Saturday, March 14, 2026
More
    spot_img
    Homeသတင်းအစိုးရအခြေခံပညာကျောင်းသားများ ပြောင်းရွှေ့လာကြသဖြင့် မွန်အမျိုးသားကျောင်းများတွင် နေရာမလုံလောက်မှုဖြစ်လာ

    အစိုးရအခြေခံပညာကျောင်းသားများ ပြောင်းရွှေ့လာကြသဖြင့် မွန်အမျိုးသားကျောင်းများတွင် နေရာမလုံလောက်မှုဖြစ်လာ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၃)

    မွန်အမျိုးသားပညာရေးဋ္ဌာနအောက်ရှိ မွန်အမျိုးသားအထက်တန်းကျောင်းများသို့ အစိုးရအခြေခံ ပညာကျောင်းသားများ အရေအတွက်များစွာပြောင်းရွှေ့လာကြသဖြင့် ယခင်နှစ်ထက် ကျောင်းသားဦးရေ ၂ ဆ ပိုတိုးလာပြီး စာသင်ကြားဆောင်၊ နားနေဆောင်နှင့် စားသောက်ရေး အပါအဝင် နေရာမလုံလောက်မှု ပြဿနာ ဖြစ်ပေါ်လာကြောင်း သိရသည်။

    ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေရှိ ဝင်္ကဘာ မွန်အမျိုးသားအထက်တန်းကျောင်းတွင် ဒေသခံကျောင်းသားများသာမက ရေး၊ သံဖြူသဇရပ်၊ မုဒုံ၊ ကော့ကရိတ်နှင့် ကျိုက်မရောမှ ကျောင်းပြောင်း၍ လာရောက်အပ်နှံကြကြောင်း အဆိုပါ အထက်တန်းကျောင်းအုပ် ဆရာကြီးက ပြောသည်။

    “ကျောင်းသားဦးရေရဲ့ ထက်ဝက်ကျော်လောက်က အစိုးရကျောင်းက ပြောင်းလာတဲ့ ကလေးတွေဖြစ်နေတယ်၊ မိဘတွေက မနှစ်ကလို ကျောင်းတစ်ဝက်ပျက်ဖြစ်သွားမှာ စိုးရိမ်တာရယ်၊ နိုင်ငံရေးခြေအနေတွေကြောင့်လည်း ပါမယ်ထင်တာပဲ၊ ကျွန်တော်တို့ဆီမှာ ကျောင်းသားဦးရေ လိုတာထက် ပိုလာတော့ အရမ်းကို ကြပ်တည်းသွားတာပဲ” ဟု ကျောင်းအုပ် ဆရာကြီးက ပြောသည်။

    အလားတူ ရေးမြို့နယ်၊ အံဒင်ကျေးရွာ မွန်အမျိုးသားအထက်တန်းကျောင်းတွင်လည်း နေရာအခက်အခဲ ဖြစ်လာမည့် အနေအထားရှိနေသောကြောင့် ကျောင်းသားသစ်များကို လက်မခံတော့ဘဲ ကျောင်သားဟောင်းများသာ ဆက်လက်လက်ခံသွားမည်ဖြစ်ကြောင်း အံဒင်အထက ကျောင်းအုပ်ဆရာကြီးက ပြောသည်။

    “နေစရာ နေရာတွေမှာ အားလုံးပြည့်နေပြီ၊ စာဖြေထားတဲ့ ၁၀ တန်းသမားတွေ အောင်စာရင်းထွက်လာတဲ့အခါ ကျမယ့်ကျောင်းသားတွေ ကျောင်းပြန်နေရမှာလည်းရှိပြန်တော့ နေရာမလောက်မှာစိုးလို့ ကျောင်းလည်း စဖွင့်ပြီးဖြစ်တဲ့အတွက် ကျောင်းသားသစ် လက်ခံမယ့်စာရင်းကိုတော့ ပိတ်လိုက်ပါပြီ၊ တစ်ခု အဆင်ပြေစရာ ရှိတာက လမိုင်းမြို့မှာလည်း တွဲဖက်အထက်တန်း(မွန်အမျိုးသားကျောင်း) စဖွင့်လိုက်တော့ အနီးအနား ကျေးရွာတွေမှာရှိတဲ့ ကျောင်းသားတွေအတွက် အဆင်ပြေသွားလိမ့်မယ်လို့ ထင်တာပဲ” ဟု ၄င်းက ပြောသည်။

    ထို့အတူ မွန်ပြည်သစ်ပါတီ ပညာရေးဌာန(ဗဟို) ရုံးအခြေစိုက်ရာ ရေးချောင်းဖျားဒေသ ညီစားစခန်း အထက်တန်းကျောင်းတွင်လည်း နေရာထိုင်ခင်း ခက်ခဲလာခြင်းကြောင့် ယာယီကျောင်းဆောင်အသစ်များ အချိန်မီဆောက်လုပ်လျက်ရှိကြောင်း မွန်အမျိုးသားပညာရေးကော်မတီ (MNEC) အဖွဲ့ဝင် ဆရာမင်းအောင်ဇေက မွန်သတင်းအေဂျင်စီကို ပြောကြားခဲ့သည်။

    မိခင်ဘာသာအခြေပြု မွန်ဘာဘာကို အခြေခံပညာသင်ကြားပေးလျက်ရှိသော မွန်အမျိုးသားကျောင်း အသီးသီးတို့တွင် ကျောင်းသားဦးရေ မတည်ငြိမ်သေးသဖြင့် ကျောင်းသားစာရင်းအတိအကျ စာရင်းမချုပ်နိုင်သေးကြောင်းလည်း ကျောင်းအုပ်ကြီးများထံမှ သိရသည်။

    MNEC လက်အောက်တွင် အထက်တန်းလွန် Post-10 ကျောင်း၊ မွန်အမျိုးသားအထက်တန်းကျောင်း ၃ ကျောင်းနှင့် တွဲဖက်အထက်တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်း ၁၈ ကျောင်းနှင့် မူလတန်းကျောင်းများ အပါအဝင် စာသင်ကျောင်း ၁၄၀ နီးပါး၊ ကျောင်းသားဦးရေ ၂ သောင်းခန့်နှင့် ပညာရေးဝန်ထမ်း ၈၀၀ ဝန်းကျင်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks