spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ယခုနှစ်တွင် ဆားတန်ချိန် ၂ သောင်းကျော်သာ ထွက်ရှိ

    မွန်ပြည်နယ်တွင် ယခုနှစ်တွင် ဆားတန်ချိန် ၂ သောင်းကျော်သာ ထွက်ရှိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၈)

    မွန်ပြည်နယ်အတွင်း ယခုနှစ် ဆားရာသီတွင် ဆားတန်ချိန် နှစ်သောင်းကျော်သာ ထွက်ရှိခဲ့ပြီး ယခင်နှစ်ထက် ထက်ဝက်လျော့ကျခဲ့ကြောင်း သိရသည်။

    ယခင်နှစ်များတွင် ပုံမှန် ဆားတန်ချိန် လေးသောင်းကျော် ထွက်ရှိနေသော်လည်း ယခုနှစ်တွင် ဆားဖျက်မိုး သုံးကြိမ်တိုင်တိုင်ရွာသွန်းခဲ့သောကြောင့် ဆားထွက်နှုန်း လျော့ကျခြင်းဖြစ်ကြောင်း ဆားလုပ်ငန်းရှင်အသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    “ဒီနှစ်က ဆားရခါနီးဆို မိုးထိ ပြန် မိုးရွာပြန်နဲ့ သုံးကြိမ်ထိ ဆားကွင်းပျက်တော့ ဆားတွေ ကြုံးမရတော့ဘူး။ နောက်ဆုံးတစ်သုတ်မှာမှ ဆားကြုံးရတော့ အထွက်နှုန်းက တစ်ဝက်လောက်ကျသွားတာပေါ့”ဟု ၎င်းက ပြောသည်။

    ဆားကွက်ပျက်စီးခြင်း၊ ဆားအထွက်နှုန်း လျော့ကျသော်လည်း ဆားဈေး ဆက်တိုက်တက်‌နေပါက တောင်သူများအတွက် အဆင်ပြေမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ယခင်က ဆားကွင်း တစ်ကွင်းကို ပိဿာချိန် သိန်း ၁၀၀ နှင့် ၁၁၀ ခန့် ရရှိသော်လည်း ယခုနှစ်တွင် ပိဿာချိန် သိန်း ၄၀ နှင့် ၅၀ ကြားသာ ရရှိကြောင်း သံဖြူဇရပ်မှ ဆားတောင်သူ တစ်ဦးက ပြောသည်။

    “ဒီနှစ် အထွက်နှုန်းကတော့ အရမ်းနည်းတယ်။ ၅၀ ရာခိုင်နှုန်းလောက်ပဲ ရတယ်။ နောက်ပိုင်း ရာသီဥတုအခြေအနေအရတော့ ဘယ်လိုလာဦးမလဲ မသိဘူး”ဟု ၎င်းက ပြောသည်။

    ဆားအထွက်နှုန်း လျော့ကျလာသော်လည်း မတ်လ ၁၈ ရက်တွင် ဆားကြမ်း တစ်ပိဿာ ၂၃၀ ကျပ်၊ ဆားချော တစ်ပိဿာ ၃၅၀ ကျပ်ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

    မွန်ပြည်နယ်အတွင်း ပြီးခဲ့သည် ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလအတွင်း ဆားဖျက်မိုး ရွာသွန်းခဲ့သောကြောင့် ဆားကွင်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

    ပြည်နယ်အတွင်း နေလှန်းဆားများကို သံဖြူဇရပ်၊ ရေးနှင့် ပေါင်မြို့နယ်တို့တွင် အဓိက ထုတ်လုပ်နေကြပြီး မြဝတီ၊ ကော့သောင်း၊ ရန်ကုန်၊ မန္တလေးထိ တင်ပို့ ရောင်းချနေခြင်း ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks