spot_img
Wednesday, January 28, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲ PPST တက်ရောက်မည်မဟုတ်သော်လည်း တစ်ဖွဲ့ချင်းသီးခြားစီ တက်ရောက်နိုင်သည်ဟုဆို

    ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲ PPST တက်ရောက်မည်မဟုတ်သော်လည်း တစ်ဖွဲ့ချင်းသီးခြားစီ တက်ရောက်နိုင်သည်ဟုဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေ ၉)

    နစကကောင်စီ၏ ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ PPST တက်ရောက်မည်မဟုတ်သော်လည်း NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းအနေဖြင့် တစ်ဖွဲ့ချင်း တက်ရောက်နိုင်သည်ဟု PPST ဦးဆောင်မှုကော်မတီဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “PPST တော့ တက်ရောက်ဖို့မရှိဘူးခင်ဗျ ၁၀ ဖွဲ့ပေါင်းထားတယ်ဆိုတော့ ကျနော်တို့အထဲမှာ အမြင်မတူတာရှိတော့ PPST ခေါင်းစဉ်တော့ တက်ရောက်ဖို့မရှိဘူး၊ သို့သော် NCA အဖွဲ့ဝင် အဖွဲ့စည်းတစ်ဖွဲ့ချင်းစီက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ဆောင်ရွက်ပါလို့တော့ အဲလိုကျနော်တို့က အဲလိုဆုံးဖြတ်ချက်ချပြီးတော့ ပို့ထားပေးတယ်၊ သူတို့ တစ်ဖွဲ့ချင်းစီမံဆောင်ရွက်ပါ အဆင်ပြေသလို လုပ်ကြပါပေါ့ဗျာ၊ ကျနော်တို့က သွားပါလို့လည်းမပြောဘူး မသွားပါနဲ့လို့လည်းမကန့်ကွက်ဘူး လုပ်သင့်လုပ်ထိုက်တာလုပ်ပါလို့ သတင်းရသလောက်တော့ ၄- ၅ ဖွဲ့တော့ သွားမယ်ထင်တယ်”ဟု ခွန်ဥက္ကာက ဆိုသည်။

    NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့်အဖွဲ့များ ထာဝရငြိမ်းချမ်းရေး အကြိုဆွေးနွေးပွဲ တက်ရောက်ကြရန် ဖေဖော်ဝါရီ ၆ ရက်နေ့က နစကကောင်စီ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

    NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊  ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA နှင့် ကရင်ငြိမ်း ချမ်းရေးကောင်စီ KNU/KNLA-PC တို့ တက်ရောက်မည့်အလားအလာရှိကြောင်း ၄င်းကယူဆသည်။

    ခွန်ဥက္ကာက“လောလောဆယ် မီးရှို့တာတွေ သတ်ဖြတ်မှုများနေတာတွေ လူထူကိုပြစ်မှတ်ထားနေတဲ့ကိစ္စတွေ လျော့သွားမလား သက်သာသွားမလားဆိုတဲ့အမြင်နဲ့နော် ပူးပေါင်းဆောင်ရွက်သင့်တဲ့အခါမျိုးလို့ထင်တယ်၊ အခုလို တံခါးပိတ်ထားရင်တော့ ဘာမှပြောလို့မရဘူး၊ တံခါးဖွင့်ထားတယ်ဆိုရင်တော့ ကျနော်တို့တင်ပြလို့ရတာပေါ့ဗျာ ပြောလို့ရတာပေါ့ အကယ်၍  မကြိုက်တာရှိရင်လည်းပြောလို့ရတာပေါ့ ဒီအခွင့်အရေးကိုတော့ လက်လွှတ်မခံသင့်ဘူးလို့ ယူဆတယ်”ဟု ဆက်ပြောသည်။

    သို့ရာတွင် အဆိုပါ နစကကောင်စီ၏ ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲ ကမ်းလှမ်းချက်ကို ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ချင်းအမျိုးသားတပ်ဦး CNF တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက “ကျနော်တို့ KIO ရဲ ဗဟိုကော်မတီဆုံးဖြတ်ချက်တွေ ဘာမှမရှိသေးဘူး၊ FPNCC တက်မယ် မတက်ဘူးဆိုတာကိုလည်း ဘာမှမကြားရဘူး၊ ကျနော်တို့ ဗဟိုကော်မတီကနေ ဘာမှညွှန်ကြားတာမရှိဘူး” ဟု ပြောသည်။

    အဆိုပါ ဖိတ်ခေါ်ကမ်းလှမ်းချက်ကို မည်သူတွေတက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများချုပ်ငြိမ်းပြီး ပြည်သူအများ အေးအေးချမ်းချမ်း နေထိုင်သွားသည်ကိုသာ မြင်တွေ့လိုကြောင်း မြန်မာ့နိုင်င်ငံရေးသုံးသပ်သူ ဦးရဲထွန်း (သီပေါ)က ဆိုသည်။

    ဦးရဲထွန်း (သီပေါ)က “တက်တယ်ဆိုရင်တော့ သက်ဆိုင်ရာဒေသပြည်သူလူထုတော့ ငြိမ်းငြိမ်းချမ်းချမ်းနေရတာပေါ့ဗျာနော်၊ အဲမတက်ဘူး တိုက်ကြခိုက်ကြမယ်ဆိုရင်တော့ သေချာတာကတော့ သက်ဆိုင်ရာဒေသပြည်သူလူထုတော့ ဒုက္ခရောက်မှာပေါ့နော်၊ စစ်ပြေးတွေများလာမယ် အသေအပျောက်တွေများလာမယ် အဲလိုဆက်ပြီးတော့ လူတွေ ဒုက္ခဆက်ဖြစ်နေတာ အဲလိုမြင်ရမှာပေါ့၊ ကျနော်တို့ကတော့ ပဋ္ဋိပက္ခတွေချူပ်ငြိမ်းပြီးတော့ ပြည်သူလူထုအေးအေးချမ်းချမ်းနဲ့ နေထိုင်သွားလာနိုင်ဖို့ အဲဒီဘက်ကဘဲ ကျနော်တို့ကတော့ စဉ်းစားတယ်ဗျ အဲဒီလို အခြေနေမျိုးဘဲ ဖြစ်စေချင်တယ် ဘယ်လိုဖြစ်ဖြစ် တက်တက်မတက်တက် ခိုက်ရန်ပဋ္ဋိပက္ခတွေမဖြစ်ဖို့နော် အဲဒါကိုဘဲ မြင်ချင်ပါတယ်” ဟု ပြောသည်။

    လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် နစကကောင်စီကျင်းပသွားမည်ဆိုသည့် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားနှင့် အကြိုငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ မည်သည့်အဖွဲ့အစည်းများ  တက်ရောက်ဖြစ်မည်ဆိုသည်ကို သက်ဆိုင်ရာအဖွဲ့အည်းများက တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိသေးသဖြင့် ဆက်လက်စောင့်ဆိုင်းကြည့်ရှုသွားရဦးမည်ဟု ၄င်းက ဆိုသည်။

    မြန်မာနိုင်ငံတွင် သက်ဆိုင်ရာတိုင်းရင်းသားနယ်မြေအလိုက် လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၂၀ ဝန်းကျင်ခန့်ရှိသည့်အနက် ၁၀ ဖွဲ့က NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သော်လည်း တိုင်းရင်းသားနယ်မြေအချို့တွင် မြန်မာစစ်တပ်နှင့် တိုက်ပွဲများဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။  

    ထို့အပြင် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း နိုင်ငံအနှံ့ဆန္ဒပြဆန့်ကျင်သူများ စစ်တပ်၏ ဖြိုခွင်းခံရပြီး ရရာလက်နက် ကိုင်ဆောင်ဖွဲ့စည်းထားကြသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပေါ်ပေါက်လာကာ မြန်မာလူမျိုးအများစုနေထိုင်ရာ တိုင်းဒေသကြီးများတွင်လည်း အပြန်အလှန်တိုက်ခိုက်မှုများ၊ ဖမ်းဆီးသတ်ဖြတ်မှုများ၊ အစိုးရရုံး၊ ရဲစခန်း၊ လမ်းတံတား အဆောက်အဦများ၊ စက်ရုံများနှင့် နေအိမ်မီးရှို့မှုများ နေ့စဥ်ဖြစ်ပေါ်လျက်ရှိသည်။

    Photo-တိုင်းရင်းသားလက်နက်ကိုင်များ မျက်နှာစုံညီ အစည်းအဝေး(၂၀၁၆ ခုနှစ်၊ ဇူလိုင်လ)။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks