မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၂၅)

မွန်ညီညွတ်ရေးပါတီ (MUP) က ဦးစီးကျင်းပကာ နိုင်ငံရေးကို စိတ်ဝင်စားသည့် လူငယ်များအတွက် အခြေခံ နိုင်ငံရေးသဘောတရားသင်တန်းကို ပေးအပ်ခဲ့ပြီး ယနေ့ (ဇန်နဝါရီ ၂၅) ရက်က သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်က စတင်ခဲ့သော တစ်လတာ သင်တန်းမှာ နိုင်ငံရေးကို စိတ်ဝင်စားသည့် လူငယ်များအတွက် အခြေခံခေါင်းဆောင်အဆင့် သင်တန်းအမှတ်စဉ် (၁)ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း MUP မှ လူငယ်ရေးရာတာဝန်ခံ မိစန္ဒာနွန်က ပြောသည်။
“အဓိကက လူငယ်အနာဂတ် ခေါင်းဆောင်ကို မွေးထုတ်တယ်ဆိုတော့ လူငယ်အနာဂတ်ခေါင်းဆောင်တွေ များများပေါ်နိုင်အောင် ဒီထဲမှာ သူတို့ကိုယ်သူတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ သူတို့မြို့နယ်၊ သူတို့ပြည်နယ်၊ သူတို့တိုင်းမှာ တစ်ချို့ဆို တိုင်းက လာတဲ့ကလေးတွေရှိတယ်လေ။ တိုင်းအဆင့်၊ ပြည်နယ်အဆင့် ခေါင်းဆောင်နိုင်အောင် တကယ့် ခေါင်းဆောင်ကောင်းဖြစ်လာနိုင်အောင် မွေးထုတ်ပေးတာပေါ့”ဟု မိစန္ဒာနွန်က ပြောသည်။
သင်တန်းသူ၊ သင်တန်းသားများက သင်တန်းကာလ တစ်လအတွင်း သင်ကြားမှုကို စိတ်ဝင်စားစွာ သင်ယူခဲ့ပြီး ပူးပေါင်းပါဝင်ပေးကြသည့်အတွက်ကြောင့် ဝမ်းသာမိကြောင်း ၎င်းက ပြောသည်။
အခြေခံ ခေါင်းဆောင်အဆင့် သင်တန်းအမှတ်စဉ် (၁)ကို သင်တန်းသား (၉) ဦး၊ သင်တန်းသူ (၁၂) ဦး စုစုပေါင်း (၂၁) ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
ယင်းအပြင် လူငယ်များကို ဦးတည်ကာ အခြေခံ နိုင်ငံရေးသဘောတရား သင်တန်းအမှတ်စဉ် (၂)ကို ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မိစန္ဒာနွန်က ပြောသည်။
နိုင်ငံရေးကို စိတ်ဝင်စားသည့် လူငယ် အသက် (၁၈) နှစ် မှ (၄၀) နှစ်အောက် မည်သူမဆို လာရောက် တက်ရောက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
သင်တန်းဆင်းပွဲကို မွန်ညီညွတ်ရေးပါတီ (MUP)မှ တာဝန်ရှိသူများ၊ သင်တန်းဆရာများ၊ ဆရာတော်ကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ မိသားစုဝင်များ စုစုပေါင်း (၇၀) ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။