spot_img
Wednesday, March 4, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးနစက ဥက္ကဋ္ဌကို ဖက်ဒရယ်မူပြဌာန်းရေးနှင့် ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲဖို့ မွန်ပြည်သစ်ပါတီဆွေးနွေးတင်ပြ

    နစက ဥက္ကဋ္ဌကို ဖက်ဒရယ်မူပြဌာန်းရေးနှင့် ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲဖို့ မွန်ပြည်သစ်ပါတီဆွေးနွေးတင်ပြ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၂၃)

    နစက ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ ယနေ့ (မေ ၂၃ ရက်) နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြရာတွင် ဖက်ဒရယ်မူ ပြဌာန်းနိုင်ရေးနှင့် မွန်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ သီးခြားရေးဆွဲနိုင်ရန် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

    ထို့အပြင် မွန်အမျိုးသားရေးရာများ၊ မွန်ပြည်သစ်ပါတီကိစ္စများကိုလည်း တင်ပြဆွေးနွေးခဲ့ကြောင်း မွန်ပြည်သစ်ပါတီ (NMSP) ပြောခွင့်ရ နိုင်အောင်မငေးက မွန်သတင်းအေဂျင်စီကို ပြောသည်။

    “ကျနော်တို့ တင်ပြချက်က ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံမူ ချမှတ်ဖို့ အတွက် ဒါကို ပြဌာန်းရေးကိစ္စ ကျနော်တို့ တင်ပြတယ်၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ သီးခြားရေးဆွဲဖို့အတွက် ဒါလည်း ကျနော်တို့ တင်ပြခဲ့ပါတယ်၊ နောက်တစ်ခုက ဒီဆွေးနွေးတဲ့အခါကြရင် ကျနော်တို့ မွန်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတဲ့အခါကြရင် ပြည်နယ်အတွင်းမှာ ရှိတဲ့ လူမျိုးတွေပေါ့နော်၊ အဲဒါတွေကိုလည်း လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ဖို့၊ ဆွေးနွေးခွင့်ပြုဖို့ ဒါလည်း တင်ပြခဲ့ပါတယ်၊ နောက်ထပ် ကျနော်တို့ ကဏ္ဍနဲ့ ဒီမွန်အမျိုးသားရေးရာ ကိစ္စတွေ မွန်ပြည်သစ်ပါတီကိစ္စတွေ ဒါတွေလည်း တင်ပြခဲ့ပါတယ်ခင်ဗျ” ဟု နိုင်အောင်မငေးက ပြောသည်။

    ယင်းတွေ့ဆုံဆွေးနွေးပွဲကို နစက ကောင်စီမှ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နစက ကောင်စီအဖွဲ့ဝင်ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည်နှင့် မွန်ပြည်သစ်ပါတီမှ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှ၊ ပြည်တွင်းရေးရာ တာဝန်ခံ ဗဟိုအလုပ်မှုဆောင် ကော်မတီ နိုင်ဗညားလယ်တို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

    မွန်ပြည်သစ်ပါတီမှ တင်ပြချက်များကို နစက ကောင်စီဘက်သို့ တင်ပြချက်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲသည့် ကိစ္စမှာလည်း လွတ်လပ်စွာ ရေးဆွဲနိုင်ကြောင်း နစက ကောင်စီဘက်က ပြောကြားခဲ့သည်ဟု နိုင်အောင်မငေးက ပြောသည်။

    “ဗိုလ်ချုပ်မှူးကြီးတို့ ဖက်ခြမ်းက ဒီခုနက ကျနော်တို့ တင်ပြတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စတွေရယ်၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့ ကိစ္စတွေက ဒါက ကျနော်တို့ စီမံထားတဲ့အတိုင်း ပြီးပါပြီ။ ဒါကို ဆက်လုပ်ဖို့ ရှိပါတယ်၊ ခုနက ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲတဲ့ ကိစ္စမှာလည်း လွတ်လပ်စွာဆွေးနွေးခွင့် ရပါတယ်လို့ ဒါ ကျနော်တို့ကို ပြောပြထားပါတယ်ခင်ဗျ။” ဟု နိုင်အောင်မငေးက ပြောသည်။


    ထို့ပြင် ယခုဆွေးနွေးပွဲကိုအခြေခံ၍ နောက်ရက်များတွင် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် မွန်ပြည်သစ်ပါတီကိုယ်စားလှယ်တို့ ဆက်လက်ဆွေးနွေးကြမည်ဟု သိရသည်။

     အလားတူ မေလ ၂၀ ရက်နေ့မှစတင်၍ ၃ ရက်ကြာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကော်စီ (RCSS/SSA) နှင့် NSPNC အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခဲ့ကြအပြီး အားလုံးလက်ခံသော ဖက်ဒရယ်မူဖြင့် အခြေခံဥပဒေပြင်ဆင်ရေးတို့ကို အဆင့်ဆင့်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းရမည်ဟု သျှမ်းပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားခဲ့သည်။ 

    နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအား လက်ခံခဲ့သည့် ကရင်အမျိုးသား ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (DKBA)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNLO) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA) စသည့်အဖွဲ့များအား  သီးခြားစီဆက်လက်တွေ့ဆုံဦးမည်ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks