မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇွန် ၃)
ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ ရာအိမ်မှူးဖြစ်သူ ဦးပေါ်ထွန်းသည် ဇွန်လ ၁ ရက်က သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ကင်မွန်းချောင်းကျေးရွာ၊ ကဒတ်ချောင်းအနီးရှိ နေအိမ်တွင် နေထိုင်နေစဉ် သေနတ်ဖြစ် လာရောက်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သေနတ်သံတော့ မကြားကြဘူး။ သူဘေးအိမ်က လူတွေက သူလဲကျနေတာ တွေ့လို့ သွားကြည့်တော့မှ သေနတ်နဲ့ ပတ်သတ်ခံရမှန်းသိတာ”ဟု ၎င်းက ပြောသည်။
ဆိုင်ကယ်ဖြင့် လာရောက်ကြသည်ကို မြင်တွေ့ခဲ့ကြပြီး သေနတ်သံမကြားရသောကြောင့် အသံတိတ်ပြောင်းတပ်ဆင်ကာ ပစ်သွားသည်ဟု ထင်မြင်မိကြောင်း ၎င်းက ပြောသည်။
ထို့အနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးခြင်း၊ ရှာဖွေခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ဩဂုတ်လ အတွင်းက ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ ရာအိမ်မှူးဖြစ်သူ ဦးဟန်ထွန်းလည်း ၎င်း၏ ကဒက်ချောင်းအနီးရှိ နေအိမ်တွင် သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးခဲ့သည်။
ယခင် ရာအိမ်မှူး ဦးဟန်ထွန်းနှင့် ဦးပေါ်ထွန်းသည့် ညီအစ်ကိုတော်စပ်ကြောင်း ဒေသခံများထံက သိရသည်။
