spot_img
Sunday, March 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးငြိမ်းချမ်းရေးဆွေးနွေးပွဲ ၃ ရက်ခြားတစ်ဖွဲ့ မနက်ဖြန်စတင်ဆွေးနွေးမည်ဟုပြော

    ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၃ ရက်ခြားတစ်ဖွဲ့ မနက်ဖြန်စတင်ဆွေးနွေးမည်ဟုပြော

    -

    မွန်သတင်းအေဂျင်စီ၊ (၂၀၂၂ မေ ၁၉)

    နစက ကောင်စီ ဥက္ကဋ္ဌမှ ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မနက်ဖြန် မေလ ၂၀ ရက်တွင်စတင်မည် ဖြစ်ကြောင်း၊ အဆိုပါဆွေးနွေးပွဲကို ၃ ရက်ခြား တစ်ဖွဲ့နှုန်းဖြင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

    ငြိမ်းချမ်းရေးဆွေးနွေးပွဲတို့ တက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ယနေ့ နေပြည်တော်ကို ရောက်ရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

    “သူတို့ ဒီနေ့ ရောက်ပါမယ်၊ ကျနော်တို့ရဲ့ အစီအစဉ်က ယခင်ကလည်း ပြောပြီးဖြစ်တယ်၊ တစ်ဖွဲ့ချင်း ဆွေးနွေးမယ်၊ ဆွေးနွေးပြီးရင် ကျနော်တို့က ကျနော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် တွေနဲ့လည်း ထပ်ပြီးဆွေးနွေးမယ်၊ လိုအပ်ရင် ထပ်မံဆွေးနွေးမယ်ဆိုတဲ့ဟာမျိုးလည်း ရှိပါတယ်၊ ဒီဟာနဲ့ ပတ်သက်လို့ရှိရင် ဒီအဖွဲ့နဲ့တွေ့ပြီးရင် နောက်ထပ်တစ်ဖွဲ့နဲ့ကြတော့ ၃ ရက်လောက်အကြာမှာ တွေ့မယ်၊ အဲလိုပဲ ၃ ရက်လောက်ခြားခြားပြီးရင် နောက်အဖွဲ့တိုင်းနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံမည့် အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အချက် ၄ ချက်ဖြစ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

    “သွားမယ့်ပုံစံပေါ့၊ သွားမယ့်ပုံစံက ၄ ခုပါ၊ နံပတ်တစ်ကတော့ EAO အဖွဲ့များရဲ့ လိုအင်ဆန္ဒတွေ၊ အဲဒီလိုအင်ဆန္ဒတွေထဲမှာမှ နိုင်ငံတော်အစိုးရရဲ့ လိုလားချက်တွေ၊ နံပတ်သုံးကတော့ အဲဒီနှစ်ခုရဲ့ ကြားထဲမှာ သူ့ရဲ့ လိုအင်ဆန္ဒနဲ့ နိုင်ငံတော်အစိုးရရဲ့ လိုလားချက်တွေရဲ့ ကြားထဲမှာ လက်ရှိ လုပ်ဆောင်ပေးနိုင်မယ့်ဟာတွေ ပြီးရင်တော့ ကျနော်တို့ နောင်အနာဂတ်မှာမှ လုပ်ဆောင်ပေးနိုင်မယ့်ဟာတွေ ကြိုတင်စီမံပြီးမှ တဖြည်းဖြည်းလုပ်ဆောင်သွားရမယ့်ဟာတွေ၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေ လုပ်နိုင်မည်ဆိုတာကို အပိုင်းခွဲခြားပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

    အဆိုပါဆွေးနွေးပွဲမှ ရလဒ်တစ်ခု ထွက်လာအောင် ဆွေးနွေးမည်ဟု အာမခံကြောင်း၊ ယင်းအတွက်ကြောင့် အဆိုပါဆွေးနွေးပွဲမှာ တိုက်ရိုက်ဆုံးဖြတ်ချက်ပေးနိုင်သည့် ပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

    ပထမဦးဆုံးအနေဖြင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ မနက်ဖြန် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

    “ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မနက်ဖြန် စတင် ဆွေးနွေးပါမယ်၊ တစ်ဖွဲ့ချင်း ဆွေးနွေးမှာဖြစ်ပါ တယ်။ မနက်ဖြန် ပထမဦးဆုံး RCSS/SSA နဲ့ စဆွေးနွေးမည် ဖြစ်ပါတယ်။ ဒီနေ့ သူတို့ ရောက်နေပါပြီ။ ပြီးရင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၃ ဦးပါတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်ဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

    မွန်ပြည်သစ်ပါတီအနေဖြင့် ဒုဥက္ကဌ နိုင်အောင်မင်း ခေါင်းဆောင်သော ကိုယ်စားလွယ်အဖွဲ့ တက်ရောက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

    နစက ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီ(NMSP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/ SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက် ရေး အဖွဲ့ချုပ် (PNLO)နှင့် လားဟူဒီမိုကရက်တစ်အစည်အရုံး (၁၀) တက်ရောက်မည်ဖြစ်ကြောင်း  နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။  

    သို့ရာတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ  ကျောင်းသားများ ဒီမိုကရက်တစ် တပ်မတော်(ABSDF)၊ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တက်ရောက်မည် မဟုတ်ကြောင်း၊ ချင်းအမျိုးသားတပ်ဦး (CNF)ကို နစက ကောင်စီဘက်က ဖိတ်ကြားထားခြင်းမရှိကြောင်း  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သူ တချို့ထံမှ ကြားသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks