spot_img
Sunday, March 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံမူစေ့စပ်ညှိနှိုင်းရေးဆွဲရေး ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း မွန်အမျိုးသားရေးရာညီလာခံ-၂၀၂၂ ထုတ်ပြန်

    ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံမူစေ့စပ်ညှိနှိုင်းရေးဆွဲရေး ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း မွန်အမျိုးသားရေးရာညီလာခံ-၂၀၂၂ ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (မေ-၆)

    ယမန်နေ့က ကျင်းပပြီးစီးခဲ့သည့် မွန်အမျိုးသားရေးရာညီလာခံ (၂၀၂၂) တွင် ဖက်ဒရယ်ပြည်ထောင်စုနှင့် မွန်ပြည်နယ်ဖွဲ့စည်းပုံ အခြေခံမူစေ့စပ်ညှိနှိုင်းရေးဆွဲရေး ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း မေလ ၅ ရက်နေ့က မွန်ဘာသာဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    သို့ရာတွင် အဆိုပါ အခြေခံမူစေ့စပ်ညှိနှိုင်းရေးဆွဲရေးကော်မတီတွင် မည်သည့်ပုဂ္ဂိုလ်များ ဦးဆောင်ပါဝင်နေသည်ကို အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။

    ညီလာခံ ပြောရေးဆိုခွင့်ရှိသူ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်အောင်မငေးက “ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ မွန်လူမျိုးတွေ ဘာလိုအပ်နေသလဲ၊ ဘာတွေကို တောင်းဆိုမှာလဲ၊ ကာလဒေသ အချိန်အခါတွေ အမြဲတမ်းပြောင်းလဲနေတဲ့နေရာမှာ လိုက်လျောညီထွေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာစေဖို့ ဆွေးနွေးကြတယ်၊ နောက်တချက် ရာမညမွန်ပြည်(နယ်) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကျနော်တို့(တတိယမူကြမ်း) ရေးဆွဲထားပြီးသား ရှိပါတယ်၊ ဒီနေရာမှာ သတိကြီးစွာထားဖို့လိုပါတယ်၊ ဒီအချိန်ကာလမှာ ကျနော်တို့ပိုပြီး သတိထားဖို့ လိုအပ်ပါတယ်၊ မွန်ပြည်နယ်အတွင်းက တိုင်းရင်းသားပြည်သူအားလုံး ဒါကို ဘယ်လောက်လက်ခံ ဘယ်လောက်အသိအမှတ်ပြု ဘယ်လိုသဘောထားရှိနေပါသလဲ ဒီကိစ္စအရေးကြီးပါတယ်၊ ဒါတွေကို ကျနော်တို့ ဆွေးနွေးသုံးသပ်ကြတယ်၊ ဒီဖွဲ့စည်းပုံတွေကို ရေးဆွဲနိုင်ဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းသွားမယ်”ဟု ညီလာခံ ဒုတိယနေ့ မွန်ဘာသာဖြင့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထို့အတူ မွန်အမျိုးသားအဖွဲ့ချုပ် (ဂကောံပံင်ကောံဂကူမန်) ဖွဲ့စည်းပုံကို ယာယီအားဖြင့်အတည်ပြုခဲ့ကြပြီး အဆိုပါ ဖွဲ့စည်းပုံကို လက်ရှိပစ္စုပ္ပန်ကာလနှင့်ကိုက်ညီစေရန် ပြန်လည်သုံးသပ်၍ မွန်အမျိုးသားအဖွဲ့ချုပ် ဖွဲ့စည်းတည်ဆောက်ရေး အကောင်အထည်ဖော်ဆောင်ညှိနှိုင်းရေး(အဖွဲ့စုံ)အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

    ထို့အပြင် မွန်ဒေသတွင် မွန်အမျိုးသားနေ့ တရားဝင်ရုံးပိတ်ရက်သတ်မှတ်ပေးရေးအတွက် ကဏ္ဍစုံအဖွဲ့အစည်းအသီးသီးက ကြိုးပမ်းအားထုတ်သွားကြရန်၊ မွန်အမျိုးသားနေ့တွင် မိမိတို့ဆန္ဒဖြင့် ရုံးမတက် အလုပ်ပိတ်ခြင်းအားဖြင့် မွန်ပြည်သူတရပ်လုံးအနေဖြင့် ဇာတိသွေးဇာတိမာန် စိတ်ဓါတ်ကို ပြသသွားကြရန်၊ တစ်ကမ္ဘာလုံးရှိ မွန်လူမျိုးများအနေဖြင့် တပို့တွဲလပြည့်ကျော် (၁) ရက်နေ့တစ်ရက်တည်းကိုသာ မွန်အမျိုးသားနေ့အခမ်းအနား တပြိုင်တည်းကျင်းပသွားရန်နှင့် အခြေအနေမပေး၍ ၄င်းနေ့ရက်မတိုင်မီ ကျင်းပရမည်ဆိုပါက “မွန်အမျိုးသားနေ့အကြို”ဟုလည်းကောင်း၊ ရက်လွန်ပြီးမှကျင်းပမည်ဆိုပါက “မွန်အမျိုးသားနေ့ဂုဏ်ပြုပွဲ”ဟုလည်းကောင်း သုံးနှုန်းခေါ်ဝေါ်သွားရန် မွန်အမျိုးသားညီလာခံက ဆုံးဖြတ်ခဲ့သည်။  

    လက်ရှိ ယနေ့နိုင်ငံရေးအချိုးအကွေ့တွင် တည်တန့်ခိုင်မြဲ၍ ညီညွတ်သော အမျိုးသားအင်အားစုတရပ်ဖြစ်ပေါ်လာရေးသည်သာ အရေးကြီးသည့်လိုအပ်ချက်တရပ်ဟု မွန်အမျိုးသားရေးရာညီလာခံက ရှုမြင်ပြီး မွန်တမျိုးသားလုံးညီညွတ်ရေးကို ခိုင်မာစွာတည်ဆောက်သွားမည်ဖြစ်ကြောင်း အလေးအနက်ထား၍ အသိပေးတိုက်တွန်းအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

    မွန်အမျိုးသားရေးရာညီလာခံ (၂၀၂၂) ကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးမြို့အရှေ့ဘက် ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသားပညာရေးဌာန(ဗဟို) ညီစားစခန်း၌ ၄ ရက်ကြာကျင်းပခဲ့ရာ မေလ ၅ ရက်နေ့တွင် အောင်မြင်စွာပြီးစီးခဲ့ကြောင်း၊ ရဟန်းသံဃာတော်၊ မွန်ပြည်သစ်ပါတီ NMSP, မွန်ညီညွတ်ရေးပါတီ MUP, အရပ်ဖက် မွန်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားသင့် ဖိတ်ကြားထိုက်သည့် အဖွဲ့အစည်း/ပုဂ္ဂိုလ်နှင့် လေ့လာသူများအပါအဝင် ၂၅၉ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks