Homeသတင်းအထည်ကုန်ကြမ်း ပြတ်လပ်မှုကြောင့် တစ်နိုင်တစ်ပိုင် စက်ချုပ်လုပ်ငန်း ၆၀ ရာခိုင်နှုန်းကျော် ရပ်နား

အထည်ကုန်ကြမ်း ပြတ်လပ်မှုကြောင့် တစ်နိုင်တစ်ပိုင် စက်ချုပ်လုပ်ငန်း ၆၀ ရာခိုင်နှုန်းကျော် ရပ်နား

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၄)

မော်လမြိုင်မြို့နယ်အတွင်း အထည်လိပ်ကုန်ကြမ်းပြတ်လပ်မှုကြောင့် တစ်နိုင်တစ်ပိုင် စက်ချုပ်လုပ်ငန်း ၆၀ ရာခိုင်နှုန်းကျော်ရပ်နားထားရကြောင်း စက်ချုပ်လုပ်ငန်းလုပ်ကိုင်သူများထံက သိရသည်။

အထည်လိပ်များကို ထိုင်းနိုင်ငံမှ မှာယူနေခြင်းဖြစ်ပြီး မြဝတီ – ကော့ကရိတ်လမ်းခရီး အခက်အခဲကြောင့် ကုန်ကြမ်းပြတ်လပ်မှု ဖြစ်နေကြောင်း စက်ချုပ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

“အခုက မြဝတီလမ်းတွေက သိပ်မကောင်းတော့ ကားလည်း နေ့တိုင်းမတက်ကြတော့ဘူး။ ရက်ခြားနဲ့တက်တယ်။ ရက်ခြားမှာမှ လိုချင်တဲ့ပစ္စည်းမရတာက များတယ်။ အစစ်ဆေးလည်း အရမ်းများတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် လမ်းခရီးအခက်အခဲကြောင့် ယခင်ကဲ့သို့ နေ့စဉ် ကားပြေးဆွဲခြင်းများ မရှိဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

အထည်လိပ် ပြတ်လပ်မှုကြောင့် တစ်နိုင်တစ်ပိုင် စက်ချုပ်လုပ်ငန်း လုပ်ကိုင်သူဦးရေ ၂၀ ကျော်သာ ဆက်လက်လုပ်ကိုင်နေကြကြောင်း လုပ်ငန်းရှင်အသင်း အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စက်ရုံကြီးတွေကျတော့ ကြိုဝယ်ထားတယ်လေ။ အများကြီးဝယ်ထားနိုင်တော့ ပစ္စည်းပြတ်တာတော့ ရှားတာပေါ့။ တစ်နိုင်တစ်ပိုင်လေးတွေကျတော့ အများကြီး မသိုလှောင်ထားနိုင်တော့ လမ်းခရီး အခက်အခဲရှိတာနဲ့ ပစ္စည်းပျက်တော့တာပေါ့”ဟု ၎င်းက ပြောသည်။

မော်လမြိုင်မြို့နယ်အတွင်း အထည်ချုပ်စက်ရုံ လေးရုံ ရှိပြီး တစ်နိုင်တစ်ပိုင် စက်ချုပ်လုပ်ငန်း လုပ်ကိုင်နေသူ ၇၂ ဦး‌‌ ရှိကြောင်း ပြည်နယ်လုပ်ငန်းရှင်အသင်းက သိရသည်။

ကလေးဝတ်၊ လူကြီးဝတ် စပန့်ဝမ်းဆက်များ၊ စပန့်ဂါဝန် နှင့် စပန့်လက်ပြတ်အင်္ကျီများကို အဓိက ချုပ်နေပြီး အထည်လိပ် ပြတ်လပ်မှုကြောင့် ရပ်နားထားရကြောင်း ဇေယျာသီရီရပ်ကွက်မှ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

“အထည်ကတော့ အော်ဒါရှိတယ်။ အခုချိန်ဆို လက်ပြတ်တွေနဲ့ ကလေးဝမ်းဆက်တွေ အရမ်းချုပ်ရတာပေါ့။ အခုက ပိတ်စ ပျက်နေလို့ ခဏနားနေရတာ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်လများတွင်လည်း မြဝတီ-ကော့ကရိတ်လမ်းတွင် သွားလာရခက်ခဲသောကြောင့် ကုန်ကြမ်းပြတ်လပ်မှုများ ကြုံခဲ့ရသေးကြောင်း ၎င်းက ဆက်ပြောသည်။

မော်လမြိုင်မြို့နယ်အတွင်း တစ်နိုင်တစ်ပိုင် စက်ချုပ်လုပ်ငန်းများမှ ချုပ်ထည်များကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များသာမက မြဝတီ၊ ရန်ကုန်နှင့် မန္တလေးဈေးကွက်အထိ တင်ပို့နေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts