spot_img
Sunday, May 19, 2024
More
    spot_img
    Homeငြိမ်းချမ်းရေး၂၀၂၁ ခုနှစ် သတင်းအနှစ်ချုပ်

    ၂၀၂၁ ခုနှစ် သတင်းအနှစ်ချုပ်

    -

    မွန်သတင်းအေဂျင်စီ (၃၁ ဒီဇင်ဘာ ၂၀၂၁)


    ၁။ ဇန်နဝါရီလ

    မွန်ညီညွတ်ရေးပါတီ MUP နှင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှ ဒေါက်တာအောင်မိုးညို ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲတို့ မော်လမြိုင်မြို့၌ တွေ့ဆုံကြမည့်နေရာ ညှိနှိုင်းမရကြသဖြင့် ဇန်နဝါရီ ၄ ရက်နေ့ နှစ်ဖက်ပါတီခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ပျက်သွားခဲ့သည်။

    ကိုဗစ် ၁၉ ဒုတိယလှိုင်းတွင် ၄ လနီးပါးပိတ်ထားရသည့် မော်လမြိုင်မြို့အမှတ်(၁)ဈေးနှင့် မြိုင်ရတနာဈေးကို ဇန်နဝါရီလ ၇ ရက်နေ့တွင် ဈေးအတွင်း လိုက်နာရမည့်စည်းကမ်းချက်(၈)ချက်ဖြင့် စည်ပင်သာယာရေးဝန်ကြီးဌာနက ပုံမှန်ပြန်လည် ဖွင့်လှစ်ရောင်းချရောင်းချခွင့်ပြုလိုက်သည်။

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်းကာလအတွင်း မွန်ပြည်နယ်အစိုးရအနေဖြင့် ကတိပေးခဲ့သည့် မေးခွန်းနှင့် အဆိုများ အကောင်ထည်ဖော်နိုင်မှု ထက်ဝက်မျှပင်မရှိကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌက ပြောသည်။

    ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် ပုံမှန်အစည်းအဝေး ၁၇ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၁ ကြိမ်၊ အထူးအစည်းအဝေး ၂ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် လွှတ်တော်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီက စတင်ကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးသည်။

    ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီ အနိုင်ရလွှတ်တော်ကိုယ်စားလှယ် (၁၂) ဦးတို့၏ ကတိကဝတ်ပြုလက်မှတ်ရေးထိုးပွဲတစ်ရပ်ကို မော်လမြိုင်မြို့ရှိ ပိုင်ခေတ်ခန်းမ၌ ဇန်နဝါရီလ ၁၆ ရက်နေ့က ကျင်းပခဲ့သည်။

    တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်နေ့ စတင်ကျင်းပရန်ခေါ်ယူရန် မွန်ပြည်နယ်လွှတ်တော်ရုံးက ဇန်နဝါရီ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး လွှတ်တော်ဥက္ကဌနှင့် ဒုတိယ ဥက္ကဌသစ်များ ရွေးချယ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုခြင်းများ ပြုလုပ်သွားမည်ဟု ဆိုသည်။

    တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ၁၇ ဦး၊ မွန်ညီညွတ်ရေးပါတီ(MUP) ပါတီမှ ၆ ဦးနှင့် တပ်မတော်ဦးစီးချုပ်က ရွေးချယ်သည့်တပ်မတော်သား ကိုယ်စာလှယ် ၈ ဦး စုစုပေါင်း ၃၁ ဦးတို့ ပါဝင်သည်။

    မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အသစ်များ မိတ်ဆက်ပွဲအခမ်းနားကို ဇန်နဝါရီ ၂၂ ရက်နေ့က ကျင်းပခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD  ၅ ဦး၊ မွန်ညီညွတ်ရေးပါတီ MUP ၆ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၆ ဦးသာ တက်ရောက်ဖြစ်ခဲ့ပြီး NLD လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး တက်ရောက်ခြင်းမရှိသည့်အပေါ် စိတ်မကောင်းဖြစ်ရပါကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက ပြောသည်။

    ဒေါ်တင်အိက “သူတို့အတွက် အကျိုးရှိစေဖို့ လာမယ့်လွှတ်တော်သစ်အစည်းအဝေး ပထမနေ့မှာပဲ လွှတ်တော်ဥက္ကဌ ဒုတိယဥက္ကဌ ပေါ်ပေါက်လာဖို့အရေးကြီးတယ် အဆင်ပြေချောမွေ့စွာဖြစ်ဖို့ ကျမရော အားလုံးပါ ကြိုးစားပြီးတော့ ဒီလိုနေ့ကို ဒီလိုပွဲမျိုးဆောင်ရွက်ထားတာ ကျမတို့ပါတီက ကိုယ်စားလှယ်တွေ မတက်ရောက်တဲ့အတွက်ကြောင့် ကျမစိတ်မကောင်းပါဘူးလို့ ပြောချင်တယ်” ဟု ဆိုသည်။

    ၂။ ဖေဖော်ဝါရီလ

    နိုင်ငံတော်တွင် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေနှင့် ပတ်သက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ်တာဝန်ယူပြီး သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာကြောင်း ဖေဖော်ဝါရီ ၁ ရက် နံနက် ၈ နာရီတွင် မြဝတီရုပ်မြင်သံကြားမှ တဆင့်ထုတ်လွင့်ပြသခဲ့သည်။

    တပ်မတော်က စစ်အာဏာသိမ်းလိုက်ပြီးနောက် နေပြည်တော် စည်ပင်ရိပ်သာ၌ပိတ်မိနေသော ရွေးကောက်ခံကိုယ်စားလှယ်များကို ဖေဖော်ဝါရီ ၂ ရက်နေ့တွင် နေအိမ်ပြန်ခွင့်ပြုလိုက်သည့်အတွက် မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်များ မွန်ပြည်နယ်သို့ ပြန်လာတော့မည်ဖြစ်ကြောင်း ရေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ပြောသည်။

    တပ်မတော်မှအာဏာသိမ်းလိုက်ခြင်းသည် ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှုပျက်သုဉ်းစေသောကြောင့် မွန်အရပ်ဖက်အဖွဲ့အစည်းများကွန်ယက် Mon Civil Society Organization’s Network မှ အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း ဖေဖော်ဝါရီ ၅ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ဒီမိုကရေစီထွန်းကားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းများတွင် တိုင်းရင်းသားညီနောင်များ၊ မွန်ပြည်သူများနဲ့အတူ တတပ်တအား ပါဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

     “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ” တွင် ပါဝင်ဖို့ ကမ်းလှမ်းချက်ကို မွန်ညီညွတ်ရေးပါတီ MUP လက်ခံကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့က ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အရေးပေါ် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်လိုက်သည်။

    ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်က စတင်ပြီး မော်လမြိုင်မြို့တွင် အင်အားထောင်သောင်းချီပါဝင်သော  ဒေသခံပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ NLD ပါတီ ထောက်ခံဝန်းရံသူများ၊ လူမှုကူညီကယ်ဆယ်ရေး ပရဟိတ အဖွဲ့အချို့နှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများ ပူးပေါင်းပြီး သိပ္ပံလမ်းထိပ်မှ စတင်ကာ လမ်းလျှောက်ခြင်း၊ ဆိုင်ကယ်နှင့် ကားများဖြင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး မြို့တစ်ပတ်လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။

    မော်လမြိုင်နှင့် ရေးမြို့နယ်တို့တွင် ဖေဖော်ဝါရီ ၈ ရက်နေ့က ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ပြီး ည (၈)နာရီအချိန်မှ နံနက် (၄) နာရီအချိန်အတွင်း အပြင်မထွက်ကြရန်နှင့် လူ ၅ ဦး သို့မဟုတ် ၅ ဦးအထက်ပိုသောသူများ အများပြည်သူနှင့်ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြုရန် တားမြစ်လိုက်သည်။

    မွန်ပြည်နယ်အစိုးရအိမ်ယာဝင်းအတွင်း နေအိမ်အကျယ်ချုပ်ကျခံနေရသူ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ဖေဖော်ဝါရီ ၁ဝ ရက်ညပိုင်းတွင် စစ်တပ်က ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျန်မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံးကိုလည်း သီးသန့်နေရာများ၌ အကျယ်ချုပ်ချထားလိုက်သည်။

    မော်လမြိုင်၊ ကျိုက်ထို၊ သံဖြူဇရပ်နှင့် ရေးမြို့နယ် ၄ ခုတို့တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသောကြောင့် သာမန်လက်လုပ်စားပြည်သူများအနေဖြင့် မိမိတို့၏လုပ်ငန်းခွင်အသီးသီးသို့ အချိန်မီ ဝင်ထွက်သားလာနိုင်ရန် အခက်အခဲရှိလာကြောင်း၊ မြန်မာနိုင်ငံတဝန်း မြို့ပေါင်း ၉၀ ကျော်တွင် ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး ပုဒ်မ ၁၄၄ ကာဖျူး ညမထွက်ရ အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

    တပ်မတော်၏ ပုဒ်မ ၁၄၄ အမိန့်ကိုဖီဆန်၍ မွန်ပြည်နယ်အတွင်း မြို့ပေါ်အသီးသီး၌ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲများ နေ့စဉ်ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံ မြို့ပေါင်း ၉၀ တွင် ညမထွက်အမိန့် ထုတ်ပြန်ထားသည့်ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပေါ်လျှက်ရှိသည်။

    “အာဏာရှင်ဟူသမျှ တော်လှန်သော”ခေါင်းစည်းစာတမ်းဖြင့် မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားလူငယ်များနှင့် မြို့ခံပြည်သူလူထုအင်အား ၁၀၀၀ ခန့် ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းက မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့ပေါ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

    မည်သို့သောအကြောင်းကြောင့်ဖြစ်စေ အာဏာကိုအင်အားသုံးရယူခြင်းဖြင့် နိုင်ငံအတွက်များစွာထိခိုက်နစ်နာစေသည်ကို သမိုင်းအဆက်ဆက်ကြုံတွေ့လာခဲ့ရပြီးဖြစ်၍ မွန်ပြည်သစ်ပါတီအနေဖြင့် မလိုလားကြောင်း၊ တပ်မတော်နှင့် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီတို့အကြား ဖြစ်ပေါ်နေသောနေသော ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ပါကြောင်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ NMSP က ဖေဖော်ဝါရီ ၁၂ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။

    စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်ဆန္ဒပြနေစဥ် တပ်မတော်နှင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထောက်ခံသူ မွန်ပြည်နယ် ၁၀ မြို့နယ်မှအစုအဖွဲ့ များ မော်လမြိုင်မြို့ပေါ်သို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် စုဝေးရောက်ရှိလာကြောင်း၊ တပ်မတော်ထောက်ခံသူများသည် မွန်းတည့်အချိန်ခန့်တွင် မော်လမြိုင်မြို့ ကမ်းနားလမ်းရေပေါ်ဈေးသို့ စုဝေးရောက်ရှိလာပြီး “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံကြိုဆိုပါသည်” ဆိုင်းပုဒ်များ ကိုင်ဆောင်ကာ မြို့အတွင်း လှည့်လည်ခဲ့ကြောင်း၊ တပ်မတော် ထောက်ခံသူများ ယင်းသို့မြို့ပေါ်လှည့်လည်ရာတွင် မော်လမြိုင်မြို့ခံများ လမ်းတလျှောက် သံပုံးတီးကန့်ကွက်ခဲ့သည်။

    စစ်အာဏာသိမ်းဆန့်ကျင်မှု အာဏာဖီဆန်ရေး “ရုံးမတက်နဲ့ ရုန်းထွက်”လူထုလှုပ်ရှားမှုတွင် အစိုးရဝန်ထမ်းများ ပါဝင်လာရေး (၉) ရက်မြောက်အဖြစ် ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့၌ သောင်းနှင့်ချီသောလူထုဆန္ဒပြချီတက်ပွဲများ အရှိန်မြင့်လှုပ်ရှားလာကြပြီး “We Don’t Accept MILITARY COUP”, “END THE DICTATORSHIP IN MYANMAR”, “RESPECT Human Rights”, “STOP VIOLENCE”, “GET OUT DICTATOR”, “GIVE BACK DEMOCRACY”, “JOIN IN CDM”, “ရုံးမတက်နဲ့ ရုံးထွက်” ပိုစတာဆိုင်းဘုတ်အသီးသီးကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် ဆန္ဒဖေါ်ထုတ်ခဲ့သည်။

    စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး “ရုံးမတက်နဲ့ ရုန်းထွက်” CDM လှုပ်ရှားမှုတွင် ဘဏ်ဝန်ထမ်းအများစုပါဝင်ပြီး ဖေဖော်ဝါရီ ၁၅ ရက်အထိ ပုဂ္ဂလိကဘဏ်အများစု ဆက်လက်ပိတ်ထားသဖြင့် Customer များ ငွေသွင်းငွေထုတ်မပြုလုပ်နိုင်သောကြောင့် လုပ်ငန်းခွင်များအတွင်း အခက်အခဲဖြစ်ပေါ်လာခဲ့သည်။

    နေ့စဉ်ပုံမှန်ပြေးဆွဲနေသော မော်လမြိုင်-ရန်ကုန် အမှတ် ၉၀ လူစီးရထားကို ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ဆန္ဒပြလူထုများပိတ်ဆို့သဖြင့် ရန်ကုန်မြို့သို့ မသွားရောက်နိုင်ဘဲ မော်လမြိုင်ဘူတာကြီးသို့ ပြန်လည်ဝင်ရောက်လာသည်။

    ဖေဖော်ဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ စစ်အာဏာရှင်ဆန့်ကျင်ကန့်ကွက်ရေး လူထုလှုပ်ရှားမှုတွင် သောင်းနှင့်ချီသောလူထုဆန္ဒပြချီတက်ပွဲများ အရှိန်မြင့်လှုပ်ရှားလာကြပြီး CDM လှုပ်ရှားမှုတွင်လည်း အလွှာပေါင်းစုံမှ ပါဝင်လာပါကြောင်း၊ ချီတက်လမ်းလျှောက်ဆန္ဒပြပွဲတွင် ပညာရေး၊ ကျန်းမာရေး၊ မြန်မာ့မီးရထား (မော်လမြိုင်)၊ မြန်မာနိုင်ငံ သင်္ဘောသားများအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းတချို့နှင့် မြို့ခံပြည်သူလူထု အင်အား ၁ သောင်းဝန်းကျင်ခန့် ရှိခဲ့သည်။

    စစ်အာဏာသိမ်းမှုဖြစ်ပေါ်ပြီးနောက်ပိုင်း မြို့ပေါင်း ၉၀ ကျော်ခန့်တွင် ကာဖျူး-ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားသဖြင့် ကုန်တင်ကားများ ညပိုင်းသွားလာမရဖြစ်နေပြီး ကုန်ပစ္စည်းပို့ဆောင်ရေး အခက်အခဲဖြစ်ပေါ်လာကြောင်း ကုန်တင်ကားမောင်းသူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ပြည်တွင်း၌လည်ပတ်နေသာ ဘဏ်လုပ်ငန်းများအားလုံး ရပ်တန့်နေသဖြင့် မွန်နှင့် ကရင်ပြည်နယ်အတွင်းရှိ ရာဘာရောင်းဝယ်ရေးဒိုင် အများအပြား လုပ်ငန်းရပ်ဆိုင်းသွားကြောင်း၊ ဘဏ်ဖြင့် အလုပ်လုပ်ရသည့်လုပ်ငန်းဖြစ်သောကြောင့် ဘဏ်ပိတ်သည့်ရက်မှစ၍ ငွေရေးကြေးရေး မလည်ပတ်နိုင်သဖြင့် အရောင်းအဝယ်များ ပိတ်ထားရပြီဖြစ်ကြောင်း ရာဘာအဝယ်ဒိုင်သမားများက ပြောသည်။

    အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု တစ်နိုင်ငံလုံးအနှံ့ဖြစ်ပေါ်လာနေပြီး အခြေခံစားသောက်ကုန်များ ဆန်နှင့် စားသုံးဆီမှအစ စက်သုံးဆီများအပါအဝင် ကုန်ဈေးနှုန်းများ ရုတ်တရက်ခုန်တက်သွားကြောင်း၊ စစ်အာဏာမသိမ်းခင်က ဈေးကွက်အတွင်းရှိ စားသုံးဆီဈေး ၁၀ ပိဿာတစ်ပုံး ၂ သောင်းကျော်ဝန်းကျင်သာရှိခဲ့ရာမှ ကျပ် ၃ သောင်းကျော်အထိဖြစ်လာကြောင်း မော်လမြိုင် ဆီကုန်သည်တစ်ဦးက ပြောသည်။

    မွန်ပြည်နယ် စီမံအုပ်ချုပ်မှုကောင်စီတွင် မွန်ညီညွတ်ရေးပါတီ MUP တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမ(ခေါ်) နိုင်ခင်မောင်ဇင် အဖွဲ့ဝင်အဖြစ် ပါဝင်လာကြောင်း၊ မွန်ညီညွတ်ရေးပါတီ MUP အနေဖြင့် နိုင်ငံရေးအရ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေး အဖြေရှာသည့်နည်းလမ်းဖြင့်သာ လက်ရှိတစ်ဆို့နေမှုများကို ငြိမ်းချမ်းစွာအဖြေရှာနိုင်လိမ့်မည်ဟုယူဆ၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်နေခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

    စစ်အာဏာရှင်ဆန့်ကျင်ကန့်ကွက်သည့် ပြည်လုံးကျွတ် (၂၂၂၂၂) နွေဦးတော်လှန်ရေး အထွေထွေသပိတ်သည် မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်၌ ဆန္ဒပြသည့် (၁၆) ရက်နေ့မြောက်အဖြစ် အလွှာပေါင်းစုံမှ သိန်းနှင့်ချီသောလူထုများက ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာ့မီးရထားဝန်ထမ်း (မော်လမြိုင်)၊ မြန်မာ့စာတိုက်လုပ်ငန်း (မော်လမြိုင်)၊ မြန်မာနိုင်ငံရှေ့နေများ၊ ပုဂ္ဂလိကအာမခံလုပ်ငန်း ဝန်ထမ်းများ၊ ဆေးကုမ္ပဏီဝန်ထမ်းများအဖွဲ့ (မော်လမြိုင်)၊ မော်လမြိုင်တက္ကသိုလ်များမှ ကျောင်းသားသပိတ်၊ အထက (၁) မော်လမြိုင် ကျောင်းသား/ ကျောင်းသူဟောင်းများ၊ မော်လမြိုင်တက္ကသိုလ် ဘူမိဗေဒ ကျောင်းသား/ ကျောင်းသူများ၊ အမှတ် (၁) ဈေးသူ/ ဈေးသားများ၊ မြန်မာမွတ်စ်လင်မ်များနှင့် မြို့ခံပြည်သူလူထုများ စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

    ရပ်ကွက်/ကျေးရွာအုပ်စု (၄၂) ခုရှိသည့် မုဒုံမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်ဖြစ်သည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအချို့ကို တာဝန်မှရပ်စဲလိုက်ပြီးနောက် ရပ်/ကျေးအုပ်ချုပ်ရေးမှူး (၂၄) ဦးကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့က ခန့်အပ်တာဝန်ပေးခဲ့သည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် မော်လမြိုင်မြို့ မြို့မရဲစခန်း၌ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းတွင် အမှုဖွင့်လိုက်ကြောင်း၊ မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မြို့နယ်အဆင့်ခေါင်းဆောင်အချို့ ဖမ်းဆီးခံလိုက်ရပြီး အချို့မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ မွန်ပြည်နယ်အစိုးရ ဝန်ကြီးအိမ်ယာဝင်းတွင် ထိန်းသိမ်းခံထားရသော မွန်ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို မိမိတို့နေအိမ်အသီးသီးသို့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြန်ခွင့်ပြုလိုက်ပြီး ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တစ်ဦးတည်းကိုသာ ဖမ်းဆီးခေါ်ဆောင်ထားကြောင်း သိရသည်။

    လက်ရှိဖြစ်ပွားနေသည့်နိုင်ငံရေးပြဿနာအား အင်အားသုံး၍ အကြမ်းဖက်ဖြေရှင်းသည့်နည်းလမ်းကို အားမပေးကြောင်းနှင့် နိုင်ငံရေးနည်းလမ်းဖြင့်သာ ထွက်ပေါက်ရှာဖွေရန် ဖေဖော်ဝါရီ ၂၇ ရက်တွင် ကျရောက်သည့် မွန်ပြည်သစ်ပါတီ၏ (၇၄) ကြိမ်မြောက် မွန်အမျိုးသားနေ့ သဘောထားကို ထုတ်ပြန်ခဲ့ကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာနှင့် နိုင်ငံရေးအကျပ်အတည်းသည် NLD အာဏာပြန်လည်ရရှိရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအောက် ပြန်လည်ဝင်ရောက်နိုင်ရေးအတွက်သာ အရေးကြီးနေသည်မဟုတ်ပဲ မဟာဝါဒီနှင့် အာဏာရှင်များ ကျဆုံးသွားကာ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် တည်ဆောက်နိုင်မှသာလျှင် ယခုနိုင်ငံရေး၏ စစ်မှန်သောထွက်ပေါက်အဖြေအား ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက ဆိုသည်။

    စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုဆန္ဒပြပွဲကို မော်လမြိုင်မြို့တွင် နေ့စဉ်ဆက်တိုက်ပြုလုပ်လျှက်ရှိရာ (၂၂) ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဈေးကြိုရပ်ကွက်၌ ညနေ ၅ နာရီခွဲအချိန်ခန့်က လုံထိန်းတပ်ဖွဲ့ပစ်ခတ်မှုကြောင့် ဆန္ဒပြနေသူ အသက် (၂၁) နှစ်အရွယ်ရှိ မောင်ဇင်မျိုးသူ၏ ဦးခေါင်းရှေ့နဖူးကို ကျည်ဆန်ထိမှန် သေဆုံးခဲ့သည်။


    ၃။ မတ်လ

     UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော်က “(28-2-2021) ဖြစ်သွားတဲ့ ကိစ္စပေါ့ဗျာ၊ အတော်လေး အင်အားသုံးတယ်ပေါနော်၊ အမှန်ကတော့ အပြစ်မဲ့ ပြည်သူတွေ လူငယ်တွေ အမျိုးသမီးတွေ သူတို့ရဲ့ဆန္ဒကို ဖော်ထုတ်တာလေ။ အဲတာကို ဖြိုခွင်းတယ် ဆိုတဲ့ အခါမှာ သာမန်ဆန္ဒဖော်ထုတ်တဲ့ ဟာတွေကို သုံးနေကြ လက်နက်တွေမကဘူး တကယ့် ကျည်အစစ်တွေနဲ့ ပစ်တာဆို့ ခတ်တာတို့ တစ်နိုင်ငံလုံးမှာဆိုရင် လူပေါင်း ၂၀ ကျော်လောက် အမျိုးသမီးတွေ၊ ကလေးတွေ၊ ပစ်ခတ်ခံပြီးတော့ သေကြတယ် ဒါတွေကတော့ အင်အားကို အလွန်အကျွံသုံးတယ်လို့ယူဆတယ်။ ဒါကြောင့် ဒါမျိုးတော့ မဖြစ်သင့် အကုန်လုံးက ကျွန်တော်တို့ နိုငိငံသားတွေပဲဆိုပြီးတော့ အဲဒီရပ်တည်ချက်အနေနဲ့ UNA မိတ်ဖက်အနေနဲ့ အဖွဲ့အစည်းက ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ပါတယ်” ဟု ဆိုသည်။

    ဘီးလင်း၊ သထုံ၊ ပေါင်နှင့် ကျိုက်မရောမြို့နယ်တို့တွင် ဒေသခံ ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ NLD ၏ မြို့မိမြို့ဖများ၊ CDM လှုပ်ရှားမှုဝန်ထမ်းများနှင့် လူငယ်များစုစည်း၍ ပြည်သူ့အုပ်ချုပ်ရေးဖွဲ့စည်းထားကြောင်း ထုတ်ပြန်ချက်များက ဖော်ပြသည်။ 

    မော်လမြိုင်မြို့နှင့် မုဒုံ၊ သံဖြူဇရပ် မြို့အဝင်အထွက်ဂိတ်များတွင် ရဲနှင့်စစ်သားများ ပူးပေါင်းပြီး ဖြတ်သန်းသွားလာသည့် မော်တော်ကားနှင့်ဆိုင်ကယ်များကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လာကြောင်း ခရီးသွားပြည်သူများမှ သိရသည်။

    လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ပြည်တွင်းရှိ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်နှင့် စားသုံးဆီ ဈေးနှုန်းများ ရုတ်တရက်ခုန်တက်သွားသဖြင့် မော်လမြိုင်မြို့ပေါ်ရှိ ထမင်းဆိုင်များ တွက်ချေမကိုက်ဖြစ်လာကြောင်း၊ စားသုံးဆီတစ်ထုပ်လျှင် ယခင်ကျပ် ၁၄၀၀ မှ ကျပ် ၂၃၀၀ အထိ၊ ကြက်သားမှုန့်အထုပ်ကြီး ယခင်ဈေးနှုန်း ကျပ် ၂၉၀၀ မှ ကျပ် ၃၄၀၀ ထိ ဈေးနှုန်မြင့်တက်လာကြောင်း မော်လမြိုင် ထမင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

    “အရင်းခံပြဿနာတွေက နိုင်ငံရေးဖြစ်တယ်လို့ပဲ ကျနော်တို့မြင်တယ် နိုင်ငံရေးဆိုတော့ နိုင်ငံရေးနည်းလမ်းအရပဲ အေးအေးဆေးဆေး ဆက်ပြီးဖြေရှင်းသွားစေချင်တယ် ဆန္ဒပြတာကလည်း လူထုတွေမှာ ဆန္ဒပြပိုင်ခွင့်ဆိုတာက ရှိနှင့်ပြီးသား အခွင့်အရေးတွေပါပဲ နည်းမှန်လမ်းမှန်နဲ့ပြသွားကြဖို့ပါ ပြီးတော့ အခုလိုဆန္ဒပြတဲ့အပေါ် ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာလည်း နည်းလမ်းမှန်ကန်စွာ ဖြစ်စေချင်ပါတယ် ကျနော်တို့ပါတီ (NMSP) အဓိကရှုမြင်တာက ဆွေးနွေးဖြေရှင်းသွားတဲ့နည်းလမ်းကိုပဲ ဖြစ်စေချင်တယ် ကျနော်တို့နိုင်ငံရဲ့ ပြဿနာကတော့ ဆွေးနွေးဖြေရှင်းခြင်းဖြင့်သာ ပြေလည်မှုရရှိနိုင်မယ်လို့ ဒီကနေ့အနေအထားကို သုံးသပ်ရပါတယ်”  မွန်ပြည်သစ်ပါတီ NMSP ရပ်တည်ချက်သဘောထားနဲ့ပတ်သက်ပြီး ပါတီဗဟိုတွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှက မွန်သတင်းအေဂျင်စီအင်တာဗျူးတွင် ပြောကြားခဲ့သည်။

    မော်လမြိုင်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့တွင် မတ်လ (၆) ရက်နေ့မှစတင်၍ စစ်သားနှင့်ရဲများ စသည့်လုံထိန်းတပ်ဖွဲ့များ နေရာဝင်ယူထားကြောင်း သိရှိရသည်။

    သထုံမြို့နယ်တွင် မတ်လ ၈ ရက် နံနက်ပိုင်းတွင် လမ်းသွားလမ်းလာ ပြည်သူများကိုတားဆီး၍ မိုဘိုင်းဖုန်းများအား ရဲနှင့် စစ်သားလုံခြုံရေးတပ်ဖွဲ့ဝင်တို့ စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြောင်း၊ ပေါ်တော်မူဘုရားလမ်းပေါ်တွင် လမ်းသွားလမ်းလာများ၏ ဆိုင်ကယ်၊ မော်တော်ကားတို့ကို တာဆီးပြီး မိုဘိုင်းဖုန်းများဖွင့်စေကာ လူမှုကွန်ရက် အသုံးပြုမှုတွေကို လိုက်လံ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း စစ်ဆေးခံရသူများက ဆိုသည်။

    တပ်မတော်မှ အာဏာသိမ်းပြီးနောက် အင်တာနက်လိုင်းများကို အချိန်ကန့်သတ် ပိတ်ပင်ခြင်း၊ လူမှုကွန်ရက် စာမျက်နှာကို ပိတ်ခြင်း၊ အင်တာနက်လိုင်းမြန်နှုန်း လျှော့ချခြင်းများ လုပ်ဆောင်လာသည့်အတွက် စာသင်ကြားရာတွင် အခက်အခဲဖြစ်နေရကြောင်း၊ အင်တာနက်လိုင်းများ အချိန်ကန့်သတ်ထားခြင်းနှင့် လူမှုကွန်ရက်စာမျက်နှာများ ပိတ်ပင်ထားခြင်းသည် လူငယ်များအတွက် အနာဂတ်အခွင့်အလမ်းများ ဆုံးရှုံးစေသည်သာမက လူ့အခွင့်အရေးချိုးဖောက်ခံရသည့် အနေအထားမျိုးဖြစ်နေကြောင်း Online မှ ပညာသင်ကြားနေသည့် လူငယ်များက ပြောဆိုနေကြသည်။

    ချောင်းဆုံနှင့် ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က မတ်လ ၈ ရက်နေ့တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ဆက်လက်ထုတ်ပြန်လိုက်ပြီး မော်လမြိုင်၊ သံဖြူဇရပ်၊ ရေးနှင့် ဘီးလင်း မြို့နယ်တို့တွင် ဖေဖော်ဝါရီလကတည်းက ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီးဖြစ်သည်။

    စစ်အစိုးရဆန့်ကျင်ရေး ရေးမြို့ တွင် ရက် ၃၀ မြောက်ဆန္ဒပြချီတက်စဥ် မတ်လ ၉ ရက်နံနက်ပိုင်းအချိန်က လုံခြုံရေးအဖွဲ့မှ ရာဘာကျည်များဖြင့် သေနတ်အချက် ၅၀ ကျော် ပစ်ခတ်လူစုခွဲခဲ့ပြီး ကျုံလောင်းရွာဟောင်းနေ စောအိုက်ဖောင် (၂၇ နှစ်) ဆိုသူအား ဖမ်းဆီးအရေးယူထားကြောင်း၊ ရေးမြို့ NLD အဖွဲ့ဝင်များနှင့်အတူ ဒေသခံကရင်တိုင်းရင်းသား အင်အား ၃၀၀ ကျော်ခန့် ဆန္ဒပြချီတက်လာစဉ် နံနက် ၁၀ ခွဲကျော်အချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့မှ လူစုခွဲရန်အသံချဲ့စက်ဖြင့်ပြောကြားသော်လည်း လိုက်နာခြင်းမရှိသဖြင့် ယင်းသို့ပစ်ခတ်၍ လူစုခွဲခဲ့ရကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

    ကိုဗစ်ရောဂါကူးစက်မှုကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးတို့တွင် အသွားအလာကန့်သန့်ထားခြင်း မရှိသော်လည်း နိုင်ငံတဝန်းဆန္ဒပြပွဲများနေ့စဉ်ဖြစ်ပေါ်နေသည့်အပြင် ညမထွက်ရအမိန့်ကြောင့် ခရီးသည်များ သွားလာမှုမရှိသလောက်ဖြစ်နေပြီး အဝေးပြေး ခရီးသည်တင်မော်တော်ယာဉ်များ ပုံမှန်သွားလာမှုမရှိတော့ကြောင်း သိရသည်။

    မော်လမြိုင်မြို့ပေါ်တွင် မတ်လ ၉ ရက် နံနက် ၉ နာရီအချိန်ခန့်က ရဲနှင့် စစ်သားလုံခြုံရေးတပ်ဖွဲ့ဝင်တို့ လမ်းသွားလမ်းလာ မော်တော်ကားနှင့်ဆိုင်ကယ်များကို တားဆီး၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်းမီးပွိုင့်၊ မြို့ရှောင်လမ်းမကြီး၊ ဈေးကြိုအဝိုင်းအနီးတဝိုက်၊ ဈေးကြို ဖိုးလပြည့်ဆီဆိုင်၊ အထက်လမ်းမကြီး မွန်ပြည်နယ်လွှတ်တော်အနီးတို့တွင် တားဆီး၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    ရန်ကုန်တိုင်းဒေသကြီး ၆ မြို့နယ်တွင် မတ်လ ၁၄ ရက်က စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာလိုက်ကြောင်း၊ အလားတူ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံ‌ရေးကို အာမခံချက်ပေးရန်နှင့် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများကို မဖျက်ဆီးမိစေရန် တိုက်တွန်းပါကြောင်း ရန်ကုန်မြို့တရုပ်သံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    ကိုဗစ်ကာလစီးပွားရေးရိုက်ခတ်မှုနှင့်အတူ ပြည်ပသို့ငါးတင်ပို့မှု လုံးဝရပ်တန့်သွားသောကြောင့် မွန်ပြည်နယ်ငါးလုပ်ငန်းများ ရာနှုန်းပြည့်အားလုံးနီးပါးရပ်ဆိုင်းထားရကြောင်း၊ တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရာတွင် ငွေကြေးလည်ပတ်မှုအခက်အခဲအပြင် စက်သုံးဆီဈေးမြင့်တက်လာမှုကြောင့် တွက်ခြေမကိုက်တော့ကြောင်း ငါးလုပ်ငန်းရှင်များက ပြောဆိုကြသည်။

    နိုင်ငံတော် စီမံအုပ်ချုပ်မှုကော်မတီတွင် မွန်ညီညွတ်ရေးပါတီ MUP ပါဝင်သင့်ကြောင်း မတ်လ ၁၅ ရက်နေ့က သံဖြူဇရပ်မြို့တွင်ကျင်းပခဲ့သော ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးမှ မဲအရေအတွက် ၃ ပုံ ၂ ပုံကျော် အများစုဖြင့် ထောက်ခံအတည်ပြုလိုက်သည်။ 

    မွန်ပြည်နယ် မြို့နယ်အချို့တို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားသဖြင့် ည ၈ နာရီနောက်ပိုင်း အရေးပေါ်လူနာများကို သွားရောက်ကူညီကယ်ဆယ်ရန်အတွက် အခက်အခဲများ ရင်ဆိုင်နေရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

    ကျိုက္ခမီမြို့ ဟိတကာရီ ပရဟိတအသင်း စေတနာ့ဝန်ထမ်းများဖြစ်သော အောင်နိုင်စိုး(ခ)ကိုတရုတ်နှင့် အောင်လင်းထက်(ခ)ကိုဝတုတ်တို့၏ ဖုန်းအတွင်းရှာဖွေတွေ့ရှိသည့်အချက်အလက်ကြောင့် ပုဒ်မ ၁၈၈ ဖြင့် စွဲချက်တင်ခံရပြီး မတ်လ ၁၅ ရက်နေ့က သံဖြူဇရပ်မြို့နယ်တရားရုံး၌ ထောင်ဒဏ်(၁)လစီ ချမှတ်ခံရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ခဲ့သော စစ်အာဏာရှင် ဆန့်ကျင်ကန့်ကွက်မှု နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွင် ဆန္ဒပြနေသည့် မြို့ခံပြည်သူလူထုများကို စစ်သားနှင့် ရဲလုံထိန်းတပ်ဖွဲ့ဝင်များ ပစ်ခတ်ဖြိုခွင်းမှုဖြစ်စဉ်များတွင် မော်လမြိုင်၌ ယခုမတ်လ ၁၆ ရက်နေ့အထိ (၃) ဦး သေဆုံးခဲ့သည်။

    ဒေါက်တာဗညားအောင်မိုးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ကြောင်း မတ်လ ၁၇ ရက်ညပိုင်း အစိုးရရုပ်သံ MRTV က ကြေညာခဲ့သည်။ ဒေါက်တာဗညားအောင်မိုးက “ကျနော်တို့ဟာ နိုင်ငံရေးသမားတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ ပါတီရဲ့ နိုင်ငံရေးမူဝါဒအရ တိုင်းရင်းသားတွေမျှော်မှန်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို နိုင်ငံရေးစားပွဲဝိုင်းမှာ နိုင်ငံရေးနည်းနဲ့ ဆွေး‌နွေးအဖြေရှာဖို့ လိုအပ်တယ်၊ အာဏာရှင်ဝါဒကို ဘယ်သူမှလည်း လက်မခံကြပါဘူး” ဟု မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

    ရန်ကုန်တိုင်းဒေသကြီး ၆ မြို့နယ်တွင် စစ်အုပ်ချုပ်ရေးကြေညာထားသဖြင့် မွန်ပြည်နယ်သားများက မိမိတို့နေထိုင်ရာ နေရပ်ရင်းဒေသသို့ အလုံးအရင်းပြန်လာနေကြောင်း၊ ရန်ကုန်မြို့၌ ဆန္ဒပြပြည်သူများအား နေ့စဉ်ပစ်ခတ်မှုများရှိနေသလို မိမိတို့နေထိုင်ရာမြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေ ကြေညာလိုက်သောကြောင့် အသက်လုံခြုံရေးအတွက် ရွေ့ပြောင်းလာရခြင်းဖြစ်ကြောင်း နေရပ်ပြန်လာသူတစ်ဦးက ပြောသည်။

    မော်လမြိုင် တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် ရုံးဝန်းထမ်းများအား အမိန့်အာဏာဖီဆန်ရေး CDM ပြုလုပ်သည် သို့မဟုတ် မပြုလုပ်ခဲ့သည်ကို မတ်လ ၂၀ ရက်နေ့က ခံဝန်ကတိလက်မှတ်ရေးထိုးစေခဲ့ကြောင်း၊ ထိုသို့ ခံဝန်ချက်ရေးသားစေ၍ CDM မပြုလုပ်သူများအနေဖြင့် မတ်လ ၂၂ ရက်နေ့တွင် ရုံးပြန်တက်ရန် ညွန်ကြားထားပြီး CDM ပြုလုပ်သူများကို လစာပေးတော့မည်မဟုတ်ကြောင်း မော်လမြိုင်တက္ကသိုလ် ဝန်ထမ်းအချို့ထံမှ သိရသည်။

    (၁၇)ကြိမ်မြောက် မွန်အမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားများကို မြို့နယ်အသီးသီးတွင် အကျဉ်းချုံး၍ မတ်လ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး မွန်အမျိုးသမီးများကွန်ယက် မိကွန်ချမ်းနွန်က “ ဒီနှစ်တော့ ကျွန်မတို့အဖွဲ့ကနေဦးဆောင်ပြီးတော့ လုပ်ဆောင်ထားတာတော့မရှိဘူး၊ ကျွန်မတို့အဖွဲ့အစည်းကလူတွေပဲ ကိုယ့်မြို့နယ်နဲ့ကိုယ်လုပ်ကြတယ်၊ ဒီနိုင်ငံရေးအခြေအနေနဲ့ဆိုရင် အားလုံးက တတ်နိုင်သလောက်တော့ လုပ်ကြတယ်” ဟု ပြောသည်။

    မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင် CEC အပါအဝင် ဗဟိုကော်မတီ ၅ ဦးနှင့် မြို့နယ်အဆင့် ပါတီဝင်အချို့ မတ်လ ၂၄ ရက်နေ့က တစ်ပြိုင်တည်းနုတ်ထွက်စာတင်ခဲ့ကြသည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) တွင် မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်ပါဝင်နေမှုကြောင့် မတ်လ ၂၆ ရက်တွင် ဗဟိုအလုပ်အမှုဆောင်/ဗဟိုကော်မတီများနှင့် မြို့နယ်ကော်မတီများအပါအဝင် (၃၃) ဦး အစုလိုက်အပြုံလိုက် နုတ်ထွက်စာထပ်မံတင်ခဲ့ကြောင်း၊ MUP ဗဟိုတွဲဖက်အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာ မင်းကြည်ဝင်းနှင့် နိုင်စိုးမြင့်တို့အပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာမင်းစိုးလင်း၊ ၂၀၂၀ ရွေးချယ်ခံ ပြည်နယ်လွှတ်တော်အမတ် နိုင်မွန်ရာဇာ တို့ပါဝင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင် (၁၁) ဦးနှင့် မြို့နယ်အမှုဆောင် (၇) ဦးပါဝင်ပြီး ယခုလအတွင်း အမာခံပါတီဝင်စုစုပေါင်း (၅၀) ဦးဝန်းကျင်ခန့် နုတ်ထွက်ခဲ့သည်။

    မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သော (၇၆) ကြိမ်မြောက် တပ်မတော်နေ့မှစတင်၍ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေရှိ ဖာပွန်ခရိုင် သံလွင်ငြိမ်းချမ်းရေး ဥယာဉ်အတွင်းရှိ ကျေးရွာများ ၃ ရက်ဆက်တိုက် လေယာဉ်ဗုံးကြဲခံရပြီး ထောင်နှင့်ချီသော ရွာသားများ ထိုင်းနယ်မြေသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထိုင်းနယ်စပ်အနီး တပ်စွဲထားသည့် သီးမူးထာ မြန်မာတပ်စခန်းတစ်ခုကို မတ်လ ၂၇ ရက် နံနက်စောစောပိုင်းအချိန်က KNU တပ်ဖွဲ့ဝင်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ညနေပိုင်းတွင် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုဖြစ်ပေါ်လာပြီး  အရပ်သား တစ်သောင်းနီးပါးခန့် သံလွင်မြစ်ကူး၍ ထိုင်းနယ်မြေသို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သတင်းများက ဖော်ပြသည်။

    မြန်မာနိုင်ငံတဝန်း တပ်မတော်၏စစ်ရေး လှုပ်ရှားမှုများအားလုံး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တစ်လတိတိ ရပ်ဆိုင်းကြောင်း၊ “နိုင်ငံတော်ကာကွယ်ရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများကို နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ ကျန်သည့်အချိန်များတွင် စစ်ရေးရပ်ထားမည်” ဟု မတ်လ ၃၁ ရက် နေ့စွဲဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်သည်။

    ၄။ ဧပြီလ

    ရေးတောင်ပိုင်းဒေသ ခေါဇာမြို့အနီးတဝိုက်တွင် ဓါးပြအဖွဲ့ငယ်တချို့ ပြန်လည်သောင်းကျန်းလာပြီး ဆရာတော်များ၊ ကျေးရွာအကြီးအကဲများထံမှတဆင့် ကျေးရွာများကို ဆက်ကြေးငွေ သိန်းရာနှင့်ချီတောင်းခံထားကြောင်း၊ “မန်ကြီးရွာ သိန်း ၃၀၀ မိထော်လှာကြီး သိန်း ၂၀၀ ကြုံညာရွာ သိန်း ၃၀၀ တောင်းထားတယ် အရောအ်နဲ့ အချမ်းအဖွဲ့လို့ သိရတယ်၊ အရင်က လက်နက်ချ အလင်းဝင်ခဲ့ဖူးတဲ့ ဓါးပြတွေပဲ အခုတော့ ဒီအလုပ်ကို ပြန်လုပ်နေကြပြန်ပြီ” ဟု အမည်မဖော်လိုသော ဒေသခံဆရာတော်တစ်ပါးက ပြောသည်။

    မော်လမြိုင် ဈေးကြိုအဝိုင်း၌ လွန်ခဲ့သည့်ညက မတော်တဆမှုတစ်ခုသွားရောက်ကူညီခဲ့ရာမှ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးခြင်းခံရသောကြောင့် ညမထွက်ရအမိန့်သတ်မှတ်ချိန်ပိုင်းအတွင်း အရေးပေါ်ကူညီမှုများအား ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း မော်လမြိုင် RESCUE အရေးပေါ်လူနာကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    နှစ်လကျော်ကြာ နွေဦးတော်လှန်ရေးလှုပ်ရှားမှုအတွင်း ဆန္ဒပြပြည်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်ဖြိုခွင်းခဲ့ရာတွင် မွန်ပြည်နယ်အတွင်း ကျဆုံးသူ (၈) ဦးအထိရှိလာကြောင်း၊ DVB သတင်းဖော်ပြချက်အရ မတ်လ ၃၁ ရက်နေ့အထိ ရန်ကုန်တိုင်း ၁၉၄ ဦး၊ မန္တလေးတိုင်း ၁၆၅ ဦး၊ စစ်ကိုင်းတိုင်း ၄၁ ဦး၊ တနင်္သာရီတိုင်း ၂၈ ဦး၊ ပဲခူးတိုင်း ၂၄ ဦး၊ ရှမ်းပြည်နယ် ၂၄ ဦး၊ မကွေးတိုင်း ၂၃ ဦး၊ ဧရာဝတီတိုင်း ၁၀ ဦး၊ ကချင်ပြည်နယ် ၁၀ ဦး၊ နေပြည်တော် ၃ ဦးနှင့် ကယားပြည်နယ် ၁ ဦး ကျဆုံးမှုအသီးသီးရှိခဲ့သော်လည်း ရခိုင်ပြည်နယ်အတွင်း သေဆုံးခဲ့ခြင်းမရှိပေ။

    ဘဏ်များတွင် ငွေထုတ်ယူခွင့်သာရှိ၍ ငွေလွှဲမရသောကြောင့် အသေးစား အလတ်စားလုပ်ငန်းရှင်များ ကုန်သည်များနှင့် သာမန်ပြည်သူများ အခက်အခဲများကြုံတွေ့နေကြရသည်။

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ဧပြီ ၄ ရက်နေ့အစည်းအဝေး သဘောထားထုတ်ပြန်ရာတွင် လက်နက်မဲ့ ပြည်သူလူထုအား စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ် ပစ်ခတ်နှိမ်နင်းမှုကို ချက်ချင်းရပ်တန့်ရန်၊ ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်တောင်းဆိုလိုက်ပြီး နွေဦးတော်လှန်ရေးအပါအဝင် CDM လူထုလှုပ်ရှားမှုအား ဆက်လက်ပံ့ပိုးကူညီ၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း CRPH ၏ ထုတ်ပြန်ချက်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်စာတမ်း (Federal Democracy Charter) ကြေညာချက်ကို ကြိုဆိုကြောင်း ဖော်ပြသည်။ 

    ရေးမြို့နယ် မာန်အောင်ရွာတွင် စစ်တပ်က အသစ်ခန့်အပ်လိုက်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရပြီးနောက်တစ်နေ့ ဧပြီလ ၆ ရက်နေ့ညနေပိုင်းတွင် စစ်တပ်မှဝင်ရောက်လာသဖြင့် KNU တပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

     မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲခြင်းမပြုကြဖို့ မွန်ပြည်နယ်မြို့နယ်အချို့မှ နွေဦးတော်လှန်ရေးလှုပ်ရှားမှု အာဏာရှင်ဆန့်ကျင်သော လူငယ်အဖွဲ့များက တိုက်တွန်းထားကြောင်း၊ သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲလိုက်ခြင်းဖြင့် ဖမ်းဆီးခံထားရသော ခေါင်းဆောင်များ၊ ပြည်သူများ၊ ကျောင်းသားများနှင့် ကျဆုံးသူများကို မလေးစားရာရောက်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။

    ဂီတမွန်တီးဝိုင်း၏ ဖခင်ကြီး မွန်ဂီတအစည်းအရုံးဥက္ကဌ အိုင်းမွန်(ခ) နိုင်မောင်လှ အသက် (၇၁) နှစ်သည် မော်လမြိုင်မြို့နယ် ရိုးဂိုးရွာမီးရထားလမ်းကူး၌ မော်တော်ဆိုင်ကယ် မတော်တဆဖြစ်ခဲ့ပြီး ကုတင် ၃၀၀ ဆန့် စစ်ဆေးရုံသို့ တက်ရောက်ကုသနေစဉ် ဧပြီလ ၁၀ ရက် နံနက်စောစောပိုင်းတွင် ကွယ်လွန်အနိစ္စရောက်ရှိခဲ့သည်။

    ဧပြီလ ၁၆ ရက်နေ့က ဖွဲ့စည်းလိုက်သည့် NUG အစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မင်းဇေယျာဦးတို့အား ရွေးချယ်တာဝန်ပေးအပ်ခဲ့သည်။

    လက်ရှိနိုင်ငံရေးအခြေအနေအရ မိတ်ဖက်/ဆက်စပ်အဖွဲ့အစည်းများတွင် ဝင်ရောက်ပါဝင်ခြင်းသည် အန္တရယ်ကျရောက်နိုင်သည့်အနေအထားရှိနိုင်သောကြောင့် သတိကြီးစွာထားဖို့လိုအပ်ကြောင်း မွန်ပြည်သစ်ပါတီလက်အောက်ခံအဖွဲ့အစည်းများဖြစ်သည့် မွန်ရဲဘော်ဟောင်းများအဖွဲ့၊ မွန်လူငယ်များအဖွဲ့အစည်း၊ မွန်အမျိုးသမီးများအဖွဲ့၊ မွန်တောင်သူစိုက်ပျိုးရေးအသင်း၊ မွန်ကျောင်းဆရာအသင်းနှင့် မွန်ဆေးဆရာအသင်းတို့အား တွေ့ဆုံပွဲတွင် မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာနတာဝန်ခံ နိုင်အောင်မငေးက မှာကြားခဲ့သည်။

    နိုင်အောင်မငေးက “ အခုလိုအခြေအနေမျိုးမှာ သတိကြီးကြီးထားရပါမယ်၊ မိတ်ဖက်အဖွဲ့ဖြစ်ဖြစ် ဆက်စပ်အဖွဲ့အစည်းတွေမှာပါဝင်တာဖြစ်ဖြစ် ၂ ခုစလုံး အန္တရယ် ရှိနိုင်ပါတယ် အန္တရယ်ကြီးကြီးရော သေးသေးပါ ၂ မျိုးစလုံးရှိနိုင်ပါတယ် ဒါကြောင့် ကျနော်တို့ပြည်သူများအနေနဲ့ မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်တတ်ဖို့ လိုပါတယ်။ ဆုံးဖြတ်ချက်မှားတာနဲ့ မိမိရဲ့အန္တရယ်နဲ့အတူ တစ်မျိုးသားလုံးအတွက် အန္တရယ်ပါ ထိပ်တိုက်တိုးမှုတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်၊ ဒါကြောင့် ဘယ်လိုမျိုးနည်းနာတွေနဲ့ လိမ္မာပါးနပ်စွာ ကျော်လွှားရမယ်ဆိုတာကို မိမိတို့ဖာသာ လေ့လာပါ၊ အန္တရယ်လည်း သိပ်ကိုကြီးမားလှပါတယ်၊ တဖက်မှာက အပြောင်းအလဲတွေ သိပ်ကိုမြန်ဆန်နေတဲ့အတွက် စေ့စပ်သေချာစွာ လေ့လာနေရမှာဖြစ်ပါတယ်” ဟု ဆိုသည်။

    ရေးမြို့နယ်ပညာရေးမှူးရုံးတွင် ဧပြီ ၂၅ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း၊ မြို့နယ်ပညာရေးမှူးရုံး အုတ်တံတိုင်းအတွင်းဘက်ရှိ ရုံးမျက်နှာစာရှေ့တွင် အမျိုးအမည်မသိရသော ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် ရုံးခန်းပြူတင်းပေါက်တံခါးလေကာမှန် ၆ ချပ်ကွဲသွားပြီး လူအထိအခိုက်ဖြစ်ပေါ်မှုမရှိကြောင်း သွားရောက်ကြည့်ရှုခဲ့သော ရေးမြို့ခံတစ်ဦးက ဆိုသည်။

    အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPC နှင့် NCA လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA, ကရင်အမျိုးသားအစည်း အရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)- KNU/KNLA (PC) တို့ နေပြည်တော်၌ ဧပြီလ ၂၆ ရက်နေ့တွင် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။

    မော်လမြိုင်မြို့ပေါ် Ocean Shopping Center ရှိ KBZ ဘဏ်၌ ဧပြီ ၂၉ နေ့လည် ၁၂ နာရီဝန်းကျင်ခန့်တွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခဲ့ကြောင်း၊ ဘဏ်တွင် လူရာနှင့်ချီ ငွေလာထုတ်ရာမှ တိုးဝှေ့တန်းစီစောင့်ဆိုင်းနေသည့်သူများကို ထိန်းသိမ်းနိုင်ရန် လုံခြုံရေးတာဝန်ယူနေသည့် ရဲတပ်ဖွဲ့ဝင်က သေနတ်ပစ်ဖောက်ခဲ့ဟန်တူကြာင်း ငွေလာထုတ်သူတစ်ဦးက ယူဆသည်။

    မုဒုံမြို့နယ်အတွင်းရှိ တံခွန်တိုင်ကျေးရွာ၊ ရှမ်းရွာ (ကမာဝက်) နှင့် ကမာအုပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၃) ဦးတို့ ဧပြီလ ၂၉ ရက်နေ့က ဖမ်းဆီးခံရပြီး အမှုဖွင့်အရေးယူခံထားရသည်။

    နစက ကောင်စီ၏ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPC နှင့် အပစ်ရပ် NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ NMSP တို့ နေပြည်တော်တွင် ဧပြီ ၃၀ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးပွဲနှင့်ပတ်သက်၍ တရားဝင်သတင်းဖော်ပြမှုမရှိသော်လည်း မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ကျော်ယဲ့၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဗညားမဲ့စန်း နှင့် ပြည်တွင်းရေးရာဌာတာဝန်ခံ နိုင်ဗညားလယ်တို့ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

    ၅။ မေလ

    နစကကောင်စီတွင် မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်ပါဝင်ခဲ့သည်ကို လက်မခံသည့်အတွက် ပါတီမှနုတ်ထွက်ခဲ့သူ နိုင်သုဝဏ္ဏ (ခေါ်) နိုင်ထွန်းဖေအား NUG အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် မေ ၃ ရက်က ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။

    မော်လမြိုင်တက္ကသိုလ် ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာမ (၁၂၆) ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း မေ ၆ ရက်နေ့တွင် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်က အမိန့်စာထုတ်ပြန်ခဲ့သည်။

    မော်လမြိုင်မြို့တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာမသိမ်းခင်က မြန်မာ့ရွှေစျေး ၁၃ သိန်း ၅ သောင်းဝန်းကျင်ရှိခဲ့ရာမှ မေ ၁၁ ရက် ရွှေစျေးနှုန်း ၁၆ သိန်းကျော်အထိ စျေးမြင့်တက်လာခဲ့သည်။

    မော်လမြိုင်တက္ကသိုလ်ကျောကျောင်းသူ၊ ကျောင်းသား ဦးရေ ၇၀ ရာခိုင်နှုန်းခန့် ကျောင်းမတက်ကြဟု မော်လမြိုင်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်တစ်ဦးက ဆိုသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့်ချိတ်ဆက်မှုမရှိသေးသော်လည်း မွန်များ ဝန်ကြီးအဖြစ်ပါဝင်နေမှုအပေါ် မွန်ပြည်သစ်ပါတီ NMSP အနေဖြင့် ကန့်ကွက်စရာမရှိကြောင်း မွန်ပြည်သစ်ပါတီက ဆိုသည်။

    မေလ ၁၁ ရက်နေ့ ည ၇ နာရီခန့်က ကျိုက်ထိုမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး ဗုံးခွဲတိုက်ခိုက်ခဲ့ပြီးနောက် ကျိုက်ထိုမြို့မ ရဲစခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျိုက်ထို) က ဝင်ရောက်ပစ်ခတ်ခဲ့သည်။

    မော်လမြိုင်မြို့နယ်၌ ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ည ၈ နာရီမှ နံနက် ၄ နာရီအစား ည ၁၀ နာရီမှ နံနက် ၄ နာရီအချိန်ထိ မေလ ၁၂ ရက်တွင် ပြောင်းလဲပြင်ဆင်လိုက်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

     မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့အပါအဝင် နယ်မြို့အချို့တွင် မေလတတိယပတ်အတွင်း ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွားခဲ့သဖြင့် ရဲနှင့် စစ်တပ်တို့က မြို့ပေါ်‌ နေရာအနှံ့နှင့် မြို့အဝင်အထွက်နေရာများ၌ လုံခြုံရေးစစ်ဆေးမှုများ ပိုမိုတင်းကြပ်လာသည်။

    အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ပတ်သက်နေသည်ဟုဆိုကာ မွန်ပြည်နယ် ၁၀ မြို့နယ် အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမပေါင်း ၃၀၀၀ ကျော် တာဝန်မှယာယီရပ်ဆိုင်း ခံထားရသည်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် ၇၇၁၅၄ ဦးကျော်တိုးလာကြောင်း၊ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည့် ၃ လကျော်အတွင်း အရပ်သား ၆၂ ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈၀ ကျော်ရှိကြောင်း မေလ ၁၈ ရက်နေ့က ထုတ်ပြန်သော Institute for Strategy and Policy – Myanmar က အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

    မွန်ညီညွတ်ရေးပါတီ MUP မှ နုတ်ထွက်လာသူအချို့ မေလ ၂၃ ရက်နေ့က မော်လမြိုင်မြို့ မွန်ဓမ္မာရုံတွင် အစည်းအဝေးတရပ်ကျင်းပ၍ တည်ထောင်လိုသူ ၁၉ ဦးဖြင့် မွန်ရေးရာအဖွဲ့ကို စတင်ဖွဲ့စည်းသည်။

    ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နေ အငြိမ်းစားတပ်ထွက် အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဗိုလ်မှူး(ငြိမ်း) ကျော်ဇင်မင်း မေ၁၉ ရက် နံနက်ပိုင်းက သေနတ်ပစ်သတ်ခံခဲ့ရပြီး သေဆုံးသွားသည်။


    ၆။ ဇွန်လ

    နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇွန်လ ၁ ရက် နံနက် ၈ နာရီ ၄၅ အချိန်တွင် သံလွင်တံတား(ချောင်းဆုံ) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်လိုက်သည်။ 

    စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် မွန်ပြည်နယ်အတွင်းရှိ ကျောင်းသားသမဂ္ဂ (၁၂) ခုက မွန်ပြည်သစ်ပါတီ (NMSP) ထံ တောင်းဆိုချက် (၅) ချက်ဖြင့် အိတ်ဖွင့်ပေးစာတစောင်ကို ဇွန်လ ၁ ရက်တွင် ပေးပို့ခဲ့သည်။

    မွန်ညီညွတ်ရေးပါတီ MUP အမျိုးသားလွှတ်တော်အမတ်လောင်း မိဝေသီဖြိုး (အသက် ၃၂ နှစ်) ဘုရားသုံးဆူမြို့အနီး ရွာသစ်ရွာတွင် ဇွန် ၈ ရက် ညနေပိုင်းက အမည်မသိသေနတ်သမား ပစ်ခတ်လုပ်ကြံသတ်ဖြတ်မှုကြောင့် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်။

    ဇွန်လအတွင်း မွန်ပြည်နယ်၌ ကိုဗစ်အတည်ပြုလူနာအရေအတွက် တိုးများလာပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဇွန် ၁၁ ရက်နေ့နံနက်ပိုင်းက ကိုဗစ်အတည်ပြုလူနာတစ်ဦး  သေဆုံးခဲ့သည်။

    နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် ဖမ်းဆီးခံထားရသည့် မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသား/သူ ၈ ဦးကို ဇွန်လ ၁၁ ရက်နေ့က ကျိုက်မရောမြို့နယ် တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

    မွန်ပြည်သစ်ပါတီဝင်ဟောင်း တစ်ဦးဖြစ်သူ စာရေးဆရာမွန်စောနွယ် (ခ) ဦးခင်မောင်ထွေးကို ဒလန်ဟု မှားယွင်းဖော်ပြထားသည်ကို မိမိဒလန်မဟုတ်ကြောင်း ကာယကံရှင်ကိုယ်တိုင်က တုန့်ပြန်ပြောဆိုခဲ့သည်။

     ရေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ အလက(၂)ကျောင်းရှေ့၌  ဇွန်လ ၁၄ ရက်နေ့၊ ညနေကျောင်းဆင်းချိန်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူနှစ်ဦးထိမှန်ခဲ့ပြီး တစ်ဦးမှာ သေဆုံးသွားခဲ့သည်။

    လတ်တလောဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေများကြောင့် မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားစာသင်ကျောင်းများတွင် ‌ကျောင်းသူ/သားများ လုံခြုံစွာပညာသင်ကြားနိုင်ရေး မွန်အမျိုးသားပညာရေးကော်မတီ MNEC က စီမံဆောင်ရွက်ထားဟု ဆိုသည်။

    မော်လမြိုင်တက္ကသိုလ်အတွင်း ကျောင်းသား၊ ကျောင်းသူများ သာမက  ဆရာနှင့် ဝန်ထမ်း စုစုပေါင်း တစ်ရာကျော် ကိုဗစ်ရောဂါကူးစက်ခံထားရကြောင်း၊ အများစုမှာ ကျောင်းသူများဖြစ်ကြပြီး တစ်ဆောင်လုံးနီးပါး ကူးစက်ခံရကြောင်း မော်လမြိုင်တက္ကသိုလ်သတင်းဌာနမှ ဇွန်လ ၂၇ ရက်က ထုတ်ပြန်ခဲ့သည်။  

    မွန်ပြည်နယ်တွင် ဇွန်လအတွင်း အရပ်သား (၅)ဦး၊ အုပ်ချုပ်ရေးမှူး (၂)ဦး၊ ဘုရားသုံးဆူနယ်စပ်မြို့၌ ဒလန်စာရင်းဖော်ပြခံရသူ (၁)ဦး စုစုပေါင်း (၈) ဦး လက်သည်မပေါ် အသတ်ခံခဲ့ရသည်။

    (၇) ဇူလိုင်လ

    မော်လမြိုင်မြို့နယ်အတွင်း ဆိုင်ထိုင်စားသောက်ခွင့် မပြုဘဲ ဇူလိုင် ၂ ရက်ကစပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဦးစီးဌာနက စာထုတ်ပြန်လိုက်သည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့်အဖွဲ့ဝင်အချို့၊ ဝန်ကြီးအချို့အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တို့၏ ဇနီးသားသမီးများ (၂၂) ဦးတို့အား အမေရိကန်အစိုးရ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန (OFAC) ၏ ပိတ်ဆို့အရေးယူသည့်စာရင်းထဲသို့ ဇူလိုင် (၂)နေ့က ထည့်သွင်းခြင်း ခံရသည်။ 

    မွန်ပြည်နယ် ၁၀ မြိုနယ်အတွင်းရှိ ‌စည်ပင်သာယာဈေးများတွင် ဇူလိုင် ၅ ရက်မှ စတင်ပြီး မရှိမဖြစ် အခြေခံစားသောက်ကုန်များသာ ရောင်းချခွင့်ပြုတော့မည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    မော်လမြိုင်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသော ကိုဗစ်အတည်ပြုလူနာ ၁၁ ဦး ဇူလိုင်လ ၆ ရက်တွင် တစ်ရက်တည်း အမြင့်ဆုံးစံချိန်တင်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် အနားယူလိုက်ပြီး မွန်ပြည်သစ်ပါတီ NMSP ဒုဥက္ကဌ နိုင်အောင်မင်းကို ဇူလိုင် ၇ ရက်တွင် တာဝန်ပေးအပ်လိုက်ကြောင်း အပစ်ရပ် ၁၀ ဖွဲ့ NCA-S EAO က စာထုတ်ပြန်ခဲ့သည်။

    မွန်ပြည်နယ်တွင် ကိုဗစ်လူနာများကို အဓိက ကုသပေးနေသော Isolation ward များသာမက ပြင်ပလူနာများအတွက်ပါ အောက်စီဂျင်လိုအပ်ချက် မြင့်မားလာသဖြင့် လုံလောက်မှု မရှိကြောင်း မော်လမြိုင် Rescue အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှု ပိုမိုပြင်းထန်လာပြီး အစိုးရဆေးရုံများနှင့် ကိုဗစ်စင်တာများတွင် သွားရောက်ကုသရန် ပိုမိုခက်ခဲလာခြင်းကြောင့် အတည်ပြုလူနာနှင့် သံသယလူနာများ ကုသရေးအတွက် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများအတွင်း ဆေးရုံ ၅ ခု မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း NMSP ဗဟို ကိုဗစ်ကူးစက်ရောဂါ ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

    နိုင်ငံနှင့်အဝန်း လတ်တလော အောက်စီဂျင် အကြပ်အတည်းနှင့် ရင်ဆိုင်နေရသည့်ကာလတွင် မွန်ပြည်နယ်အတွင်း လိုအပ်နေသည့်အောက်စီဂျင်ရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းနေရကြောင်း ပြည်နယ်လွှတ်တော်ဒုဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    တစ်နိုင်ငံလုံးအတိုင်းအတာအရ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိသည့်အနက် မဲသမာမှုပေါင်း ၁၁ သန်းကျော် စိစစ်တွေ့ရှိရသဖြင့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း နစကကောင်စီ အသစ်ခန့်အပ်လိုက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ဇူလိုင်လ ၂၆ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

    မွန်ပြည်နယ်မှ အကျဉ်းသား ၂၇၀ ကျော်ကို ဇူလိုင် ၂၂ရက် မှ ၂၇ ရက်အထိ ယခုသီတင်းပတ်အတွင်းက ပြန်လွှတ်ပေးခဲ့သည်။

    ဇူလိုင်လအတွင်း မွန်သမိုင်း သုတေသနပညာရှင် ဆရာကြီးဦးစံဝင်းအသက် (၇၄) နှစ်၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန အငြိမ်းစားညွှန်ကြားရေးမှူး မွန်စာပေနှင့် စာပေသမိုင်းပညာရှင်  နိုင်မောင်တိုး အသက် (၇၇) နှစ်၊ ဘီလူးကျွန်းမြစ်ကူးတံတားအဆိုတင်သွင်းသူ လွှတ်တော်အမတ်ဟောင်း နိုင်လှမောင် အသက်(၈၁)နှစ်၊ မွန်ဝါရင့်နိုင်ငံရေးခေါင်းဆောင် နိုင်ပန်းအောင် အသက် (၉၆)နှစ်၊ မွန်ဇာတ်မင်းသားကြီး မွန်စိန်အောင် အသက် (၈၇) နှစ်တို့ ကွယ်လွန်ခဲ့သည်။

    မွန်ပြည်နယ်တွင် ကျောင်းဆရာမ (၁)ဦး၊ အမြောက်တပ်မှ ဗိုလ်ကြီး (၁)ဦး၊ ဘုရားသုံးဆူမြို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ (၁)ဦးနှင့် အုပ်ချုပ်ရေးမှူးဟောင်း (၁) ဦးတို့ စုစုပေါင်း (၄)ဦး အသတ်ခံခဲ့ရသည်။

    (၈) ဩဂုတ်လ

    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဩဂုတ် ၁ ရက်က ထုတ်ပြန်ခဲ့သည်။

    မြန်မာနိုင်ငံတွင် အရေးပေါ်ကာလဖြစ်ပေါ်နေသည့်အတွက် ၂၀၂၃ ခုနှစ် ဩဂုတ်လထိ (၂) နှစ်အချိန်ယူကာ ရွေးကောက်ပွဲသစ်ကို ပြန်လည်ကျင်းပပေးမည်ဟု ကတိပြုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

    မွန်ပြည်နယ်မှ ထွက်ရှိသော ငါးများ နိုင်ငံခြားသို့ Export ပို့မရဖြစ်နေပြီး တရုတ်ကုမ္ပဏီများ ဈေးနှိမ် ဝယ်ယူနေသောကြောင့် ပြည်တွင်း ငါးလုပ်ငန်းရှင်များ အကျိုးအမြတ် မရှိတော့ကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌက ပြောသည်။

    ရော်ဘာများကို ပြည်ပနိုင်ငံများမှ ဝယ်ယူမှုများလာသောကြောင့် မွန်ပြည်နယ် ဈေးကွက်အတွင်း အနည်းငယ် ဈေးမြင့်တက်လာကြောင်း ရော်ဘာလုပ်ငန်းရှင်များထံမှ သိရသည်။

    မြန်မာ့ထွက်ကုန်ငါးများကို တရုတ်နိုင်ငံမှ ဝယ်ယူမှု ဆက်လက်ရပ်ဆိုင်းထားမည်ဆိုပါက မွန်ပြည်နယ်ထွက် ငါးလုပ်ငန်းများ ပိတ်သိမ်းရမည့် အခြေအနေနှင့် ကြုံတွေ့လာနိုင်ကြောင်း ပြည်နယ်ငါးလုပ်ငန်းအဖွဲ့မှ သိရသည်။

    မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံနှင့် သံဖြူဇရပ်မြို့နယ် ၃ ခုတွင် ဒေသခံအလှူရှင်များ အစီအစဥ်ဖြင့် အောက်စီဂျင်စက်ရုံများကို စတင်တည်ဆောက်နေပြီဖြစ်သည်။

    ဝါခေါင်လပြည့်-သြဂုတ် ၂၂ ရက်နေ့တွင် ကျရောက်သော ၇၄ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနား အထိမ်းအမှတ်ပွဲကို ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် – ၁၉ ကြောင့် အွန်းလိုင်းမှ တဆင့် Zoom Meeting ဖြင့် လူငယ်များတွေ့ဆုံ ကျင်းပသွားမည်ဟု သိရသည်။

    ရေးမြို့နယ် မော့ကနင်ကျေးရွာအရှေ့ဖက်ခြမ်းရှိကရွန်-သရက်နှစ်ပင်လမ်းမပေါ်တွင် ခုတ်လှဲပြီးရာဘာထုလုံးများ မော်တော်ကားဖြင့် သွားရောက်သယ်ဆောင်သူ မော့ကနင်ရွာသား ၃ ဦးတို့ကို ကရင်လက်နက်ကိုင်အဖွဲ့က သြဂုတ် ၁၉ မွန်းလွဲပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒဏ်ကြေးငွေကျပ် ၇ သိန်းပေးဆောင်စေ၍ ဩဂုတ် ၂၀ ရက်ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာသည်။

    ရေးမြို့နယ်အတွင်း သံပုရာသီးတစ်လုံး ၁၀ ကျပ်အောက် အနိမ့်ဆုံးဈေးချရောင်းနေကြသော်လည်း ယခုအခါ ဝယ်ယူမည့်သူမရှိဖြစ်နေကြောင်း သံပုရာသီးစိုက်တောင်သူများထံမှ သိရသည်။

    သံဖြူဇရပ်အောက်ဆီဂျင်စက်ရုံမှ စတင်လည်ပတ်သည့် သြဂုတ်လ ၂၅ ရက်နေ့မှ ၆ ရက်အတွင်း ၄၀ လီတာအိုး ၁၅၀၀ ကျော် ဖြည့်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

    မရေးမြို့နယ် အစင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင် ဦးကိုကို လုပ်ကြံပစ်သတ်ခံခဲ့ရသည်။

    (၉) စက်တင်ဘာလ

    အခြေခံပညာကျောင်းများရှိ တိုင်းရင်းသားဘာသာသင် နေ့စားလပေးဆရာ၊ ဆရာမ(TA)များ  ဇူလိုင်လနှင့် သြဂုတ်လအတွက် လစာမရတော့ကြောင်း သိရသည်။

    ကိုဗစ်ကာလ စီးပွားရေးလုပ်ငန်းရိုက်ခတ်မှုများနှင့် နိုင်ငံရေးအပြောင်းအလဲကြားတွင် မွန်ပြည်နယ်အတွင်း လည်ပတ်လျက်ရှိသော အထည်ချုပ်လုပ်ငန်းများ အနည်းငယ်မျှသာကျန်ရှိတော့ကြောင်း သိရသည်။

    လူသားချင်းစာနာမှုအကူအညီများ ချောချောမွေ့မွေ့ပေးအပ်နိုင်ရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့များအားလုံး (၄) အကြာ အပစ်ရပ်စဲကြရန် မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးသံတမန် ဒါတို အီရာဝန် ယူစွဖ်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဗီဒီယိုကွန့်ဖရန့်မှ တစ်ဆင့်တွေ့ဆုံရာတွင် တောင်းဆိုခဲ့သည်။

    မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များအားလုံး ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေထိုးနှံရမည်ဟု အမိန့်ထုတ်ပြန်ထားကြောင်း မွန်ပြည်သစ်ပါတီဗဟို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဌက စက်တင်ဘာ ၆ ရက်နေ့ အင်တာဗျူးတရပ်တွင် ပြောဆိုခဲ့သည်။

    ရေးမြို့နယ်၏ အဓိကထွက်ကုန်တစ်ခုဖြစ်သော ကွမ်းသီးခြောက်သည် စျေးကွက်တွင် တစ်ပိဿာ ကျပ် ၉၀၀၀ ကျော်အထိ ဈေးပေါက်နေကြောင်း ကွမ်းသီးအရောင်းအဝယ် လုပ်ကိုင်နေသူတို့က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ညမထွက်ရအမိန့်နှင့် လုံခြုံရေးသွားလာမှု ကန့်သတ်ချက်များကြောင့် မွန်ပြည်နယ်တောင်ပိုင်းရှိ  ရာဘာခြံများတွင် ရာဘာအစေးလှီးခြစ်သူများ လုပ်ငန်းခွင်သို့နေ့စဥ်သွားလာရေး အခက်အခဲကြုံတွေ့နေရသည်။

    ပြည်တွင်း မတ်ပဲဈေးနှုန်းများ မေလမှ စတင်ကာ ဆက်တိုက်မြင့်တက်လာခဲ့ပြီး စက်တင်ဘာလ တတိယပတ်တွင် မတ်ပဲတစ်တန် ၁၅ သိန်းကျော်ထိ ပေါက်ဈေးရှိလာကြောင်း မွန်ပြည်နယ် ပဲ၊ နှမ်း လုပ်ငန်းရှင်များထံမှ  သိရသည်။

    ကိုဇေသီဟနှင့် ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင်တို့  မွန်ပြည်နယ်အတွက် လှူဒါန်းထားသော အောက်ဆီဂျင်စက်ကို မော်လမြိုင်မြို့၌ စက်တင်ဘာလ ၂၁ ရက်တွင် စတင်လည်ပတ်နိုင်ရန် စီစဥ်နေကြောင်း  မွန်ဒေသလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ထောက်ပံ့ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှု လျော့ကျလာနေကြောင်း နယ်လှည့်အခမဲ့ ကျန်းမာရေးစစ်‌ဆေးရေးအဖွဲ့တွင် ကူညီပေးနေသူ ကိုဘိုဘိုဝင်းက ပြောသည်။

    ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသ‌ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် သော်လည်းကောင်း၊ မကြာမီကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသော အားဖြင့် (၅)လကြာ စစ်ရေးလှုပ်ရှားမှုများရပ်စဲကြောင်း စက်တင်ဘာ ၂၇ ရက်တွင် တပ်မတော်က ကြေညာခဲ့သည်။

    ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေရေးအတွက် ဘုရားသုံးဆူဒေသအပါအဝင် ကန်ချနပူရီပြည်နယ်ရှိ နယ်စပ်ဂိတ် ၅ ခု ကိုဗစ်ရောဂါစည်းမျဥ်းကန့်သတ်ချက်နှင့်အညီ စက်တင်ဘာ ၂၈ ရက်စွဲဖြင့် ထိုင်းအာဏာပိုင်တို့ ပြန်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

    စစ်အာဏာသိမ်းပြီး ၈ လအကြာ နိုင်ငံတဝန်း စက်သုံးဆီစျေးနှုန်း ၂ ဆမြင့်တက်လာသဖြင့် အောက်တိန်းနှင့် ဒီဇယ်အရောင်းဆိုင်များအနေဖြင့် ယနေ့ဝယ်သည့်ဆီ မနက်ဖန်အရှုံးဖြစ်နေကြောင်း အရောင်းဆိုင်များက ညီးတွားပြောဆိုနေကြသည်။

    မွန်ပြည်နယ် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီမှ ဥက္ကဋ္ဌ ဦးတိုးနိုင် (ခ) ဦးရန်ရှင်း၊ ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၏ ယောက်ဖတော်စပ်သူ ဦးသန်းဝင်းထွန်း လုံကြံပစ်သတ်ခံရပြီး  လက်ဗစ်ဗုံးလာပစ်ဟုဆိုပြီး သေနတ်ပြန်အပစ်ခံရသဖြင့် သေဆုံးသူအမည်နေရပ်မသိ (၁) ဦး၊ ခေါဇာမြို့မှလူငယ် ရဲနိုင်ဦး အသက် (၂၇ နှစ်) ရေးချောင်းတောင်တံတား လုံခြုံရေး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

    (၁၀) အောက်တိုဘာ

    မွန်ပြည်နယ်အတွင်း အမှုရင်ဆိုင်နေရဆဲဖြစ်သည့် အချုပ်သား ၂၀၀ နီးပါးခန့်ကို အောက်တိုဘာ ၁ ရက် ညပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်နယ်အကျဉ်းဦးစီးဌာနက သိရသည်။

    မွန်ညီညွတ်ရေးပါတီ MUP ဥက္ကဌ နိုင်တင်အောင် (ခေါ်) နိုင်တလနွန် (အသက် ၈၅ နှစ်) သည် အောက်တိုဘာ ၁၀ ရက် ည ၁၀ နာရီအချိန်ခန့်က သံဖြူဇရပ်မြို့နယ် ပငကျေးရွာနေအိမ်တွင် ကွယ်လွန်အနိစ္စရောက်ရှိခဲ့သည်။

    မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီရိုးဘုရား ဗုဒ္ဓပူဇနိယပွဲတော် နှင့် တောင်တော်ဖွင့်ပွဲကို ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကျိုက်ထီးရိုးဂေါပကအဖွဲ့ခေါင်းဆောင် ဦးစိုးလှက ပြောသည်။

    မွန်ပြည်နယ်မှ ထွက်ရှိသော ရာသီစာ သစ်သီးဝလံများသည် ပြည်တွင်းဈေးကွက်အတွင်း ဝယ်လိုအား ကျဆင်းနေသောကြောင့် တောင်သူများ သာမက အဝယ်ဒိုင် လုပ်ငန်းရှင်များလည်း အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ‌မော်လမြိုင်မြို့နယ်မှ သစ်သီးဝလံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၆) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO များ (၈)ဖွဲ့တို့ တက်ရောက်ခဲ့သည်။

    ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်းကအနိုင်ရခဲ့သည့် ရွေးကောက်ခံကိုယ်စားလှယ်အချို့ နိုင်ငံရေး မလုပ်တော့ဘူးဆိုသည့် ခံဝန်ထိုးခဲ့ခြင်း မ‌ရှိကြောင်း ကာယကံရှင်များက မွန်သတင်းအေဂျင်စီသို့ ပြောဆိုခဲ့သည်။

    ဝင်းရေးမြို့နယ်တွင် အောက်တိုဘာလ ၂၀ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းပေါ်ရှိ KNU တပ်မဟာ ၆ ၏ လွှတ်ရှမ်းအကောက်ခွန်စစ်ဆေးရေးဂိတ်ကို မြန်မာစစ်တပ် ဝင်ရောက်ထိန်းချုပ်ထားလိုက်ကြောင်း သိရသည်။

    နိုင်ငံရေးအာဏာသည် သေနတ်ပြောင်းဝမှာရှိနေဆဲဖြစ်နေပြီး လူမျိုးပျောက်မှာစိုးရိမ်ရသည့်အတွက် အမျိုးသားကာကွယ်ရေး တပ်အင်အားရှိဖို့လိုအပ်ကြောင်း မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌ နိုင်ဟံသာက မွန်ဘာသာဖြင့် မိန့်ခွန်းတရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။

    မော်လမြိုင်မြို့နယ် NLD ပါတီဥက္ကဌ ဒေါ်နွယ်နွယ်အောင် နေအိမ်တွင်ရှိနေစဥ် အောက်တိုဘာ ၂၇ ရက် ညအချိန်က လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

    အစိုးရအခြေခံပညာကျောင်းများကို နိုဝင်ဘာလ ၁ ရက်နေ့မှစပြီး ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ပညာရေးရုံးမှသိရသည်။

    မွန်ညီညွတ်ရေးပါတီ (MUP) မှ လစ်လပ်နေသည့် ဥက္ကဌ နေရာအား ဒေါက်တာနိုင်လှအောင်ကို ယာယီ ဥက္ကဌ အဖြစ် အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့်ဗဟိုအလုပ်အမှုဆောင်အရေးပေါ်အစည်းအဝေးတွင် ခန့်အပ်လိုက်ကြောင်း သိရသည်။

    ပေါင်မြို့နယ် ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) အသင်း နာယက ဦးခင်မောင်ဦး၊ မော်လမြိုင်မြို့ပေါ် မောင်ငံရပ်ကွက်ရာအိမ်မှူး ဦးလှဝင်တို့ လုပ်ကြံသတ်ဖြတ်သေဆုံးခဲ့ရသည်။

    (၁၁) နိုဝင်ဘာ

    ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ ဆက်ဆံရေးရုံးကို နိုဝင်ဘာ ၂ ရက်က စစ်တပ်မှ ဝင်ရောက်ပြီး ရဲဘော် ၄ ဦးကို ခေါ်ဆောင်သွားခဲ့ပြီး ၃ ရက်အကြာတွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

    မွန်ပြည်နယ် ရေးနှင့် ချောင်းဆုံမြို့ပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် NLD ရုံး ၂ ရုံး နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်းတွင် ဗုံးဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။

    ရေးတောင်ပိုင်းတွင် လှုပ်ရှားနေသည့် DMD မွန်လက်နက်ကိုင်အဖွဲ့ဝင် ၄ ဦး ရေးမြို့အခြေစိုက် စကခ ၁၉ တွင် နိုဝင်ဘာ ၁၅ ရက်က လက်နက်ချအလင်းဝင်ခဲ့သည်။

    မွန်ပြည်နယ်တွင် အခြေခံပညာကျောင်းတက်ရောက်သူ ကျောင်းသားကျောင်းသူဦးရေ တစ်သိန်းကျော်အထိရှိလာကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

    သံဖြူဇရပ်မြို့နယ်ရှိ ကျိုက်နဲရေလယ်ဘုရားပွဲတွင် နိုဝင်ဘာလ ၂၁ ရက် (တန်ဆောင်မုန်းလပြည့်ကျော် ၃ ) နံနက်အစောပိုင်း၌ ဘုရာဖူးသူများ ရေထဲမျောပါ ပျောက်ဆုံးသွားပြီး နိုဝင်ဘာ ၂၂ ရက်နေ့တွင် ထပ်မံရှာဖွေတွေ့ရှိသဖြင့် စုစုပေါင်းရေနစ်သေဆုံးသူ ၂၀ ဦးထက်မနည်းရှိလာကြောင်း ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

    မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ သထုံခရိုင်၌ ဖမ်းဆီးမိထားသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် အစီအစဉ်တရပ်ကို နိုဝင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

    မွန်အမျိုးသား စာသင်ကျောင်းများတွင် တက်ရောက်နေသော အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသူ၊ ကျောင်းသား ၂၆၀၀ကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

    မွန်ပြည်နယ်က ထွက်ရှိသောဝဥများ ပြည်တွင်းပြည်ပဈေးကွက်အတွင်း ဝယ်လိုအား ကျဆင်းနေကြောင်း ၀ဥလုပ်ရှင်များထံက သိရသည်။

    ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်း ဦးဆန်းထွန်းဦး၊ မော့ကနင်ရွာအထွက် စစ်ဆေးရေးဂိတ်၌ သေနတ်ပစ်ခံရသည့်အမျိုးသမီးတစ်ဦး၊ ဘဏ်ငွေထုတ်ယူပြီး ရေးမြို့နယ်သို့ သယ်ဆောင်လာသော ကား (၂) စီးမှ ယာဉ်မောင်တစ်ဦး၊ ကွမ်းယာရောင်းချနေသူ ဦးစိုးလွင်တို့ ပစ်ခတ်မှု၊ ပေါက်ကွဲမှုများကြောင့် သေဆုံးခဲ့သည်။

    (၁၂) ဒီဇင်ဘာ

    NUG ၏ ငွေတိုက်စာချုပ်ဝယ်ယူသည်ဟုဆိုကာ မော်လမြိုင်မြို့ရှိ ငွေမိုးဆေးရုံတွင် ညဘက် တာဝန်ထမ်းဆောင်နေသော ဆရာဝန်တစ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

    ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်ကို လာမည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပရန် လျာထားကြောင်း KNU တပ်မဟာ (၆) ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက ပြောသည်။

    ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေကော်မြို့သစ်အိမ်ယာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ထိန်းချုပ်နယ်မြေတွင် စစ်တပ်မှ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ကာ လွှတ်တော်အမတ်အပါအဝင် လူ ၂၀ ကျော် ဖမ်းဆီးသွားသည်ဟု သိရသည်။

    မွန်ပြည်နယ်အတွင်း ပြည်တွင်း ပြည်ပ ခရီးသွားဝင်ရောက်မှု မရှိသောကြောင့် လက်မှုလုပ်ငန်းများ အရောင်းအဝယ် မရှိဖြစ်နေကြောင်း လက်မှုလုပ်ငန်းရှင်များထံက သိရသည်။

    ပြည်သူလူထုများ၏ ခိုလုံရာ နေထိုင်ရာကို စစ်တလင်းမဖြစ်အောင် ဆောင်ရွက်ပေးစေလိုကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းမှ မေတ္တာရပ်ခံကြောင်း စာရေးသား ထုတ်ပြန်ခဲ့သည်။

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်တိုက်ပွဲတွင် တပ်မတော်မှ တပ်သား ၈ ဦး ဖမ်းဆီးရမိထားကြောင်း PVTV မှ ဒီဇင်ဘာ ၁၇ တွင် ထုတ်ပြန်ခဲ့သည်။

    လူသတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေမည့် လေကြောင်းတိုက်ခိုက်မှုများ နစကကောင်စီမှ အချိန်မရွေး ပြုလုပ်လာနိုင်သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂမှ လေးကေ့ကော်ဒေသကို လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုံ သတ်မှတ်ပေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က တောင်းဆိုလိုက်သည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် ‌အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီးနောက် နောက်ထပ် အမှု ၃ မှုထပ်တိုး၍ တရားစွဲဆိုထားသဖြင့်  ဖမ်းဆီးထိန်းသိမ်းထားသည့်အချိန်မှ လက်ရှိအချိန်အထိ အမှုပေါင်း ၁၃ မှု တရားရင်ဆိုင်နေရကြောင်း သိရသည်။

    ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို ရွေးကောက်ပွဲမဲမသမာမှုဖြင့် ထောင်ဒဏ် ၃ နှစ်ထပ်မံကျခံရန် ဒီဇင်ဘာလ ၂၂ ရက်နေ့က ဘားအံမြို့နယ်တရားရုံးမှ အမိန့်ချမှတ်ခဲ့ပြီး စုစုပေါင်း ထောင်ဒဏ်အနှစ် ၈၀ ကျခံရမည်ဖြစ်ကြောင်း ၄င်းနှင့်နီးစပ်သူများထံမှ သိရသည်။

    ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ လေးကေ့ကော်ဒေသကို မြန်မာစစ်တပ်မှ ဒီဇင်ဘာ ၂၃ ည ၁၀ နာရီ ၁၅  မိနစ်ခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    (၁၀)ကြိမ်မြောက် မွန်လူငယ်များနေ့ကို လတ်တလောဖြစ်ပွားနေသည့် ကိုဗစ် – ၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးအကျပ်အတည်းကြောင့် အကျဉ်းချုံး၍သာ ကျင်းပခဲ့သည်ဟု Mon Youth Forum- MYF မှ အကြံပေး မင်းညာဏ်စိုက်ရာမာဉ်က ပြောသည်။

    မွန်ပြည်နယ်၊ မုဒုံမြို့နယ် နိုင်းပြိုင်ကျေးရွာမှ ပျောက်ဆုံးနေသူ အမျိုးသမီးငယ် (၁)ဦး၊ ဘုရားသုံးဆူမြို့အနီး ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူး (၁)ဦး၊ သံဖြူဇရပ်မြို့ ကြံခိုင်ရေးရပ်ကွက် ထိပ်တန်းအရက်ချက်စက်ရုံရှေ့တွင် ညမထွက်အချိန် ဆိုင်ကယ်စီးလာသူ (၁) ဦးတို့ ပစ်သတ်/သတ်ဖြတ်ခံခဲ့ရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,800SubscribersSubscribe
    spot_img

    Latest posts