spot_img
Sunday, March 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးNMSP ဒုဥက္ကဌ နိုင်အောင်မင်းအား PPST ဦးဆောင်မှုကော်မတီ အဖွဲ့ခေါင်းဆောင်တာဝန်ပေး

    NMSP ဒုဥက္ကဌ နိုင်အောင်မင်းအား PPST ဦးဆောင်မှုကော်မတီ အဖွဲ့ခေါင်းဆောင်တာဝန်ပေး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၃)

    အပစ်ရပ် (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ စုဖွဲ့မှုအသစ်နှင့် ဦးဆောင်မှုကော်မတီကို မွန်ပြည်သစ်ပါတီ (NMSP) ဒုဥက္ကဌ နိုင်အောင်မင်းအား အဖွဲ့ခေါင်းဆောင်အဖြင့် တာဝန်ပေးအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

    PPST ၏ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များ ညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှ ဧပြီ ၃ ရက်နေ့ အထိ ကျင်းပအပြီး ထုတ်ပြန်ကြေညာခဲ့သည်။

    “ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ စုဖွဲ့မှုကို NCA-S EAO  တစ်ဖွဲ့ချင်းစီမှ တာဝန်ပေးအပ်သော အဖွဲ့အစည်းကိုယ်စားပြု ကိုယ်စားလှယ် (၂) ဦးစီဖြင့် ဖွဲ့စည်းသည့် PPST ၏ စုဖွဲ့မှုအသစ်နှင့် PPST ဦးဆောင်မှု ကော်မတီကို အောက်ပါပုဂ္ဂိုလ်များအား ရွေးချယ်တာဝန် ပေးအပ်ခဲ့သည်” ဟု ထုတ်ပြန်ခဲ့သည်။

    အဖွဲ့ခေါင်းဆောင်အဖြစ် နိုင်အောင်မင်း၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ခိုင်စိုးနိုင်အောင်၊ ဒေါက်တာနော်ကပေါ်ထူးတို့ဖြစ်ကာ ရဲဘော်မျိုးဝင်းကို ညှိနှိုင်းရေးမှူး စသဖြင့် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

    ယင်းအပြင် လက်ရှိပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာသွားရန် အပစ်ရပ် (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ထုတ်ပြန်ခဲ့သည်။

    “PPST အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၏ အနှစ်သာရများကို ဆက်လက်ကိုင်စွဲလျက် ချမှတ်ထားပြီးဖြစ်သည့် နိုင်ငံရေးရည်မှန်းချက် (၇) ရပ်ကို အခြေခံ၍ လက်ရှိနိုင်ငံရေးအကျပ်အတည်းများကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာသွားရန် ဆုံးဖြတ်သည်။ ထိုကဲ့သို့ နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရာတွင် သက်ဆိုင်ရာအားလုံး ပါဝင်သော နိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်းကို အစဉ်တစိုက် ဦးတည်ဆောင်ရွက်သွားမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    အလားတူ အာဆီယံအထူးကိုယ်စားလှယ်၏ ပထမအကြိမ် မြန်မာနိုင်ငံခရီးစဉ်အတွင်း ကြိုးပမ်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကြိုးပမ်းချက်အပေါ် ကြိုဆိုသည်ဟု ဆိုသည်။

    မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရာတွင် သက်ဆိုင်ရာအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန်၊ အရေးပေါ်လိုအပ်နေသည့် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များအတွက် နိုင်ငံတကာအင်အားစုများနှင့် အတူ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ထို့အတူ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အသက်ခန္ဓာနှင့် ဘဝကို ပေးဆပ်စွန့်လွှတ်ခဲ့ရသည့် လူငယ်များ အပါအဝင် လူထုလူတန်းစားအလွှာအသီးသီးမှ တိုင်းရင်းသားပြည်သူများအား အလေးအနက် ဂုဏ်ပြုအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ် (NCA)ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ အဖွဲ့ဝင် (၁၀)ဖွဲ့ဖြင့် PPST ကို ဖွဲ့စည်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks