spot_img
Sunday, March 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးငြိမ်းချမ်းရေးဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီအပါအဝင် PPST (၅) ဖွဲ့တက်မည်

    ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီအပါအဝင် PPST (၅) ဖွဲ့တက်မည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၇)

    နစက ကောင်စီ ဥက္ကဋ္ဌက ဖိတ်ကြားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီ (NMSP) အပါအဝင် အပစ်ရပ် (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ အဖွဲ့ဝင် ၅ ဖွဲ့တက်ရောက်မှာ ဖြစ်ကြောင်း သိရသည်။

    ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLAPC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း PPST မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

    “မနေ့က ကျနော်တို့ အစည်းအဝေးထိုင်တဲ့ အချိန်မှာတော့ PPST က တက်ဖို့ သဘောထားပေးတဲ့ အဖွဲ့က ၅ ဖွဲ့ရှိတယ်၊ ကျန်တဲ့ ၂ ဖွဲ့ကတော့ သူတို့ ဗဟိုကော်မတီအစည်းအဝေးတွေ ပြန်ထိုင်ဖို့ ရှိသေးတယ်ဆိုတော့ သဘောထား မပေးနိုင်တဲ့ အဖွဲ့က တစ်ဖွဲ့ရှိတယ်၊ ပြီးတော့ နောက်တစ်ဖွဲ့က သူတို့ အဖွဲ့အစည်းအနေအထား လက်ရှိအခက်အခဲအရ ဒီပွဲတစ်ပွဲကိုတော့ လောလောဆယ် တက်ဖို့ အစီအစဉ်မရှိသေးဘူးဆိုပြီးတော့ သဘောထားပေးတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

    ၎င်း ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ကြားမှုနှင့် ပတ်သက်၍ မေ ၆ ရက်နေ့က ကျင်းပသည့် PPST ၏ အထူးအစည်းအဝေးတွင် အဖွဲ့အသီးသီးမှ သဘောထားပေးခဲ့ကြကြောင်း ၎င်းက ပြောသည်။

    အလားတူ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA မိုင်းလား) မှ မိမိတို့၏ အဖွဲ့ဆန္ဒအနေဖြင့် တက်ရောက်မှာ ဖြစ်ကြောင်း NDAA မှ ဦးကြီးမြင့်က ပြောသည်။

    “ကျနော်တို့ကတော့ နိုင်ငံရေးကိစ္စတွေ နိုင်ငံရေးကိစ္စနဲ့ ဆွေးနွေးမယ်ဆိုတော့ စားပွဲပေါ်မှာ ဆွေးနွေးမယ်ဆိုတော့ တက်မယ်ဆိုပြီး တောက်လျှောက် ဆုံးဖြတ်ထားတာပဲ။ အဲလိုရှိရင်တော့ ကျနော်တို့ တက်မှာပါ” ဟု ဦးကြီးမြင့် ပြောသည်။

     နစက ဥက္ကဋ္ဌက လက်ရှိ ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ် ကြောင်း ပြောကြားခဲ့သည်။

    ဗိုလ်မှူးကြီး စောကျော်ညွန့်က “PPST ၇ ဖွဲ့လုံးတက်ပါတယ်၊ ပူးပေါင်းအဖွဲ့ဖြစ်တဲ့ KNUနဲ့ RCSS ကတော့ မတက်ရောက်နိုင်ပါဘူး၊ သို့သော်လည်းပဲ CNF ကတော့ ကိုယ်စားလှယ်တစ်ယောက်တက်ပါတယ်ခင်ဗျ၊ သူတို့ သဘောထား မှတ်ချက်အနေနဲ့လည်းပဲ လောလောဆယ် ဖိတ်ကြားတဲ့ အထဲမှာ တစ်ဖွဲ့စီ တစ်ဖွဲ့စီ ဖိတ်လာတဲ့ အပေါ်မှာပေါ့လေ၊ PPST Plus မှာပါတဲ့ CNF အဖွဲ့ကိုတော့ ဖိတ်စာ မရောက်တဲ့အတွက်ကြောင့်မို့ ဒီအပေါ်မှာတော့ သူတို့ သဘောထားမှတ်ချက်ပေးတာ မရှိပါဘူး” ဟု ပြောသည်။

    ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်ဆောင်များအနေဖြင့် မေလ ၉ ရက်တွင် နောက်ဆုံးထား စာရင်းပေးပို့ စေလိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

    ထိုငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ တက်ရောက်မည် မဟုတ်ကြောင်း အသီးသီး ထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks