မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ်တိတိ လျှပ်စစ်မီး အချိန်ပိုင်း အလှည့်ကျ ပြတ်တောက်မည်ဖြစ်ကြောင်း မတ်လ ၆ ရက်နေ့တွင် နစက ကောင်စီက ထုတ်ပြန်ထားသည်။
ကိုဗစ်ကာလဖြစ်နေပြီး မီး ၂၄ နာရီ ပြတ်ပါက ကျန်းမာရေးလုပ်ငန်းစဥ်တွေအတွက် အခက်အခဲများစွာ ကြုံတွေ့နိုင်ကြောင်း လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
” မီးကအရင်က ပြတ်ရင် ၂ နာရီ လောက်ပဲ။ အခုက တစ်ခါပြတ်ရင် ၆ နာရီ လောက်ကြာတယ်။ ၂၄ နာရီကို တစ်ပတ်ပြတ်မယ်ဆိုတော့ ကျန်းမာရေး လုပ်ငန်းစဥ်တွေမှာ အများကြီးသက်ရောက်နိုင်တယ်။ စက်ပစ္စည်းတွေနဲ့ ရောဂါစမ်းသပ်ရတာတွေ။ အချိန်ပြည့် အောက်ဆီဂျင်ပေးထားရတဲ့ လူနာတွေအတွက် အတော်လေး ခက်ခဲသွားမယ်။ မီးစက်မောင်းမယ်ဆိုရင် ဆီစျေးကြောင့် ဆေးကုသစရိတ်တွေပါ မြင့်တက်သွားမယ်”ဟု ၎င်းက ပြောသည်။
၂၀၂၂ မတ်လမှ စပြီး နေပြည်တော်မှအပ ကျန်မြို့ရွာများတွင် လျှပ်စစ်မီးပြတ်တောက်မှု ပိုများလာပြီး ပြတ်တောက်ချိန် ပိုမိုကြာမြင့်လာကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကမ်းလွန်သဘာ၀ဓာတ်ငွေ့ စီမံကိန်းများဖြစ်သော ရတနာ၊ ဇောတိကနှင့် ရွှေကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်း ဓာတ်ငွေ့တွင်းများမှ သဘာ၀ဓာတ်ငွေ့အသုံးပြု၍ ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ် ထုတ်လုပ်နေခြင်းဖြစ်ကြောင်း နစကကောင်စီက ပြောသည်။
သဘာ၀ဓာတ်ငွေ့တွင်း သစ် ၂ ခုမှ ဓာတ်ငွေ့များကို ဓာတ်အားထုတ်လုပ်နိုင်ရေး ရေအောက်ပိုက်လိုင်း ဆက်သွယ်ရေးကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ပြီး သဘာ၀ဓာတ်ငွေ့ဖြင့် ဓာတ်အားထုတ်လုပ်နေမှုတချို့ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းအတွက်ကြောင့် လျှပ်စစ်ဓာတ်အားကို မတ်လ ၁၂ ရက်မှ မတ်လ ၁၈ ရက်နေ့အထိ တစ်ပတ်အတွင်း နိုင်ငံတစ်ဝန်း အချို့သောနေရာများတွင် အချိန်ပိုင်း မီးပြတ်မည်ဖြစ်ကြောင်း နစကကောင်စီက ထုတ်ပြန်ထားသည်။
