spot_img
Sunday, May 19, 2024
More
    spot_img
    Homeငြိမ်းချမ်းရေး“ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ မူအပေါ်မှာ ရပ်တည်တယ်” ပဒိုစောကွယ်ထူးဝင်းနှင့် ဆက်သွယ်မေးမြန်းချက်

    “ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ မူအပေါ်မှာ ရပ်တည်တယ်” ပဒိုစောကွယ်ထူးဝင်းနှင့် ဆက်သွယ်မေးမြန်းချက်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၂၂)

    သမ္မတဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးသင်္ကေတအဖြစ် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက တည်ဆောက်ပေးခဲ့သော လေးကေ့ကော်မြို့သစ်တွင် လာရောက်ခိုလှုံနေသည့် လွှတ်တော်အမတ်နှင့် CDM တချို့ကို မြန်မာစစ်တပ်ဝင်ရောက်ဖမ်းဆီးသဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှစပြီး နယ်မြေခံ KNU တပ်ဖွဲ့တို့အကြား တိုက်ပွဲများတစ်ပတ်ကြာ ဆက်တိုက်ဖြစ်ပွားနေဆဲဖြစ်သည်။

    လက်ရှိတွင်စစ်ရှောင် တစ်သောင်းကျော် မိမိနေရပ်မှစွန့်ခွာထွက်ပြေးနေရသလို စစ်တပ်ဘက်မှ စစ်အင်အားအဆမတန်တိုးချဲ့လာသည့်အပြင် လေကြောင်းဖြင့်ထောက်လှမ်းခြင်း၊ တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာနိုင်သည့်အတွက် ကုလသမဂ္ဂအဖွဲ့အနေဖြင့် အရေးပေါ်အစည်းအဝေးကျင်းပပြီး လေကြောင်းကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း ဒီဇင်ဘာ ၂၀ ရက်နေ့တွင် KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

    လတ်တလောဖြစ်ပေါ်နေသည့် ပဋိပက္ခအပေါ် မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်နေကြသည်ကို သိရှိနိုင်ရန် မွန်သတင်းအေဂျင်စီက KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    မေး။     တိုက်ပွဲအခြေအနေတွေ လျှော့ချဖို့ စစ်ကောင်စီနဲ့ KNU တို့ ညှိနှိုင်းနေတယ်လို့ သိရလို့လေ။ အဲအခြေအနေနဲ့ ပတ်သက်လို့ သိလိုပါတယ်အန်ကယ်။

    ဖြေ။      ညှိနှိုင်းတယ်ဆိုတာကတော့ ကျ‌နော်ကတော့ အဝေးမှာနေတာဆို‌တော့ အတိအကျ မသိရပါလား။ အဲတာတော့။ အဲလိုညှိတာတော့ မရှိဘူးဗျ။ ဒါမယ့်ကျနော်တို့ကတော့ အခုလေးကေ့ကော်မှာ ဆက်ပြီးမတိုက်ဖို့ ကျနော်တို့ တောင်းဆိုတာတော့ ရှိတာပေါ့နော်။ တစ်ဖက်က တုံပြန်မှုကတော့ ဘာမှ မရှိသေးဘူးလို့ ပြောလို့ရတာပေါ့။ အခု စစ်အင်အားတိုးချဲ့ပြီးတော့ ထိုးစစ်မဆင်ဖို့၊ နောက်တစ်ခုကတော့ ကျ‌နော်တို့ နိုင်ငံတကာတောင်းဆိုတာကတော့ ဒီစစ်တပ်က များသောအားဖြင့် ခြေလျင်တပ်နဲ့ မြေပြင်မှာ တိုက်ပွဲက အားဖြည့်ဖို့အတွက် သူတို့က လက်နက်ကြီးရယ်၊ နောက်ပြီးတော့ စစ်လေယာဉ်သုံးပြီးတော့ ဗုံးတွေ ဘာတွေချတာတွေ ရှိတာကိုး။ အဲတာ မသုံးဖို့အတွက် ကျ‌နော်တို့ တောင်းဆိုထားတယ်။

    မေး။     အခုတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ပြည်သူတွေအတွက်ရော ဘယ်အဖွဲ့အစည်းတွေက လာရောက်ကူညီနေလဲ။

    ဖြေ။      များသောအားဖြင့် ကျ‌နော်တို့ နိုင်ငံတကာအဖွဲ့အစည်းတို့ကြတော့ အခုထက်ထိတော့ ညှိနှိုင်းနေတုန်းပဲ။ ဒါပေမယ့် အကူအညီတော့ သူတို့ UN Agency ရယ်၊ ပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းအကူအညီပေးတာရှိတယ်။ တဆင့်ခံပေါ့လေ ကျနော်တို့ အဖွဲ့အစည်းကနေ ကျနော်တို့ဆီမှာ ရှိနေတဲ့ လူမှုအဖွဲ့အစည်းကနေ ပေးတာရှိတယ်။ သူတို့ကတော့ တိုက်ရိုက်ပေးနိုင်တဲ့ အနေအထားတော့ မရှိဘူး။ ညှိနှိုင်းနေဆဲပဲ ရှိမယ်။ နောက်ပြီးတော့ IDP က နှစ်ဖက်ရှိနေတာပေါ့လေ။ ထိုင်းဘက်မှာ ကူးပြီးတော့ ခိုလုံခွင့်ရတဲ့ IDP တချို့၊ နောက် ကိုယ့်ပြည်တွင်းထဲမှာပဲ တစ်ဖက်ကို မကူးပဲနဲ့ ပြည်တွင်းမှာ ပုန်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေလည်း ကျနော်တို့ဘက်မှ ရှိတဲ့အပေါ်မှာ ဒါကလည်း နယ်ခြားဖြတ်ကျော်ခွင့်ရဖို့၊ အကူအညီရနိုင်ဖို့အတွက် ကျနော်တို့ကတော့ ကြိုးစားနေတာပေါ့နော်။

    မေး။     မနေ့ကမနက်မှာပဲ သတင်းက ကျယ်ကျယ်ပြန့်ပြန့် တက်လာတာပေါ့လေ။ KNLA တပ်မဟာ အားလုံးကို ပစ်မိန့်ပေးလိုက်တယ်ဆိုပြီး တက်လာတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အန်ကယ်တို့ ဗဟိုကနေရော ဘာမျှပြောကြားလိုသေးလဲဗျ။

    ဖြေ။      အဲဒီသတင်းလည်း ကျနော်အတိအကျတော့ မပြောတတ်ဘူး။ ကျ‌နော်တို့ လတ်တလောမှာ အဲလိုညွန်ကြားချက်တော့ မရှိဘူး။ လွန်ခဲ့တဲ့အချိန်က ခုထက်ထိ ကျနော်တို့ စွဲကိုင်နေတာက ကျနော်တို့ဘက်မှာ ကိုယ့်ကို ခုခံကာကွယ်ပိုင်ခွင့်ဆိုတဲ့ မူအပေါ်မှာ တစ်ဖက်က ကျူးကျော်လာလို့ရှိရင် ကျနော်တို့ သတ်မှတ်တဲ့ နယ်မြေကို ကျော်လာလို့ရှိရင် အဲတာတော့ ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ မူအပေါ်မှာ ရပ်တည်တယ်လေ။ ဒါက တပ်မဟာ အားလုံးကိုတော့ ကျနော်တို့ အဲလိုသဘောထား ညွန်ကြားချက်က မူလကတည်းက ရှိထားပြီးသားဖြစ်တယ်။ အသစ်ထပ်ပြီးတော့ ညွန်ကြားတာတော့ မရှိပါဘူး။

    မေး။     အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ ဘာတွေ လိုအပ်နေတာလဲ။ အန်ကယ်အနေနဲ့ရော ဘယ်လိုမျိုး အကြံပြုလိုလဲ။

    ဖြေ။      ကျနော်တို့ကတော့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရတဲ့ အကြောင်းအရင်းက နိုင်ငံရေးပြဿနာကိုး။ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းနဲ့ သွေးထွက်သံယိုနည်းလမ်းနဲ့ ရှင်းနိုင်ဖို့ကတော့ ဘယ်လိုမှ ပြီးနိုင်မယ့် အနေအထားမဟုတ်ဘူး။ နိုင်ငံရေးအရပဲ။ သို့သော်လည်းပဲ စစ်တပ်က နိုင်ငံရေးအရ ဖြေရှင်းဖို့ ပထဦးဆုံး အပစ်ရပ်ရမယ်။ အပစ်ရပ်တယ်ဆိုတာ နိုင်ငံရေးဆွေးနွေးဖို့က‌တော့ ပြည်သူက ရွေးကောက်တဲ့ အတွက် ပြည်သူ့အစိုးရပဲ ဖြစ်ရမှာပေါ့နော်။ ဒီတပ်မတော်နဲ့က နိုင်ငံရေးဆွေးနွေးဖို့ ဆိုတာက လက်တွေ့မှာတော့ ဖြစ်နိုင်တဲ့ အနေအထားမရှိဘူး။ ဒါပေမယ့် အပစ်အခတ်ရပ် စစ်ရေးဆိုင်ရာကိစ္စကတော့ စစ်မဖြစ်ဖို့အတွက်ကတော့ ဆွေးနွေးနိုင်တဲ့ အနေအထားတော့ ရှိနေတာပေါ့။

    မေး။     အခုပြဿနာတွေ၊ တိုက်ပွဲတွေ မဖြစ်ဖို့ ဘယ်လိုအဖွဲ့အစည်းတွေက ကြားဝင်စေ့စပ်ဖို့ လိုအပ်တာလဲဗျ။ အန်ကယ်တို့ရော ဒီအပေါ်မှာ ဘယ်လိုမြင်မိလဲဗျ။

    ဖြေ။      အမှန်အားဖြင့် ကျနော်တို့ ဒီတပ်မတော်နဲ့ Bilateral လက်မှတ်ရေးမထိုးသေးတဲ့ ၂၀၁၂ မတိုင်ခင်မှာ လက်နက်ကိုင်တိုက်ပွဲနည်းလမ်းနဲ့ ဖြေရှင်းတာ နှစ်ပေါင်း (၆၀) ကျော် တကယ့်ကျနော်တို့ ဒီစေတနာမှန်မယ်ဆိုလို့ရှိရင် ကျနော်တို့ တွေ့ဆုံလာခဲ့ပြီးပြီပဲ။ (၁၀) နှစ်အတောအတွင်းမှာ ကျနော်တို့ Bilateral ရေးထိုးတယ်။ NCA ရေးထိုးကြတယ်၊ တွေ့ဆုံကြတာပဲ။ တစ်ဖက်ကရှိတဲ့ တပ်မှူးတွေ၊ ခေါင်းဆောင်တွေ၊ တပ်မတော်ခေါင်းဆောင်တွေလည်း ရှိကြတာပဲ။ တကယ့် ကျနော်တို့ နိုင်ငံရဲ့ အကျိုးအတွက် ပြည်သူရဲ့ အကျိုးအတွက် လုပ်မယ်ဆိုလို့ရှိရင် ဘယ်ကြားက မလိုပဲနဲ့ ကျနော်တို့ ဆွေးနွေးလို့ရနေတာပဲ။ သို့သော် အခုအနေအထားက ဒီနိုင်ငံတကာရဲ့ ပါဝင်မှုကတော့ လိုအပ်နေတာပေါ့နော် ။ ဒါမှ သမာသမတ်ရှိမှာ။ ကျနော်တို့ အတွေ့အကြုံအရတော့ တွေ့ဆုံဆွေးနွေးရေးလုပ်တဲ့အချိန်မှာ ကြတော့ တန်းတူသမာသမတ်မရှိတဲ့ အပေါ်မှာတော့ အခက်အခဲရှိတဲ့အပေါ်မှာ တကယ့် သမာသမတ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်ဖို့ အတွက် ကြားခံ၊ သို့မဟုတ်ရင်လည်း ညှိနှိုင်းရေးအဖွဲ့ပေါ့လေ၊ ကြားခံညှိနှိုင်းရေးအဖွဲ့ရှိရင် ပိုကောင်းတာပေါ့နော်။ တပ်မတော်ကလည်း လက်ခံနိုင်မယ့် အဖွဲ့အစည်းမှ ဖြစ်နိုင်မှာကိုး။

    မေး။     အခုလက်ရှိ ကရင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေရော၊ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေနဲ့ ပတ်သက်ပြီး အန်ကယ်အနေနဲ့ ဘာမျှ မှာကြားပြောကြားလိုသေးလဲဗျ။

    ဖြေ။      ကျ‌နော်တို့ နိုင်ငံမှာက လွတ်လပ်ရေးရပြီး ၁၉၆၂ ခုနှစ်က တပ်မတော်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တောက်လျောက်ပဲ စစ်အာဏာရှင်၊ စစ်အုပ်ချုပ်မှုအောက်မှာ ကျနော်တို့ နေလာခဲ့ရတယ်။ ၂၀၁၀၊ ၂၀၁၁ မှာတော့ အရပ်သားတစ်ပိုင်းပြောရမှာပေါ့နော် တပ်မတော်ကနေ ထောက်ခံတဲ့ အစိုးရဖြစ်လာတယ်။ ၂၀၁၅ မှာ NLD အစိုးရ တက်လာတယ်။ အပြောင်းအလဲက အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်လာခဲ့ပေမယ့် တပ်မတော် အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ နောက်ပြန်ပြီးတော့မှ ဒီစစ်အာဏာစနစ်ကို ပြန်သွားတဲ့ သဘောဖြစ်တဲ့အတွက် ကျနော်တို့ လက်ခံနိုင်တဲ့ အနေအထားမရှိဘူး။ ကျနော်တို့ နိုင်ငံဖွံဖြိုးတိုးတက်ဖို့အတွက် ပြည်သူအကျိုးအတွက် ဆိုလို့ရှိရင်တော့ ဒီမိုကရေစီစနစ်နဲ့ ငြိမ်းချမ်းဖို့အတွက်ဆိုရင် ဖက်ဒရယ်အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ရမှာပဲ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျ‌နော်တို့အားလုံး ဝိုင်းဝန်းပြီးတော့ တတ်နိုင်တဲ့ဘက်ကနေ အပြောင်းအလဲကို လုပ်နိုင်ဖို့အတွက်တော့ ကျနော်တို့ ကြိုးစားပြီး လုပ်သွားရမှာပဲ။ အခက်အခဲတော့ ရှိမှာပဲ ဒါပေမယ့် ဒီအခက်အခဲကို ကျော်လွှားဖို့အတွက် ပြည်သူတစ်ရပ်လုံး၊ တိုင်းရင်းသား အားလုံးကတော့ ပူးပေါင်းပါဝင်မှသာ ကျနော်တို့ မျော်မှန်းတဲ့၊ ကျနော်တို့ မလိုလားတဲ့ စနစ်ကို ကျ‌နော်တို့ ဖြိုဖျက်နိုင်မယ်၊ ဒါကို အဆုံးသတ်နိုင်မယ်လို့ ကျနော်အဲလိုပဲ ယုံကြည်တယ်။ ပြည်သူတစ်ရပ်လုံးအနေနဲ့ ပူးပေါင်းပါဝင်ဖို့ တတ်နိုင်တဲ့ နည်းလမ်း လိုအပ်တယ်လို့ မြင်ပါတယ်။

    မေး။    ကျေးဇူးတင်ပါတယ်။ 

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,800SubscribersSubscribe
    spot_img

    Latest posts