Saturday, March 14, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်တွင် NMSP ဥက္ကဋ္ဌ နိုင်ရွှေကျင် အောက်မေ့ဘွယ်အခန်းအနား ကျင်းပ

    မော်လမြိုင်တွင် NMSP ဥက္ကဋ္ဌ နိုင်ရွှေကျင် အောက်မေ့ဘွယ်အခန်းအနား ကျင်းပ

    -

    မွန်သတင်းအေဂျင်စီ  (၂၀၂၂၊ မတ်လ ၇)

    မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ရွှေကျင် ကွယ်လွန်ခြင်း (၁၉) နှစ်မြောက် အောက်မေ့ဘွယ် အခန်းအနားကို မော်လမြိုင်မြို့ ဇောတိကာရာမကျောင်းတွင် နိုင်ရွှေကျင်ဖောင်ဒေးရှင်းက ယနေ့ (မတ်လ ၇) ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ 

    အောက်မေ့ဖွယ်အခန်းအနားသို့ NMSP ဗဟိုအလုပ်အမှုဆောင် ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်နှင့် ပါတီတာဝန်ရှိသူများ၊ နိုင်ရွှေကျင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ နိုင်ရွှေကျင်၏ တပည့် သားသမီးများနှင့် သူ၏ရဲဘော်ဟောင်းများ တက်ရောက်ကြကြောင်း တွေ့ရသည်။

    နိုင်ရွှေကျင်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာနိုင်တင်လှက “အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူတဲ့ကိစ္စက ကျွန်တော်တို့ ဥက္ကဋ္ဌ (နိုင်ရွှေကျင်) ရဲ့ ရွေးချယ်မှုက မှန်ကန်ခဲ့တယ်။ ဒီလမ်းကြောင်းနဲ့ ယနေ့အထိ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး လုပ်နိုင်ခဲ့တယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများစုလည်း ယနေ့အထိ အပစ်အခတ်ရပ်စဲရေးကိစ္စ လုပ်ဆောင်နေဆဲပဲ။ အမျိုးသားရေးအတွက်ရော ပါတီအတွက်ရော အကျိုးရှိပါတယ်။ ဥက္ကဋ္ဌကြီးရဲ့ ကျေးဇူးတရားတွေ ရှိနေဆဲပါ” ဟု ပြောသည်။

    ယင်းအခန်းအနားတွင် နိုင်ရွှေကျင်အမှတ်တရ စကားဝိုင်းကို ဒေါက်တာနိုင်တင်လှ၊ မွန်ပြည်သစ်ပါတီ ဗိုလ်မှုးကြီးဟောင်း နိုင်လဝီအောင်နှင့် ရာမညဓမ္မာစရိယအဖွဲ့မှ ဆရာတော်စန္ဒောဘာသတို့လည်း ဆွေးနွေးခဲ့ကြပြီး သံဃာတော်များကို ဆွမ်းကျွေးခြင်း ကွယ်လွန်သွားသော မွန်အမျိုးသားခေါင်းဆောင်များ အတွက်လည်း ရေစက်ချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

    ဗိုလ်မှူးကြီးဟောင်း နိုင်လဝီအောင်က “နိုင်ငံရေးလုပ်ရင် ပြည်သူတွေ ဒုက္ခရောက်အောင် မလုပ်နဲ့၊ ရွေးကောက်ပွဲ ဖြစ်လာရင် ပြည်သူလူထု စည်းရုံးရေးကို လုပ်ကြပါ၊ ပြည်သူဆီက လက်ဖြန့်တောင်းတာ မလုပ်နဲ့လို့ ဥက္ကဋ္ဌ (နိုင်ရွှေကျင်) က ကျွန်တော်တို့ကို မှာကြားဖူးတယ်” ဟု ပြောသည်။

    NMSP ဥက္ကဋ္ဌဟောင်း နိုင်ရွှေကျင်၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် သူ၏တပည့်သားသမီးများက ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ဖောင်ဒေးရှင်းတည်ထောင်ပြီး လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    နိုင်ရွှေကျင်သည် မော်လမြိုင်မြို့နယ် အတွင်းရှိ ကတိုးကော့နှပ်ကျေးရွာဇာတိဖြစ်ပြီး ငယ်နာမည်မှာ မောင်ဘလွင် ဖြစ်သည်။

    ၁၉၄၈ ခုနှစ်တွင် တနင်္သာရီစာစောင်၌ သီးခြား မွန်ပြည်နယ် တောင်းဆိုသည့် ရေးသား ထုတ်ဖော်မှုကြောင့် မွန်ရေးရာအဖွဲ့ချုပ် အတွင်းရေးမှူး နိုင်စံသူနှင့်အတူ မန္တလေးနှင့် ရွှေဘို ထောင်များတွင် (၃) နှစ်ခန့် ထောင်သွင်းအကျဉ်းချခြင်း ခံခဲ့ရဖူးသည်။

    ၁၉၅၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌအဖြစ် နိုင်ရွှေကျင် စတင်တည်ထောင်ခဲ့ပြီး အသက် (၉၃) အရွယ် ၂၀ဝ၃ ခုနှစ် မတ်လ (၃) ရက်နေ့က မော်လမြိုင်မြို့နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

    နိုင်ရွှေကျင် အမှတ်တရ စကာဝိုင်း

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks