Sunday, March 29, 2026
More
    spot_img
    Homeသတင်းမူးယစ်ဆေးစွဲသူများကို ထိန်းချုပ်ကုသရေးနှင့် အသက်မွေးအတတ်သင်ဌာနက စတင်လက်ခံမည်

    မူးယစ်ဆေးစွဲသူများကို ထိန်းချုပ်ကုသရေးနှင့် အသက်မွေးအတတ်သင်ဌာနက စတင်လက်ခံမည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီလ ၅)

    မွန်ပြည်သစ်ပါတီ (NMSP) ဦးဆောင်ပြီး သံဃာတော်များနှင့် ဒေသခံကိုယ်စားလှယ်များ အချိုးတူပါဝင်ကာ အကောင်အထည်ဖော်ခဲ့သော မူးယစ်ဆေးစွဲသူများအတွက် ထိန်းချုပ်ကုသရေးနှင့် အသက်မွေး အတတ်သင်ဌာနက မူးယစ်ဆေးစွဲသူများကို စတင်လက်ခံတော့မည်ကြောင်း သိရသည်။

    လတ်တလောတွင် ဌာန၌ မပြီးမပြည့်စုံသေး၍ မွန်ပြည်သစ်ပါတီ၏ ထားဝယ်ခရိုင်အဖြင့် သတ်မှတ်ထားသော မြို့နယ်များမှ ဒေသခံဆေးစွဲသူများကိုသာ စတင်လက်ခံသွားမည်ဟု ယင်းဌာနမှ ပြန်ကြားရေးနှင့် တတ်သိပညာရှင် ရှာဖွေရေးဆပ်ကော်မတီ နိုင်အောက်စားက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ဒီဧပြီလ (၆) ရက်၊ မွန်ပြက္ခဒိန်မှာလည်း တန်ခူးလဆန် (၆) ရက်နေ့ (မနက်ဖြန်) မနက် (၉) နာရီကနေ စပြီး လက်ခံသွားမယ်။ အခုမှ စပြီးဖွင့်မှာဆိုတော့ အများစုက မပြည့်စုံသေးဘူး။ နေရာထိုင်ခင်း၊ စာရေးသောက်ရေး၊ အခက်ခဲဖြစ်မှာစိုးလို့ လောလောဆယ်က ဒီထားဝယ်ခရိုင်မှာ ရှိတဲ့ဒေသခံတွေကိုပဲ အရင်လက်ခံသွားမယ်” ဟု  နိုင်အောက်စားက ပြောသည်။

    ယင်းဌာနသည် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဓမ္မပါလရွာအနီး ဟဂွန်းဇွဲ (ဟဂန်ဇြဲ) အရပ်၍ တည်ဆောက်ထားပြီး လတ်တလောတွင် မွန်ပြည်သစ်ပါတီမှ ဆေးဆရာများဖြင့်သာ စတင်ကုသသွားမည်ဟု သိရသည်။

    နိုင်အောက်စားက “အသက်မွေးအတတ်သင်အတွက်ရော၊ ကုသရေးအတွက်ပါ ဆပ်ကော်မတီတွေက တတ်သိပညာရှင် ရှာရမယ်။ လောလောဆယ်က ပါတီကဆေးဆရာတွေနဲ့ ကုသပေးသွားမယ်။ ဆပ်ကော်မတီတွေက လက်လှမ်းမီသလောက် အတတ်ပညာရှင်တွေကို ရှာမယ်၊ အကူအညီတောင်းသွားမယ်။ အတတ်ပညာသင်ကြားရေးတွေကိုလည်း ဆက်တိုက်လုပ်ဆောင်သွားမယ်” ဟု ဆက်လက်ပြောကြားသည်။

    မူးယစ်ဆေးစွဲသူများကို အပ်နှံပို့ဆောင်လိုသူများအနေဖြင့် ရေးမြို့ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးနှင့် မူးယစ်ဆေးစွဲသူများအတွက် ထိန်းချုပ်ကုသရေးနှင့် အသက်မွေး အတတ်သင်ဌာနသို့ ဆက်သွယ်ပို့ဆောင်နိုင်ကြောင်း ကော်မတီမှ အသိပေးထားသည်။

    အလားတူ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ နယ်မြေများဖြစ်သော ဌာနချုပ်နယ်မြေ၊ သထုံခရိုင်ရုံး၊ မော်လမြိုင်ခရိုင်ရုံးနှင့် ဝါးဝယ်ခရိုင်တို့၏ စာရိတ္တပြုပြင်ရေးဌာနများတွင်လည်း မူးယစ်ဆေးစွဲသူများကို ထိန်းချုပ် ကုသပေးလျက်ရှိကြောင်း သိရသည်။

    မူးယစ်ဆေးစွဲသူများအတွက် ထိန်းချုပ်ကုသရေးနှင့် အသက်မွေးအတတ်သင်ဌာနကို ၂၀၁၉ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၊ သံဃာတော်များနှင့် ဒေသခံကိုယ်စားလှယ်များ အချိုးတူပါဝင်သော တည်ဆောက်ရေးကော်မတီက အကောင်အထည်ဖော်ခဲ့ပြီး လက်ရှိတွင် စီမံခန့်ခွဲရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်းပြီး လုပ်ဆောင်နေကြောင်း သိရသည်။

    မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါး ထိန်းချုပ်ကုသရေးဌာန

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks