မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၁၁)
မွန်ပြည်နယ်တွင် ကိုဗစ် – ၁၉ ရောဂါပိုး တွေ့ရှိမှုနှုန်း တိုးလာသော်လည်း ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်ဖူးမြော်သူ လျော့နည်းမသွားဘဲ ယခင်အတိုင်းရှိနေကြောင်း ကျိုက်ထီးရိုးစေတီ ဂေါပကရုံးအဖွဲ့ဝင် ဦးစိုးလှက ပြောသည်။
ဇန်နဝါရီလ အလယ်ပိုင်းမှစပြီး မွန်ပြည်နယ်ရှိ စာသင်ကျောင်းနှင့် မြို့နယ်အချို့တွင် ကိုဗစ် – ၁၉ လူနာများ တစ်ဖြည်းဖြည်းတွေ့ရှိလာပြီး ဖေဖော်ဝါရီလတွင် တစ်ရက်အတွင်း လူနာ ၉၀ အထိ တွေ့ရှိခဲ့သည်။
ကျိုက်ထီးရိုးဘုရားသို့လာရောက်ဖူးမြော်သူဦးရေမှာ စနေ၊ တနင်္ဂနွေပိတ်ရက်များတွင် လူ ၃ ထောင် အထိရှိနေကြောင်း ၎င်းက ပြောသည်။
“ကျနော်တို့ဆီမှာ ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားတာတော့ မရှိသေးဘူး။ ပုံမှန်အတိုင်းဝင်နေကြတုန်းပဲ။ စနေ တနင်္ဂနွေပိတ်ရက်တွေဆို ၃ထောင်အထိ ဝင်တယ်”ဟု ဦးစိုးလှက ပြောသည်။
ဇန်နဝါရီလအတွင်း ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်ဖူးမြော်သူ အမျိုးသား ၅၃၃၂၈ ဦး၊အမျိုးသမီး ၆၁၆၀၇ဦး ၊ သံဃာ ၃၆၅၅ ပါးနှင့် သီလရှင် ၆၉၇ပါး စုစုပေါင်း ၁၁၉၂၈၇ဦး လာရောက်ဖူးမြော်ခဲ့ကြောင်း ဂေါပကရုံးမှသိရသည်။
ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်ဖူးမြော်သူများကို ကိုဗစ် – ၁၉ စည်းကမ်းချက်များနှင့်အညီ လိုက်နာရန် ညွှန်ကြားထားကြောင်း သိရသည်။
ယင်းအပြင် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း ထောက်ခံစာ၊ ကိုဗစ် – ၁၉ရောဂါ မရှိကြောင်း ထောက်ခံစာများကို ဂိတ် ၃ ခုထားကာ စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ကျိုက်ထီးရိုး စေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်ကို နှစ်စဉ်သီတင်းကျွတ် လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိပြီး သီတင်းကျွတ်ပွဲတော်ကာလ၊ ဒီဇင်ဘာလနှင့် ဧပြီလများအတွင်း ဘုရားဖူး အများအပြား လာရောက်လေ့ရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
