မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ်လ ၁၈)
မွန်ညီညွတ်ရေးပါတီ (MUP) ၏ ပထမဆုံးအကြိမ် ပါတီဗဟိုညီလာခံကို မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်၌ ယမန်နေ့ (မတ် ၁၈ ရက်)က ကျင်းပလျက်ရှိရာ ကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်ကြောင်း သတင်းရရှိသည်။
ယခုကျင်းပသည့် MUP ဗဟိုညီလာခံတွင် ပါတီမူဝါဒရေးရာများ ပြန်လည်သုံးသပ်ခြင်း၊ ပါတီဗဟိုကော်မတီ၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဥက္ကဋ္ဌနှင့် အတွင်းအရေးမှူးအဖွဲ့များကို ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ဦးဆောင်သူများကို ရွေးချယ်ရာတွင် ပုဂ္ဂိုလ်ရေးကိုးကွယ်ဆည်းကပ်များ ဘေးဖယ်ထားကြရန် MUP ယာယီဥက္ကဌ ဒေါက်တာနိုင်လှအောင်က ပြောသည်။
“တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တော်တွေအနေနဲ့ အနာဂတ် အမျိုးသားအကျိုး၊ ပြည်နယ်အတွက် အကျိုးရှိစေတဲ့အရာတွေကို ဆွေးနွေးဆုံးဖြတ်ကြပါ- မွန်တမျိုးသားလုံးမှာ တစ်ပါတီပဲဖြစ်နေတဲ့အတွက် ခေါင်းဆောင်မှုအပိုင်းရွေးချယ်တဲ့အခါမှာလည်း ပုဂ္ဂိုလ်စွဲတွေကိုအဓိက မထားဘဲနဲ့ ပါတီကို ဦးဆောင်သွားနိုင်မယ့် ခေါင်းဆောင်ကောင်းတွေကို အလေးအနက်ထားရွေးချယ်ပေးဖို့ တိုက်တွန်းလိုပါတယ်”ဟု သဘာပတိ ဒေါက်တာနိုင်လှအောင်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပထမအကြိမ် ပါတီညီလာခံတွင် ပါတီတည်ဆောက်ရေးလုပ်ငန်းများကို အဓိကဆွေးနွေးသွားမည်ဖြစ်ပြီး မတ်လ ၁၈ ရက်မှ မတ်လ ၂၀ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ပါတီမူဝါဒအရ အမျိုးသမီးနှင့်လူငယ်ပါဝင်မှု ၃၀ ရာခိုင်နှုန်းအထိပါဝင်နိုင်ရေးအတွက် ပါတီက တိုက်တွန်းထားသော်လည်း လက်တွေ့အနေအထားအရ ပါဝင်နိုင်မှုရာခိုင်နှုန်း နည်းပါးနေသေးကြောင်း ရွေးချယ်ခဲ့သည့်မြို့နယ်ကိုယ်စားလှယ်များကိုကြည့်၍ လူငယ်ရေးရာကော်မတီ ပါတီဗဟိုကော်မတီဝင် မိစန္ဒာနွန်က ပြောသည်။
“ဆုံးဖြတ်ချက်ချတဲ့နေရာမှာ လူငယ်တွေများများပါလာအောင် အခုချိန်ထိတိုက်တွန်းနေဆဲပဲပေါ့နော်၊ ဒါပေမယ့် နိုင်ငံရေးအခြေအနေကြောင့် လူငယ်တွေပါဝင်မှုအားနည်းတာလားလို့ ကျမတို့မြင်တယ်ပေါ့နော်၊ နောင်တစ်ချိန်မှာ လူငယ်တွေပါဝင်လာနိုင်မယ်လို့ ကျမမျှော်လင့်တယ် ဒါပေမယ့်ဒီနေ့ဒီအချိန်မှာ လူငယ်တွေရဲ့ပါဝင်မှုကို အားရသလားလို့မေးရင် သိပ်အားမရသေးဘူးလို့ပြောရမှာပေါ့နော်”ဟု ၄င်းကပြောသည်။
MUP ကို ယခင် မွန်အမျိုးသားပါတီ (MNP)၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP)၊ မွန်ကိုယ်စားပြုပါတီတည်ထောင်လိုသူများအဖွဲ့နှင့် အရပ်ဖက်မွန်လူထုအခြေပြုအဖွဲ့အစည်းများ ပေါင်းစည်း၍ ဗဟိုကော်မတီဝင် ၁၄၀ ဦးရွေးချယ်ခဲ့သည့်အထဲမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၆၁ ဦးတို့ဖြင့် မွန်ညီညွတ်ရေးပါတီကို ၂၀၁၉ ခုနှစ်တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။