်က “ဝ”ပြည်နယ်ဖြစ်လာပြီဆိုရင် တခြားပြည်နယ်တွေလိုပဲ ပြည်နယ်ပါလီမန်ရှိလာမယ်၊ ပြည်နယ် ပါလီမန်မှာ စစ်တပ် ၂၅ ရာခိုင်နှုန်း နေရာယူထားမယ်၊ ပြီးတော့ အုပ်ချုပ်ရေးနေရာတွေ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးမှာလည်း စစ်တပ်က နေရာယူထားမယ်၊ အခုလက်ရှိ UWSA အစိုးရ ပုံစံမဟုတ်တော့ဘူး။ ဆိုတော့ UWSA ဟာ ၂၀၀၈ အောက်က “ဝ” ပြည်နယ်ကို လိုချင်သလားပေါ့။ ဒါကစဥ်းစားစရာပဲ” ဟု ဆိုသည်။

    အလားတူ နစကကောင်စီပေးမည်ဆိုသည့် “ဝ” ပြည်နယ်သည် လက်ရှိ “ဝ” အမျိုးသားများ ရရှိထားသည့် အခွင့်အရေးထက် များစွာ နိမ့်ကျနိုင်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

    “တကယ်တမ်း စစ်အစိုးရက ပေးလာမယ့် ပြည်နယ် အဆင့် အတန်းမျိုးနဲ့ သူတကယ် ရပိုင်ခွင့်တွေ ရလာရင်ကော သူ့အနေနဲ့ အဲဒါကို လက်ခံနိုင်ပါ့မလား။ ဆိုတော့ ဒီစစ်အစိုးရပေးမယ့် ပြည်နယ်ဆိုတဲ့ အဆင့်အတန်းက ‘ဝ’ ရထားတဲ့ အခွင့်အရေးထက် အများကြီး နိမ့်ကျနေမှာ ဖြစ်ပါတယ်။ ဆိုတော့ သူတို့ အခုရထားတဲ့ ကိုယ့်စာပေတွေ၊ ကိုယ့်ငွေသားတွေ၊ ကိုယ့်ဌာနဆိုင်ရာတွေပေါ့ အကုန်လုံး သူ့အောက်မှာ ရှိပြီးတော့ နောက်ဆုံး လက်နက် တောင်မှ ထုတ်နိုင်တဲ့ အခြေအနေမျိုး ကိုယ်ပိုင်တပ်မတော် အင်အားကြီးတဲ့ တပ်မတော် ထူထောင်ထားနိုင်တဲ့ အခြေအနေမျိုး ဒါကတော့ စစ်အစိုးရက ခွင့်ပြုမယ့် ဖက်ဒရယ်စနစ်ထဲမှာ ဒီလောက်ကြီး အဆင့်မြင့်မြင့် မရနိုင်ဘူးပေါ့”ဟု ဦးဖေသန်းက ဆိုသည်။

    ဝ’ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်သတ်မှတ်ပေးရန် တောင်းဆိုမှုကို မူအားဖြင့် သဘောတူထားကြောင်း နစကကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ(၁) ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    “ကျွန်တော်တို့အနေနဲ့က “ဝ” ကိစ္စနဲ့ပတ်သက်လာပြီးရင် မူဝါဒအားဖြင့်က တောင်းဆိုတဲ့ ဟာပေါ့နော်၊ အခုလိုပုံစံမျိုး၊ ဒါထက်မြင့်တဲ့ ပုံစံမျိုးပေးနိုင်ဖို့အတွက် ယေဘုယျ မူဝါဒအားဖြင့်က ရှိပြီးဖြစ်ပါတယ်။ အဲဒီတစ်ခုတည်းမှ မဟုတ်ပါဘူး။ ကျန်တဲ့ ပြည်နယ် နဲ့ တိုင်းဒေသကြီးတွေမှာလည်း ယခုထက် ပိုမိုပြီးဆောင်ရွက်ခွင့်၊ ပြဋ္ဌာန်းခွင့်တွေကို ပေးဖို့အတွက် မူဝါဒအားဖြင့် ကျနော်တို့ သဘောတူညီပြီး ဖြစ်ပါတယ်”ဟု ဆိုသည်။

    လက်ရှိတွင် UWSA ဝတပ်ဖွဲ့သည် ပန်ခမ်းမြို့ကို ဌာနချုပ် မြို့တော်အဖြစ် သတ်မှတ်ထား၍ တရားရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ အခွန် ဌာန၊ လုံခြုံရေးဌာန အပါအဝင် ဌာနဆိုင်ရာတွေကို ဖွဲ့စည်းထားရှိပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်းမြို့နယ် ၆ ခုကို ခရိုင်နှစ်ခုဖွဲ့ကာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

    ထို့ပြင် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို သွားမည်ဖြစ်သည့်အတွက် အခြေခံဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်စရာများကို ပြင်ရမည်ဆိုသည်ကို တပ်မတော်အနေဖြင့် သဘောတူထားပြီးဖြစ်သလို တပ်မတော်အနေဖြင့် တိုင်းရင်းသားများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကိုပေးမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ပြည် ထောင်စုမှ လုံးဝခွဲမထွက်ရဆိုသော အာမခံချက်ကို ပြန်ပေးရမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုခဲ့သည်။

    သို့ရာတွင် ဒေါက်တာပညာမွန်က “စစ်တပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကပဲ သူတို့ပြင်ပေးလိုတဲ့အချက်တွေကို ပြင်ဆင်သွားမှာပါ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ လက်နက်ကိုင်ထားသ၍ စစ်တပ်ကလည်း နိုင်ငံရေးကနေ ထွက်ဖို့မမြင်မိပါဘူး” ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks