Saturday, March 14, 2026
More
    spot_img
    Homeသတင်းနွေရာသီမွန်စာပေသင်တန်းဆင်းပွဲမှ မွန်သမိုင်းတန်း အောင်မြင်သူများကို ဂုဏ်ပြုပွဲကျင်းပ

    နွေရာသီမွန်စာပေသင်တန်းဆင်းပွဲမှ မွန်သမိုင်းတန်း အောင်မြင်သူများကို ဂုဏ်ပြုပွဲကျင်းပ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၃၀)

    မွန်ဒေသလုံးဆိုင်ရာ (၂၃) ကြိမ်မြောက် နွေရာသီမွန်စာပေသင်တန်းဆင်းပွဲမှ အထူးအစီအစဉ်အနေဖြင့် မွန်သမိုင်းတန်းအားလုံးပြီးမြောက် အောင်မြင်သူများကို ချောင်းဆုံမြို့နယ် ဒေါင်ဥကျေးရွာ တိုက်ဗုကျောင်းတွင် မေ ၂၉ ရက်က ဂုဏ်ပြုပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

    အဆိုပါဂုဏ်ပြုပွဲတွင် ကောဇာသက္ကရာဇ် ၁၃၆၂ ခုနှစ်မှ ၁၃၈၄ ခုနှစ်အထိ မွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေတွင် မွန်သမိုင်းတန်းအားလုံး အောင်မြင်ခဲ့သူများကို အသိမှတ်ပြု ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ခဲ့ကြောင်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင် သံဖြူဇရပ်မြို့ ဟံသာထောကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသီလဝန္တက မိန့်ကြားသည်။

    “ မွန်လူငယ်တွေ သူတို့လုပ်ငန်းခွင်ဝင်တဲ့ အချိန်မှာ မွန်စာပေတတ်မြောက်ကြောင်း သက်သေအထာက်အထား တစ်ခုအဖြစ် ကျန်ရှိစေချင်တယ် အဲဒါကြောင့်  လာမယ့်နှစ်တွေမှာလည်း မွန်သမိုင်းဘာသာရပ်အားလုံး အောင်မြင်သူတွေကို ဆက်လက်ဂုဏ်ပြုသွားဖို့လည်း စီစဉ်ထားတယ်”  ဟု မိန့်ကြားသည်။

    မွန်သမိုင်းတန်းတွင်  အဘိဓမ္မာတန်း၊ ဟံသာဝတီတန်း၊ မုတ္တမသမိုင်းတန်း၊ သုဝဏ္ဏဘူမိသမိုင်းတန်း၊ မွန်စာပေသမိုင်းတန်းနှင့် မွန်ယဉ်ကျေးမှုသမိုင်းတန်း များပါဝင်ပြီး ဂုဏ်ပြုပွဲသို့ သင်တန်းသား ၁၆၀ ဦး တက်ရောက်ဂုဏ်ပြုခံခဲ့ကြောင်း သိရသည်။

    မွန်သမိုင်းတန်းအောင်မြင်သူ ချောင်းဆုံမြို့နယ် တော်ကနာရွာမှ မိကီအာစွမ်းက မွန်လူငယ်များအနေဖြင့် အနည်းဆုံး မွန်သမိုင်းတန်းများ အောင်သည်အထိ မွန်စာပေများကို လေ့လာစေလိုကြောင်း ပြောသည်။

    “ကျွန်မက မွန်သမိုင်တန်း ၆ တန်းလုံးကို ၁၃၇၉ ခုနှစ်ကပြီးမြောက်အောင်မြင်ခဲ့တယ် ၊ အခုလို မွန်ဒေသလုံးဆိုင်ရာအဆင့်အနေနဲ့ ဂုဏ်ပြုခံရာတာ ပြောပြမတတ်ဝမ်းသာမိတယ် နောင်လူငယ်တွေ အနေနဲ့ကလည်း အနည်းဆုံး မွန်သမိုင်းတန်းတွေ အောင်တဲ့အထိ မွန်စာပေတွေကို လေ့လာကြဖို့လည်း တိုက်တွန်းချင်ပါတယ်” လို့ ဆိုသည်။

    မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးစီးသည့် ယခု မွန်ဒေသလုံးဆိုင်ရာ မွန်စာပေစာမေးပွဲကို မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ကျောင်းမှာ ဖြေဆိုခဲ့ပြီး အထူးဆုရရှိသူတွေကိုလည်း ယင်းဂုဏ်ပြုပွဲတွင် ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

    မွန်ပြည်နယ် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီအတွက် အစိုးရမှ နှစ်စဉ် သိန်း ၅၀၀ ချပေးနေသော်လည်း ယခုနှစ်အတွက် သိန်း ၃၀၀ သာ ထောက်ပံ့ပေးခြင်းကြောင့် ငွေကြေးဆိုင်ရာ အခက်ခဲရှိကြောင်းလည်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks