မွန်သတင်းအေဂျင်စီ(၂၀၂၂ မတ် ၂၁)
မတ်လ ၂၀ ရက်နေ့ ကျင်းပပြီးစီးခဲ့သည့် မွန်ညီညွတ်ရေးပါတီ MUP ပထမအကြိမ် ဗဟိုညီလာခံက ဥက္ကဌ အဖြစ် နိုင်မြင့်ဆွေ (ခ) နိုင်လဝီအောင် ရွေးချယ်ခဲ့ပါသည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် မွန်ပြည်နယ်အစိုးရ လျှပ်စစ်၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဟောင်းတစ်ဦး ဖြစ်ခဲ့ပါသည်။
မွန်ပြည်သစ်ပါတီတွင် ၃၅ နှစ်ကျော်ခန့်တာဝန်ထမ်းဆောင်ခဲ့သူ ဗဟိုကော်မတီဝင်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် အနားယူခဲ့သူ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA စစ်ထောက်ချုပ်ဟောင်း မွန်ပြည်သစ်ပါတီတွင် စစ်ရေးအတွေ့အကြုံရှိသည့် တပ်မှူးတစ်ဦးအဖြစ် ထင်ရှားခဲ့သလို ရန်ကုန် တိမွေးကုတက္ကသိုလ်တွင် ၁၉၆၉ မှ ၇၃ အထိပညာဆည်းပူးခဲ့ပြီး မွန်စာပေယဥ်ကျေးမှုအသင်း တက္ကသိုလ်များ-ရန်ကုန်၏ အထွေထွေအတွင်းရေးမှူး ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။(အယ်ဒီတာ)

မေး- MUP ဗဟိုဥက္ကဌအဖြစ် တာဝန်ယူလာရတဲ့အပေါ် ဘာများပြောကြားလိုပါသလဲ။
ဖြေ- အမျိုးသားရေးတာဝန်ကို ဥပဒေဘောင်အတွင်းကနေပြီး ဆောင်ရွက်သွားဖို့ ကျနော်တို့ အမြဲတမ်းစဥ်းစားပါတယ် ဒီ(ဥက္ကဌ) တာဝန်ကိုမရသည့်တိုင် ဒါတွေကို လုပ်ဆောင်ခဲ့ပြီးသားပါ၊ အခုလိုရွေးချယ်တာဝန်ပေးလိုက်တယ်ဆိုပြန်တော့ ပိုပြီးကြိုးစားလုပ်ဆောင်သွားရမှာပါ၊ ဒါပေမယ့် မိမိတစ်ဦးတည်း လုပ်ဆောင်သွားလို့မရပါဘူး ဒီမိုကရေစီနည်းကျစွာနဲ့ ကျနော်တို့ပါတီက ချမှတ်ထားတဲ့ မူဝါဒ၊ လမ်းစဥ်တွေ ပန်းတိုင်ရောက်ရှိနိုင်ဖို့အတွက် မြို့နယ်အသီးသီးက ပါတီဝင်တွေ အထူးသဖြင့် မြိတ်ကနေ ပဲခူး၊ ရန်ကုန်အထိ ကိုယ်စားလှယ်တွေကနေ ကျနော်တို့ကိုရွေးချယ်လိုက်ပြီဆိုတော့ သူတို့တောင်းဆိုထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ အခွင့်အရေးရရှိနိုင်ဖို့ ပါတီရဲ့မူဝါဒ လမ်းစဥ်တွေနဲ့အညီ ကျနော်တို့ အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားပါမယ်”
မေး- ညီလာခံပြီးတာနဲ့ ဘာတွေဆက်ပြီး အကောင်အထည်ဖော်သွားဖို့ ရှိပါသလဲ။
ဖြေ- ဒါပြီးလို့ ကျနော်တို့ EC ပထမအကြိမ်အစည်းအဝေးကျင်းပတဲ့အခါမှာ လူငယ်ရေးရာက ဘယ်သူ အမျိုးသမီးရေးရာက ဘယ်သူ သုတသနရေးရာ အမျိုးသမီးကဏ္ဍ ပညာရေးကဏ္ဍတာဝန်ခံတွေ ရွေးချယ်သွားရပါမယ် နိုင်ငံရေးဌာနမှူးလည်း မွန်ညီညွတ်ရေးပါတီ တည်ဆောက်ရေး ဥပဒေတွေမှာ ဖော်ပြထားတာရှိပါတယ် လောလောဆယ်မရွေးချယ်ရသေးပါဘူး ဗဟိုအလုပ်အမှုဆောင်တွေအစည်းအဝေးထိုင် တာဝန်တွေခွဲဝေပြီးတော့ ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါတယ် ပါတီတည်ဆောက်ရေးလုပ်ငန်းစဥ်တွေမှာ ရေးဆွဲထားပြီးသား ဖြစ်ပါတယ်”
မေး- မွန်ညီညွတ်ရေးပါတီမှာ မွန်နိုင်ငံရေးသမားတွေ တက်စုံဘက်စုံမရှိတဲ့ အနေအထားကို ဘာတွေ ပြောချင်ပါသလဲ။
ဖြေ- အလုပ်တခုခုဖြစ်ဖြစ် နိုင်ငံရေးမှာဖြစ်ဖြစ် အမြင်မတူနိုင်ကြပါဘူး၊ အမြင်မတူတာ ရှိကြမှာပါ သို့သော် ဘယ်လိုပဲဆိုဆို နိုင်ငံရေးမှာ မိမိအမြင်ကိုပဲ တရားသေဆုပ်ကိုင်ထားလို့မဖြစ်ပါဘူး ကျနော်စိတ်မကွက်မိပါဘူး သူတို့အမြင်ပေါ်မှာ သူတို့ရပ်တည်ပြီးလုပ်ဆောင်နေတာတွေကို ကျနော်တို့ဘာမှမပြောလိုပါဘူး၊ ကျနော်တို့နိုင်ငံရေးသမားတွေမှာ တခုတော့ရှိပါတယ် အများစုက သဘောတူဆုံးဖြတ်ချက်ချထားတာတွေကို လူနည်းစုက သဘောမတူသည့်တိုင် လိုက်ပြီးတော့ဆောင်ရွက်သွားရပါမယ် အများဆုံးဖြတ်တဲ့အတိုင်း လိုက်နာဆောင်ရွက်ရမှာပါ ပုဂ္ဂိုလ်ရေးအမြင်ဆိုတာက လူတိုင်းမှာရှိကြစမြဲပါ ကိုယ့်အမြင်ကိုမှ ယူရမယ်ဆိုတာက နိုင်ငံရေးမှာလုပ်လို့မရပါဘူး ကိုယ်နဲ့အမြင်မတူတာ ရှိချင်ရှိပါလိမ့်မယ် အခုသူတို့ သဘောထားအတိုင်းလုပ်ဆောင်တာ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ဆိုတာ ဒီမိုကရေစီပါပဲ ဒါပေမယ့် ခုလိုအမြင်သဘောထားကွဲလွဲတဲ့အပေါ်မှာ သူတို့ထွက်သွားတာဟာ ပါတီကို အင်အားချိနဲ့သွားစေတယ် မကောင်းပါဘူး ညီညွတ်တဲ့ မွန်ညီညွတ်ရေးပါတီဆိုပြီး အခုလိုသူတို့ထွက်သွားတာဟာ အနည်းအကျဥ်းတော့ ရိုက်ခတ်မှုတွေရှိခဲ့ပါတယ် လူထုတွေမှာ အမြင်တမျိုးဖြစ်သွားစေနိုင်တယ် ဒါတွေက မကောင်းပါဘူး၊ ဒါကြောင့် နိုင်ငံရေးလုပ်တဲ့အခါမှာ သည်းခံပြီးတော့ မိမိအမြင်တွေကို ဆက်ပြီးတိုက်ပွဲဝင်သွားမယ်ဆိုရင် တနေ့နေ့မှာ ညီညွတ်ရေးတွေရရှိလာမှာဖြစ်ပြီး တသားထဲဖြစ်သွားနိုင်ပါတယ်၊ ကျနော်တို့ စိတ်မကွက်မိပါဘူး သူတို့အပေါ်သည်းခံပါတယ် ပါတီကိုစွန့်ခွာပြီး တခြားနေရာထွက်မသွားစေဖို့ ကျနော်တို့အထပ်ထပ်အခါခါ ပြောဆိုနေကြတုန်းပါ၊ သူတို့ဆန္ဒနဲ့ သူတို့ထွက်ခွာသွားတဲ့အပေါ် ကျနော်တို့ တွန်းအားမပေးဘူး ထုတ်ပစ်တာ မလုပ်ခဲ့ဘူး သူတို့အမြင်သဘောထား မတူညီတဲ့အပေါ် သူတို့ထွက်သွားတာကို ကျနော်တို့မတားပါဘူး ထွက်သွားဖို့လည်း ကျနော်တို့တွန်းအားမပေးဘူး အဲဒါက ကျနော်တို့စေတနာအမှန်ပါ”
မေး- မွန်ပြည်သူ မွန်လူထုကို ဘယ်လို တိုက်တွန်းချင်ပါသလဲ။
ဖြေ- ဘာကိုတိုက်တွန်းချင်သလဲဆိုရင် မွန်ညီညွတ်ရေးပါတီ ရပ်တည်ချက်တွေကို လက်ခံပြီးတော့ မြိတ်ဒေသ ကော့သောင်းကနေ ရန်ကုန်၊ ပဲခူးက ကိုယ်စားလှယ်တွေ ညီလာခံကိုလာရောက်တက်ကြပြီးတော့ တရားဥပဒေဘောင်အတွင်းမှာ လူထုအတွက်ရပ်တည်ပေးနေတဲ့ မွန်ညီညွတ်ရေးပါတီကို အသိအမှတ်ပြုတာကို ကျနော်တို့ဝမ်းသာတယ် အခုလိုဝမ်းသာအားရဖြစ်မှုနဲ့အတူ မိမိဒေသအသီးသီးပြန်ရောက်သွားတဲ့အခါမှာ ဆက်လက်ပြီးလုပ်ဆောင်သွားရမယ့်အလုပ်တာဝန်တွေအတွက် ရိုးသားစွာ ညီညွတ်စွာနဲ့ပဲ ဂိုဏ်းဂဏအစုအဖွဲ့ ပုဂ္ဂိုလ်စွဲတွေမထားကြဘဲ ဖြူစင်စွာ ဆန္ဒမဲတွေပေးအပ်ခဲ့တဲ့အပေါ်မှာ မွန်ညီညွတ်ရေးပါတီဆိုတဲ့အတိုင်း ဒီကနေ့ တက်ရောက်လာတဲ့ပါတီကိုယ်စားလှယ် ၄၀၀ ကျော်ရဲ့ သဘောထားအမြင်တွေဟာ ကျနော်တို့နဲ့တထပ်ထည်း အတူတူပဲဆိုတာ သိမြင်လိုက်ရတဲ့အတွက် သိပ်ကိုဝမ်းသာပီတီဖြစ်ရပါတယ်လို့ မှာကြားလိုပါတယ်။”
မေး- ပါတီညီလာခံအပြီးမှာ အခုလိုအချိန်ပေး ဖြေကြားပေးတဲ့အတွက် ဥက္ကဌကို အထူးပဲကျေးဇူးတင်ပါတယ်။