Homeငြိမ်းချမ်းရေးKNU ဒူးပလာယာခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်း အနားယူခွင့်တောင်း

KNU ဒူးပလာယာခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်း အနားယူခွင့်တောင်း

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၃၀)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းသည်  ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တာဝန်မှ အနားယူရန်ခွင့်တောင်းခဲ့ကြောင်း KNU ဗဟို နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးထံမှ သိရသည်။

ပဒိုစောတောနီးက “KNU Constitution အရ ခရိုင်ကွန်ရက် သက်တမ်း မပြည့်ခင် ကျန်းမာ​ရေး​ကြောင့် ဆက်လက်တာဝန် မထမ်း​ဆောင်နိုင်​တော့တာပဲဖြစ်ဖြစ်၊ ကွယ်လွန်သွားတာပဲဖြစ်ဖြစ်၊ တခြားအ​ကြောင်းအရာ တခုခုပဲဖြစ်ဖြစ် အ​ရေး​​ပေါ်အစည်းအ​ဝေး​ခေါ်ယူနိုင်ပါတယ်” ဟု ပြောသည်။

ပဒိုစောရွှေမောင်းသည် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ခရိုင်အရေးပေါ် အစည်းအဝေးခေါ်ယူ၍ တာဝန်မှ အနားယူခွင့်ပေးရန် ခွင့်တောင်းခဲ့ခြင်းဖြစ်ပြီး အနားယူရန်ခွင့်တောင်းချိန်တွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် အချိန်ကာလ ၂ နှစ်ကျန်သေးသည်ဟု သိရသည်။

ထို့အတူ လက်ရှိ ပဒိုစောရွှေမောင်း၏ ခရိုင်ဥက္ကဋ္ဌ နေရာအား အမှန်တကယ် တာဝန်ယူနိုင်မည့် ခေါင်းဆောင်တစ်ဦးကို အစားထိုးနိုင်ပါက ပိုကောင်းလာလိမ့်မည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN) မှ စောလေးကပေါက ပြောသည်။

“ပဒိုရွှေမောင်းအနေနဲ့ပေါ့နော် ဒီတာဝန်မှာ ဆက်လက်ပြီးတော့မှ ဖြစ်ပေါ်နေတဲ့ တုံပြန်မှု

မရှိခဲ့တဲ့အတွက်ကြောင့်မို့ အနားယူလိုက်တာ ပိုကောင်းမယ်လို့ ကျနော်ယူဆတယ်၊ ဘာလို့လည်းဆို‌တော့ သူ့နေ့ရာမှာ အမှန်တကယ် တာဝန်ယူနိုင်မယ့် ခေါင်းဆောင်တစ်ယောက်ကို အစားထိုးနိုင်ရင်တော့ အခုလက်ရှိ ကရင်ပြည်နယ် တပ်မဟာ ၆ ရဲ့ အခြေအနေအ‌ပေါ်မူတည်ပြီး ကိုင်တွယ်နိုင်မဲ့ တစ်ယောက်ပြန်လည်ပြီး အစားထိုးလာမယ်ဆိုရင်တော့ ပိုကောင်းလာ လိမ့်မယ်ပေါ့နော်၊ အနေအထားတစ်ခုရောက်လာလိမ့်မယ်လို့ ယူဆတယ် ခင်ဗျ” ဟု စောလေးကပေါက ပြောသည်။

KNU တွင် ဗဟိုနှင့် ခရိုင်အဆင့် ခေါင်းဆောင်များ၏ တာဝန်ထမ်းဆောင်သည့် သက်တမ်းမှာ ၄ နှစ်ဖြစ်ရာ ကျန်ရှိသော ၂နှစ်အတွက် ခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်းအစား ခရိုင်ဒုဥက္ကဌဖြစ်သူ တပ်မဟာ(၆) တပ်မဟာမှူးထံ တာဝန်လွှဲအပ်ထားခဲ့ကြောင်း သိရသည်။

သို့ရာတွင် မည်သည့်အကြောင်းကြောင့် ပဒိုစောရွှေမောင်း နှုတ်ထွက်အနားယူခဲ့သည်ကို သိရှိနိုင်ရန်

ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

ပဒိုစောရွှေမောင်း နှုတ်ထွက်ခြင်းအကြောင်းအရင်းကို မသိရသေးသော်လည်း ခရိုင်ဥက္ကဌ ပြောင်းခြင်းကြောင့် KNU ၏ ရပ်တည်ချက်ပြောင်းလဲမည်မဟုတ်ဟု ပဒိုစောတောနီးက ဆိုသည်။

“ခေါင်း​ဆောင်တဲ့လူအ​ပြောင်းအလဲ​တွေဖြစ်နိုင်​ပေမဲ့ အဲဒီ အသစ်တက်လာတဲ့​ခေါင်း​ဆောင်ဟာ လည်းအဲဒီမူပိုင်းဆိုင်ရာဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေအတိုင်းသွားရတာပါ။ လူသာ​ပြောင်းရင်​ပြောင်းမယ် မူက​​တော့အ​ပြောင်းအလဲ မရှိနိုင်ပါ။ မူ​ပေါ်လစီ​တွေ​ပြောင်းချင်ရင်​တော့ ဗဟို ဗဟိုကွန်ကရက်မှာပဲ ကိုယ်စားလှယ်အများစုရဲ့ ဆန္ဒနဲ့ပဲ​ပြောင်းလို့ရမယ်။ သို့​သော်ယ​နေ့ လက်ရှိနိုင်ငံ​ရေး ရာသီဥတုအရက​တော့ ဘာမူ​ပေါ်လစီမှ​ပြောင်းလဲနိုင်မည့်အရိပ်အ​ယောင်မျှ မ​တွေ့ရပါဘူးခင်ဗျ”ဟု ၎င်းက မှတ်ချက်ပြုသည်။

KNU ကွန်ကရက်ကို လာမည့်ဖေဖော်ဝါရီလတွင် ကျင်းပရန် စီစဥ်ထားသော်လည်း နိုင်ငံ​ရေး၊ စစ်​ရေးအ​ခြေအ​နေ​တွေ​ကြောင့် ယတိပြတ်​ပြောလို့မရ​သေးကြောင်း ပဒိုစောတောနီးက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts