Homeငြိမ်းချမ်းရေးKNU တပ်မဟာ ၆ နယ်မြေအတွင်း ည ၇ မှ နံနက် ၆ နာရီအထိ အသွားအလာခွင့်မပြု

KNU တပ်မဟာ ၆ နယ်မြေအတွင်း ည ၇ မှ နံနက် ၆ နာရီအထိ အသွားအလာခွင့်မပြု

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၄)


ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေအတွင်း ပြည်သူလူထုများနှင့် ခရီးသွားပြည်သူများအားလုံး ည (၇း၀၀) မှ နံနက် (၆း၀၀) နာရီအထိ ခရီးသွားလာဖြတ်သန်းခွင့် မပြုကြောင်း ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဌာနမှ ထုတ်ပြန်ခဲ့သည်။

လက်ရှိမြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တပ်မဟာ ၆ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ပြည်သူလူထုများနှင့် ခရီးသွားပြည်သူများအနေဖြင့် ထိုအခြေအနေများကြောင့် အန္တရာယ်များ ဖြစ်ရလေအောင် ရှောင်ရှားသွားလာနိုင်ရန်အတွက် ခရီးအသွားအလာကန့်သတ်ကြောင်း ဒီဇင်ဘာ ၂၅ ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်။

သို့ရာတွင် အရေးပေါ်ကိစ္စရှိလာပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အကြောင်းကြား ထောက်ခံချက်ရယူရမည်ဖြစ်ကြောင်း၊ အကယ်၍ ရယူခြင်းမရှိဘဲ သွားလာပြီး ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက တာဝန်ယူဆောင်ရွက်ပေးသွားမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်အရ မည်သည့်နေရာဒေသများတွင် သွားလာခွင့်မပြုသည်ကို  အတိအကျညွှန်ပြ ပြောဆိုထားခြင်း မရှိပေ။

မြန်မာအစိုးရထိန်းချုပ်ရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်နှင့် မွန်ပြည်နယ် မော်လမြိုင်ခရိုင်လက်အောက်ရှိ ဒေသအချို့ကို KNU တပ်မဟာ ၆ နယ်မြေအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

တပ်မဟာ ၆ ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက “KNU ဗဟိုအတွင်းရေးမှူးရဲ့ ညွန်ကြားလိုက်တဲ့အပေါ်မှာ သူတို့ ထပ်ဆင့်ညွန်ကြားတာဖြစ်မယ်။ ဒါမှမဟုတ် သူတို့ကိုပဲ မေးလိုက်ပါနော်။ ပဒိုတာဒိုမှူးတို့ကိုပဲ မေးပါ။ ကျနော်လည်းပဲ ဘာကြောင့် ထုတ်လည်းဆိုတာ သူတို့ကို မေးထားတုန်းပဲ၊ သူတို့ဘာမှ ပြန်မဖြေသေးဘူး” ဟု ဆိုသည်။

အလားတူ KNU ထိန်းချုပ်နယ်မြေ သထုံနှင့် ဘားအံမြို့နယ်တို့တွင် မနက် ၆ နာရီမှ ညနေ ၆ နာရီ အထိသာ ခရီးသွားလာရန် အမိန့်ထုတ်ပြန်ထားကြောင်း တွေ့ရှိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts