Homeငြိမ်းချမ်းရေးNCA လက်မှတ်ရေးထိုးထားတဲ့ EAOs တွေကို နစက သတိပေး

NCA လက်မှတ်ရေးထိုးထားတဲ့ EAOs တွေကို နစက သတိပေး

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၃၁)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) များအနေဖြင့် သဘောတူ စာချုပ်ပါ ကတိကဝတ်များ လိုက်နာရန် နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း တပ်မတော်မှ အာဏာရယူပြီးနောက် မြို့ကြီးအချို့တွင် ဆူပူမှုများ ပြုလုပ်ရန် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့အချို့က စစ်သင်တန်းများ၊ ဖောက်ခွဲရေးသင်တန်းများ ပေးအပ်ခဲ့ကြောင်း နစက က ပြောသည်။

“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် သဘောတူ စာချုပ်ပါ ကတိကဝတ်များကို အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် မိမိ လက်အောက်ခံအဖွဲ့အစည်းများအပေါ်တွင်လည်း စာချုပ်ပါစည်းကမ်းများ လိုက်နာစေ ရေး ထိန်းသိမ်းသွားရန် တိုက်တွန်းကြောင်းနှင့် စာချုပ်ပါစည်းကမ်းများကိုကျူးလွန် ချိုးဖောက်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ် သည့် လုံခြုံရေးဆိုင်ရာဆောင်ရွက်ချက်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်” ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

မြို့ကြီးများတွင် ဖောက်ခွဲရေးပြုလုပ်သူများကို စစ်ဆေးချက်အရ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာများတွင် ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့သူ (၁၇၃) ဦး ရှိကြောင်း၊ ဖမ်းဆီးရမိသည့် လက်နက်၊ ခဲယမ်းအများစုမှာ KNU နယ်မြေအသီးသီးမှ တဆင့် ပြည်တွင်းသို့ ဝင်လာကြောင်း နစက က စွပ်စွဲထားသည်။

တပ်မတော်က ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည့် NCA သဘော တူညီချက်များကို တိကျစွာ လေးစားလိုက်နာလျက်ရှိသည့်အပြင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးကိုလည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ သက်တမ်း တိုးမြှင့်ထားဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NCA လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့အစည်းများမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေး ပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts