Homeသတင်းယိုးဒယားအသားချောင်းများ စားမိသည့် ရွာသာကြီးမှ လူ ၅၀ ကျော် အစာအဆိပ်သင့်မှုဖြစ်

ယိုးဒယားအသားချောင်းများ စားမိသည့် ရွာသာကြီးမှ လူ ၅၀ ကျော် အစာအဆိပ်သင့်မှုဖြစ်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ၊ မေ ၁၀)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ရွာသာကြီးဘူတာအနီးနေထိုင်သူ ၅၀ ကျော်သည် ယိုးဒယားနိုင်ငံထုတ် အသားချောင်းနှင့် အသားလုံးများ စားပြီးနောက် အစာအဆိပ်သင့်ကာ မေ ၉ ရက် ညပိုင်းတွင် ဆေးရုံတင်ခဲ့ရကြောင်း နာရေးကူညီမှုအသင်းမှ သိရသည်။

အစာအဆိပ်သင့်သူများတွင် ကလေးများပါဝင်နေပြီး ကြက်တံဆိပ်ဖြင့် ယိုးဒယားအသားချောင်းများ စားမိရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အစာအဆိပ်သင့်ခဲ့သူများကို ရန်ကင်းကလေးဆေးရုံနှင့် စံပြဆေးရုံသို့ ပို့ဆောင်ထားပြီး စိုးရိမ်ရမည့် အခြေအနေမရှိတော့ကြောင်း နာရေးကူညီမှုအသင်း တာဝန်ခံ ကိုမင်းဒင် မွန်သတင်းအေဂျင်စီကို ပြောသည်။

“တံဆိပ်က ကြက်တံဆိပ်နဲ့ ထိုင်းလို ရေးတားတယ် စာတွေက။ ကျူးကျော်တဲကို လာရောင်းသွားတာကို စားကြရင်းဖြစ်ကြတာ။ ကလေးက အယောက် ၃၀ လောက်ပါတယ်။ ကလေးတွေကို ရန်ကင်းဆေးရုံပို့တယ်။ အခုအားလုံး သက်သာပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ယိုးဒယားအသားချောင်း စားမိသူများသည် မူးဝေခြင်း၊ အော့အန်ခြင်းနှင့် အသားပြာခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်လာခြင်းကြောင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်၊ ဘားအံမြိုနယ်၊ အိန္ဒုစံပြကျေးရွာမှာ မေလ ၉ ရက် နေ့လည်ပိုင်းက  လူဦးရေ ၃၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ဒေသလူမှုကူညီရေး တာဝန်ရှိသူများက ပြောသည်။

အိန္ဒုစံပြကျေးရွာအတွင်း  မင်္ဂဆောင်တစ်ခုမှာ မင်္ဂလာဆောင်လာသူများကို ကြက်သား၊ ဝက်သား၊ မျှစ်ချဉ်၊ ငါး၊  မျောက်ဥ၊ ငပိထောင်း၊ ကြာဇံသုတ်၊ မုန့်အပါအဝင် အစားအသောက်များနှင့်  ဧည့်ခံခဲ့ကြောင်း၊ ဧည့်ခံသည့် အစားအသောက်များမှာ က စားသောက်ပြီးနောက် လူဦးရေ ၃၀ ကျော်မှာ မူးဝေအော့အန်ခြင်း၊ ဝမ်းသွားခြင်း၊ ခေါင်းမူးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အစာအဆိပ့်သင့်သည့် လူနာများကို ဒေသ လူမှုကူညီရေးအသင်းအဖွဲ့များမှ အကူအညီနှင့် ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး အစာအဆိပ့်သင့်သူများတွင် ကလေး၊ လူကြီး အရွယ်စုံပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖော်ဝါရီလ ၈ ရက်တွင်လည်း သီပေါမြို့နယ် တွန်ခေါကျေးရွာမှ  မိခင်နှင့် ကလေးသုံးဦး ယိုးဒယားထုတ်ကြက်အူချောင်းများ စားမိပြီး အစာဆိပ်မှုဖြစ်ကာ လာရှိုးဆေးရုံတွင် ဆေးကုသခဲ့ရသည်။

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် ၁ ရပ်ကွက်တွင် ကြက်တံဆိပ်ယိုးဒယားကြက်အူချောင်းကို အမှိုက်ပုံမှ ကောက်ယူစားသောက်ခဲ့သည့် ကလေး ကိုးဦး အစာအဆိပ်သင့်ပြီး ဆေးရုံတင်ခဲ့ရာ ၂ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဥ်များ ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts