Saturday, March 14, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအစင်ကျေးရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရမှုတွင် လူ ၁၀ ဦးကျော် ဖမ်းဆီးစစ်ဆေးနေ

    အစင်ကျေးရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရမှုတွင် လူ ၁၀ ဦးကျော် ဖမ်းဆီးစစ်ဆေးနေ

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၂ ဇန်နဝါရီ ၃)

    မွန်ပြည်နယ် ရေးမြို့နယ် အစင်စံပြကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦး အပါအဝင် လူ (၁၀) ဦးကျော်ကို ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ရဲအသိုင်းအဝိုင်းမှ သိရသည်။

    ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေတွင် ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်ညိုလေးနှင့် အခြားသံသယရှိသူ (၁၀) ဦးခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။

     ရဲတပ်ဖွဲ့မှူး ဦးသိန်းဇော်က ” ရွေးကော်ကတော့ ကျွန်တော်တို့ ဖမ်းတာမဟုတ်ပါဘူး။ စစ်တပ်က တိုက်ရိုက်ခေါ်ပြီး စစ်ဆေးနေတာမျိုးဖြစ်မယ်။ သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးတာမျိုး လုပ်ဆောင်နေပါတယ်။ ရွေးကော်အပြင် ၁၀ ယောက်ကျော်လောက်ရှိသေးတယ်” ဟု ပြောသည်။

    ဖေဖော်ဝါရီလ ၂ ရက်နေ့ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၌ပြုလုပ်သည့် နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲသို့ တက်ရောက်ပြီး ‌ရေးမှ အစင်သို့အပြန် အဘော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ဆိုင်ကယ်စီးလူများက ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ဦးမောင်မြင့် သေဆုံးခဲ့ပြီး ကားပေါ်တွင် လိုက်ပါလာသူများနှင့် လမ်းသွားလမ်းလာတချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

    ယမန်နေ့ည ဖေဖော်ဝါရီလ ၂ရက်နေ့ ညပိုင်းတွင်လည်း ဒူးယားရွာရှိ ဆိုင်ကယ်စီးလူငယ်နှစ်ဦးကို စစ်တပ်က ခေါ်ယူစစ်ဆေးမှုမျိုး လုပ်ခဲ့သေးကြောင်း သိရသည်။

    “ခလေးနှစ်ယောက်က ဒီဖက်ကအေးချမ်းတော့ ညဘက်က ဆိုင်ကယ်နဲ့ထွက်တာ စစ်တပ်ကတွေ့တော့သူတို့ကိုလှမ်းခေါ်တယ်။ မိုးပေါ်သေနတ်ဖောက်ပြီးခြောက်တယ်။ပြီးတော့ ခေါ်မေးပြီးပြန်လွှတ်လိုက်ပါတယ်။” ဟု ဒူးယားရွာဒေသခံတစ်ဦးက ဆိုသည်။

    အဆိုပါ အစင်ကျေးရွာ အုပ်ချုပ်ရေးမှူး အသတ်ခံရမှု ဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးနောက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အစင်ရပ်ကွက်ရုံးတွင် အထိုင်ချကာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks