မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ်လ ၂၃)
လက်ရှိ ပြည်တွင်းမှာ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယင်းဒေသများမှာ အငတ်ဘေး ကြုံတွေ့နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
ကယား(ကရင်နီ)ပြည်နယ်မှာ တိုက်ပွဲကြောင့် စိုက်ပျိုးမှုတွေ မလုပ်နိုင်ခဲ့ကြောင်း၊ ရိက္ခာပြတ်လပ်မှုများ ကြုံတွေ့နိုင်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ကိုဗညားက ပြောသည်။
လက်ရှိမှာ ကယားပြည်နယ်က ပြည်သူများကို စားနပ်ရိက္ခာ ၃ လစာ ပြင်ဆင်ခိုင်းထားသော်လည်း အချို့ပြည်သူများမှာ ၁ လစာသာ ပြင်ဆင်ထားနိုင်ကြောင်း ၎င်းက ပြောသည်။
“ကျနော်တို့လည်း အဲတာကို အစိုးရိမ်ဆုံးအထဲမှာလည်း ပါတယ်၊ ကျနော်တို့ ပြည်သူလူထုနဲ့ စစ်ဘေးရှောင်တွေရော စစ်ဘေးရှောင်ကို လက်ခံထားတဲ့ ရွာကိုရော ကျနော်တို့ အရင်နှစ်ပတ်အထိ နယ်အလိုက်၊ ဒေသအလိုက်၊ မြို့နယ်အလိုက် ကွင်းဆင်းပြီးမှ လူထုနဲ့ စကားပြောတာရှိတယ်၊ IDP ကော်မတီနဲ့ စကားပြောတာရှိတယ်၊ အဲတော့ ကျနော်တို့က သုံးသပ်ချက်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တချို့ရွာမှာကတော့ စားနပ်ရိက္ခာကိုတော့ ၃ လပြင်ခိုင်းထားတယ်ပေါ့နော်၊ တချို့က ၃ လပြည့်မီနိုင်အောင် သူတို့ ကြိုးစားနိုင်တယ်၊ တချို့ရွာနဲ့ တချို့ IDP စခန်းအတွက်က တစ်လစာလောက်ပဲ သူတို့ တောင်းခံနိုင်တယ်ဆိုတဲ့ စာရင်းထွက်လာတာပေါ့နော်၊ ကျနော်တို့က ဒီဘယ်လိုလုပ်လဲဆိုတော့ အရင်နှစ် ၂၀၂၁ ရိတ်သိမ်းရာသီမှာ စပါးဘယ်လောက်ရှိလဲ၊ ဘယ်လောက်သုံးသွားပြီးလဲ၊ ဘယ်လောက်ကျန်တယ်ဆိုတဲ့ စာရင်း ကျနော်တို့ ကောက်တယ်ပေါ့နော်၊ စာရင်းကောက်ပြီးတော့မှ လူဦးရေစာရင်းနဲ့ လူထုရောပေါ့နော်၊ ဒေသခံလူထုနဲ့ IDP စာရင်းနဲ့ မြောက်စားလိုက်တော့ တော်တော်များက တစ်လဆိုရင် ပြတ်တာများတယ်ဆိုတာ တွေ့ရတယ်” ဟု ကိုဗညားက ပြောသည်။
ပြီးခဲ့သည့်နှစ်က ကယားပြည်နယ်၏ စပါးစိုက်ပျိုးဧက တစ်သိန်းဝန်းကျင်ရှိတဲ့အနက် ၆၀ ရာခိုင်နှုန်းခန့်ကိုသာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စိုက်ပျိုးခဲ့သည့် ဒေသများမှာလည်း လိုအပ်သည့် ပြုစုပျိုးထောင်မှု၊ ဓါတ်မြေဩဇာ မပေးနိုင်မှု စသည့် အခြေအနေများကြောင့် အထွက်နှုန်း ကျသွားကြောင်း ကိုဗညားက ပြောသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွားနေသည့် ဒေသများတွင် ကယ်ဆယ်ရေးများ၊ အကူအညီပေးရေးများ မရောက်သည့်အတွက် နေရေးထိုင်ရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ပြောသည်
“အငတ်ဘေးဆိုက်တာတော့ တချို့ ဘက်တွေမှာ အခုကိုက ဆိုက်နေပါပြီ၊ တောသူတောင်သားတွေက စစ်ပြေးနေကြရတဲ့ အခါကြတော့ အဲဒီဒေသတွေမှာ ကယ်ဆယ်ရေး၊ ကူညီရေး တွေလည်း မရောက်ကြတဲ့ အခါကြတော့ တော်တော်လေး နေရေးထိုင်ရေးက အခက်တွေ့တာပေါ့၊ တစ်ပြည်လုံးအနေနဲ့ကတော့ အလုပ်အကိုင်တွေ အရင်ကလည်း အလုပ်အကိုင်ရှားပါးသွားတယ်၊ အလုပ်မဲ့၊ အကိုင်မဲ့တွေ ဖြစ်သွားတယ်၊ ဆိုတော့ တော်တော်လေး အခက်အခဲတော့ အခုကာလမှာ တော်တော်လေး အခက်အခဲကြီးပါတယ်၊ အစစအရာရာလည်း ဈေးတက်ပေါ့နော်၊ လျပ်စစ်မီးလည်းမရ၊ ဆီဈေးတွေလည်း တက်၊ စားသောက်ကုန် ပစ္စည်းတွေလည်း တက်ဆိုတော့ တော်တော်လေးတော့ အခက်အခဲကြီးကြပါတယ် အခုချိန်မှာ” ဟု ဦးရဲထွန်းက ပြောသည်။
အလားတူ တိုက်ပွဲများ ဖြစ်ပွားနေသည့် ချင်းပြည်နယ်မှာ အငတ်ဘေးများ ဆိုက်ရောက်နိုင်ခြင်းကြောင့် ကျေးရွာများတွင် တောင်ယာများ ပြန်စိုက်ကြရန် ပြင်ဆင်နေကြောင်း ချင်းပြည်နယ် ပူးတွဲ ကာကွယ်ရေးကော်မတီ (CJDC) မှ ဘဏ္ဍရေးအတွင်းရေးမှူး ဂျွန်က ပြောသည်။
“ကျနော်တို့ ချင်းတောင်ပေါ်ကတော့ များသောအားဖြင့် တောင်ယာခုတ်၊ ပြီးတော့ ကိုယ့်ရဲ့ လယ်ယာထွက် ဆန်တွေပဲ စားရတာပေါ့လေ၊ ဒီမြို့ပြတွေ အားလုံးဆိုရင်တော့ အောက်ပြည်က ဆန်တွေပဲ ယူရတာပေါ့၊ ဆိုတော့ သူတို့ ဒီအာဏာသိမ်းလိုက်တာနဲ့ ကျနော်တို့ နယ်ဖက်အားလုံး တောင်ယာတွေ ပြန်စိုက်ဖို့ ကိုယ့်ရဲ့ ခြံထွက်၊ ကိုယ့်ရဲ့ တောင်ယာထွက်၊ ကိုယ့်ရဲ့ လယ်ယာထွက် စားသုံးဖို့ဆိုပြီးတော့ အခု ရွာတိုင်းမှာဆိုရင်တော့ တောင်ယာကိုပဲ ပြန်တည်ဆောက်ပြီးတော့ အဲဒါနဲ့ပဲ ကျနော်တို့ ဖြတ်လေးဖြတ်ပဲလာလာ၊ အဲလိုမျိုးပေါ့၊ ပြင်ဆင်မှုတော့ လုပ်ထားတယ်” ဟု ဂျွန်က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ကတည်းက ကမ္ဘာ့ကပ်ရောဂါနှင့် ကြုံတွေ့ခဲ့ရပြီး အားလုံးဒုက္ခရောက်ခဲ့ရကြောင်း၊ ယင်းနောက် အာဏာသိမ်းမှု နောက်ဆက်တွဲအနေဖြင့် လက်နက်ကိုင် တိုက်ပွဲကြောင့် သေကြေပျက်စီးနေရကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“ဒီဟာတွေက ချိတ်ဆက်နေတာပေါ့ဗျာ၊ ကျနော်တို့က ကျနော်တို့ တိုင်းပြည်က ဘာနဲ့ စားလဲဆိုတော့ ၂၀၂၀ ထဲက ရောဂန္တရာယ်ကပ်ပေါ့၊ ရောဂါဘယ ကမ္ဘာ့ကပ်ရောဂါနဲ့ တိုးတော့ အားလုံးဟာ ဒုက္ခရောက်ကြတယ်၊ ရောဂါနဲ့ စီးပွားရေကျ၊ ပညာရေးကျပေါ့ဗျာ၊ ရောဂန္တရာယ်ကပ်နဲ့ တိုးပြီးတဲ့နောက်မှာ အာဏာသိမ်းပြီးတဲ့ နောက်မှာ သတ္ထန္တရာယ်ကပ်လို့ခေါ်တဲ့ လက်နက်ခဲယမ်းတိုက်ပွဲ အဲတာတွေနဲ့ပဲ သေကြေပျက်စီးဆုံးရှုံးတာတွေ များလာတယ်၊ ရောဂါလည်း ကပ်တယ်၊ လက်နက်ခဲကြောင့် ကျနော်တို့ ဖြစ်တဲ့ ပြဿနာတွေပေါ်တယ်၊ အခုနောက်ဆုံး လိုက်လာမှာက ဒုဗ္ဘိက္ခန္တရာယ်ကပ်ဆိုတာ ဒါတရားဟောမှာ ရှိပါတယ်၊ အဲဒါ ဘာလည်းဆိုတော့ ငတ်မွတ်ခေါင်းပါးခြင်း ဘေးပဲဗျ၊ အဲဒီအငတ်ဘေးကြီးကလည်း ဆိုက်ရောက်တော့မယ်၊ ဆိုက်ရောက်နိုင်တယ်၊ အဲဒီလို အငတ်ဘေးကြီး ဆိုက်ရောက်နိုင်တာကို ကယ်မဲ့လူလည်း အခုထက်ထိ လောက်လောက်လားလား မတွေ့သေးဘူးဗျ၊ ကုလသမ္မဂလည်း ဝင်ကယ်ဖို့ လမ်းကြောင်းကို မရှိသေးဘူး၊ အာဆီယံကလည်း ဝင်ကယ်ချင်တယ် လမ်းကြောင်းကို မရှိသေးဘူး၊ အချင်းချင်း တနိုင်တပိုင် ကူတာပဲ ရှိတယ်၊ အဲဒါလည်းပဲ တစ်လ၊ နှစ်လပဲ ခံမယ်၊ ခြောက်လ၊ တစ်နှစ်ဆို မကျွေးနိုင်တော့ဘူး။ အားလုံးဟာစုပြီးတော့ အခက်အခဲဖြစ်နေတယ်၊ ကုလသမ္မဂတောင်မှ ဗမာပြည်မှာ လူဦးရေ ၈ သိန်းတောင်မှ စားနပ်ရိက္ခာပြတ်နိုင်တယ်၊ လောလောဆယ်ပေါ့လေ၊ ဒုက္ခသည်တွေပေါ့၊ အဲဒီနောက်ပိုင်းမှာတော့ ၄၊ ၅ သန်းလောက်ကိုပဲ သူတို့ ဒုက္ခရောက်နိုင်တယ်လို့ သူမှန်းထားတာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
လက်ရှိ ပဋိပက္ခမှာ ပါဝင်နေသည့် နှစ်ဖက်ခေါင်းဆောင်များအနေနှင့် အမျော်အမြင်ရှိရှိ၊ ဒုက္ခသည်များ သွားလာနိုင်ရန် အကူအညီများ ရရှိရန် လမ်းဖွင့်ပေးသင့်ကြောင်း ၎င်းက ပြောသည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးနိုင်ရန်အတွက် အပစ်ရပ် (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် ကြိုးပမ်းနေကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်နှင့်် ကရင်ပြည်နယ်များတွင် တိုက်ပွဲကြောင့် အငတ်ဘေး ဆိုက်လာနိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။