spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းငါးဖမ်းရာသီ မကုန်သေးသော်လည်း လုပ်ငန်း ၅၀ ရာခိုင်နှုန်းကျော် ရပ်နား

    ငါးဖမ်းရာသီ မကုန်သေးသော်လည်း လုပ်ငန်း ၅၀ ရာခိုင်နှုန်းကျော် ရပ်နား

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၈)

    မွန်ပြည်နယ်အတွင်းရှိ ငါးဖမ်းစက်လှေ လုပ်ငန်းများသည် ငါးဖမ်းရာသီ မကုန်သေးသော်လည်း ငါးအမိနည်းလာခြင်း၊ စက်သုံးဆီဈေးနှုန်း မြင့်တက်လာခြင်းများကြောင့် ငါးဖမ်းလုပ်ငန်း ၅၀ ရာခိုင်းနှုန်းကျော် ရပ်နားသွားပြီဖြစ်ကြောင်း ငါးလုပ်ငန်းရှင်‌များထံမှ သိရသည်။

    စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခဲ့ပြီး ငါးအမိအရ နည်းလာခြင်းကြောင့် အရှုံးနှင့် ရင်ဆိုင်ရကြောင်း ကျိုက်ထိုမြို့နယ်မှ ငါးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

    “စက်သုံးဆီတွေ ဈေးတက်လည်း ငါးအမိများရင် ကာမိတယ်ပေါ့။ အခုက ငါးကလည်းအရနည်းတယ်။ ငါးအရနည်းတော့ ဆီဖိုးမကာမိဘူးလေ။ ရှုံးတာပေါ့။ အဲဒါကြောင့် လုပ်ငန်းတွေ ရပ်နားကုန်ကြတာ”ဟု ၎င်းက ပြောသည်။

    မွန်ပြည်နယ်အတွင်း ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်း ၃၀၀၀ ကျော်ရှိသော်လည်း လက်ရှိတွင် ၁၀၀၀ ကျော်သာ ဆက်လက်လုပ်ကိုင်နေကြကြောင်း ငါးလုပ်ငန်းဦးစီးမှ သိရသည်။

    ယခုနှစ်တွင် လုပ်ငန်းရပ်နားထားကြသောကြောင့် လာမယ့် ငါးဖမ်းရာသီတွင် လုပ်ငန်းပြန်လည်ပတ်ရန် ခက်ခဲကြမည်ဖြစ်ကြောင်း ငါးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

    “တစ်နှစ်နားရင် တစ်နှစ် သိသာပါတယ်။ ပုံမှန်အတိုင်းမလည်ပတ်နိုင်တော့ဘဲ နားလိုက်ရပြီဆိုရင် နောက်နှစ် ရာသီမှာ ပြန်စနိုင်ဖို့အတွက်က အရင်းအနှီး ပိုကြီးသွားပြီ။ လုပ်ငန်းပြန်စဖို့ ပိုခက်သွားပြီ”ဟု ၎င်းက ပြောသည်။

    ငါးအမိအရ နည်းသော်လည်း စက်သုံးဆီဈေးနှုန်းများ တစ်ထောင်ကျပ်အောက် ပြန်လည်ရောက်ရှိပါက လှေလုပ်ငန်းရှင်များအတွက် အခက်အခဲကြီးမားလာမည်မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် အောက်တိန်း 95 တစ်လီတာ ၁၆၄၅ကျပ်  ၊ 92 တစ်လီတာ ၁၅၄၅ ကျပ်  ၊ ဒီဇယ် တစ်လီတာ ၁၅၅၅ကျပ်  နှင့် ပရီမီယံ ဒီဇယ် တစ်လီတာ  ၁၅၇၀ကျပ်ထိ ဈေးနှုန်းရှိခဲ့သည်။

    ယခုလ ပထမအပတ်တွင် အောက်တိန်း 95 တစ်လီတာ  ၁၈၀၀ ကျပ်၊ 92 တစ်လီတာ ၁၇၀၅ ကျပ် ၊ ဒီဇယ် တစ်လီတာ ၁၇၃၅ ကျပ် နှင့် ပရီမီယံ တစ်လီတာ ၁၇၅၀ကျပ် ထိ ဈေးမြင့်တက်ခဲ့သည်။

    မွန်ပြည်နယ်အတွင်း နှစ်စဉ် ငါးတန်ချိန် တစ်သိန်းကျော် ပုံမှန် ထွက်ရှိနေပြီး ထွက်ရှိလာသော ငါးများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရောင်းချနေကြောင်း သိရသည်။

    Caption: ငါးဖမ်းစက်လှေ (Photo: Chan Danu;FB)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks