Saturday, March 14, 2026
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီး ဖမ်းဆီးခံရပါက သုံးဆနစ်နာနေဟု ပြော

    ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီး ဖမ်းဆီးခံရပါက သုံးဆနစ်နာနေဟု ပြော

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ်လ ၄)

    ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ပြီး အဖမ်းဆီးခံရပါက သုံးဆနစ်နာ နေကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက ပြောသည်။

    တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ပါက အန္တရာယ်လည်း များကြောင်း၊ ငွေကြေး ဆုံးရှုံးမှုများလည်း ကြုံရကြောင်း ၎င်းက ပြောသည်။

    “ကျ‌နော်တို့ကတော့ ဒီတရားမဝင် ဝင်ရောက်တဲ့ကိစ္စကို ကျ‌နော်တို့က မလာစေချင်ပါဘူးဗျ၊ မလာစေချင်ဘူးဆိုတာက သူတို့အနေနဲ့ တရားမဝင်လာရပြီဆိုကတည်းက အခက်အခဲ၊ နစ်နာလို့ရှိရင် နှစ်ဆမဟုတ်ဘူး၊ သုံးဆလောက်နစ်နာတာ ဘာလို့လည်းဆို အချိန်၊ ပြီးရင် ကုန်ထားတဲ့ငွေကြေး၊ နောက် လမ်းခရီးဘာညာမှာ အကုန်လုံးတောက်လျှောက် အန္တရာယ်လည်းများတယ်၊ ပြီးရင် ဒီရောက်လို့ အဖမ်းခံရပြီဆိုရင် ပြန်ပို့ခံရတော့ သူတို့အနေနဲ့ မိအေးနှစ်ခါမဟုတ်ဘူး၊ သုံးခါနာဟာမျိုးဖြစ်တယ်၊ ကျနော်ဆီ ဟိုတလောက ဆက်သွယ်လာတဲ့သူဆိုရင် မဲဆောက်မှာတင် ဖမ်းမိတာ ပိုက်ဆန် သိန်း ၂၀ ပေးပြီးလာတာတဲ့ ပွဲစားကို သိန်း ၂၀ ပေးပြီး ဘန်ကောက်မှာ အလုပ်ရမယ်ဆိုပြီးလာတာတဲ့ သဘောပြောပြတာ ၃၊ ၄ ရက် တစ်ပတ်အတောအတွင်းမှာ ပွဲစားကနေပြီးတော့ ခေါ်လာပြီးတော့ မဲဆောက်ကိုရောက် မဲဆောက်ကနေ ဒီဖက်ကို တက်မဲ့အချိန်မှာ အဖမ်းခံလိုက်ရတာ ဆိုတော့ ဒါမျိုးတွေကြတော့ ငွေလည်းရှုံး၊ လူလည်း နစ်နာ၊ အချိန်လည်းကုန် အကုန်လုံး ဒုက္ခရောက်တယ်၊ ဒါမျိုးကို ကျနော်တို့က မလာစေချင်ဘူး” ဟု ဦးမင်းဦးက ပြောသည်။

    ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်မည့် နေရာမူတည်၍ ပွဲစားခ အမျိုးမျိုးပေးဆောင်ရကြောင်း၊ ပျမ်းမျအားဖြင့် ဘတ် ၁၅၀၀၀ အထိရှိနေကြောင်း ၎င်းက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၁ နှစ်ကုန်ပိုင်းက ပွဲစားခ ဘတ် ၂ သောင်းခွဲ၊ ၃ သောင်းအထိ ပေးဆောင်ခဲ့ရကြောင်း သိရသည်။

    တရားဝင်လမ်းကြောင်းဖြင့် လာရောက်ရန်အတွက်လည်း အထောက်အထားများ လုပ်သည့်ကိစ္စတွင် လွယ်လွယ်ကူကူနှင့် မရရှိသည့်အတွက် အခက်အခဲနှင့် ကြုံတွေ့ရကြောင်း ဦးမင်းဦးက ပြောသည်။

    “သို့သော်လည်း တရားဝင်လာဖို့ ပြဿနာကလည်း အဓိက ပြဿနာက တရားဝင်လာဖို့အတွက်ကလည်း ခုနားပြောသလို အခက်အခဲရှိနေတယ်၊ အစိုးရက ဒီဘယ်လိုခေါ်မလဲဗျာ လာဖို့အတွက် စနစ်ပေါ့ဗျာ၊ လွယ်လွယ်ကူကူနဲ့ ကုန်ကျစရိတ်ကလည်း အနည်းအကျင်းနဲ့ပေါ့နော် သင့်လျော်တဲ့ ကုန်ကျစရိတ်နဲ့ ဒီအထောက်အထားစာရွက်စာတမ်းနဲ့ လုပ်တဲ့ကိစ္စရပ်အားလုံးက လွယ်လွယ်ကူကူနဲ့ ဖြစ်အောင်လုပ်နိုင်ရင် ဒါတရားဝင်လာတဲ့နှုန်းများမယ်၊ တရားဝင်လာတဲ့နှုန်းများတယ်ဆိုလိုရှိရင် ဘာပဲပြောပြော ခုနားပြောတဲ့ မလိုလားအပ်တဲ့ အန္တရာယ်ရှိတဲ့လမ်းမှာ သူတစ်ပါးအသုံးချခံရမယ့်ဟာတွေ မဖြစ်တော့ဘူးပေါ့” ဟု ဦးမင်းဦးက ပြောသည်။

    မြန်မာနိုင်ငံက အလုပ်သမားဝန်ကြီးဌာနမှ ထိုင်းသို့ နှစ်နိုင်ငံသဘောတူစာချုပ် MoU ဖြင့် အလုပ် သမားများစေလွှတ်နိုင်ရေး လုပ်ဆောင်လျက်ရှိသလို ထိုင်းအာဏာပိုင်များအနေဖြင့် ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်အခြမ်းရှိ ခရိုင်အချို့တွင် အလုပ် သမား လိုအပ်ချက်များကြောင့် နယ်စပ်ဖြတ်ကျော်လက်မှတ်ဖြင့် မြန်မာအလုပ်သမားများ ခေါ်ယူရန် စီစဉ်နေ‌ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks