spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းကျိုက်နဲရေလယ်ဘုရားပွဲတော် ရေနစ်သေဆုံးသူ ၁၅ ဦးအလောင်းဆယ်ယူရရှိခဲ့ပြီး လူပျောက်ဆုံးမှုရှိနေ

    ကျိုက်နဲရေလယ်ဘုရားပွဲတော် ရေနစ်သေဆုံးသူ ၁၅ ဦးအလောင်းဆယ်ယူရရှိခဲ့ပြီး လူပျောက်ဆုံးမှုရှိနေ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၂၁)


    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကျိုက်နဲရေလယ်ဘုရားပွဲတွင် နိုဝင်ဘာလ ၂၁ ရက် (တန်ဆောင်မုန်းလပြည့်ကျော် ၃ ) နံနက်အစောပိုင်း၌ ဘုရာဖူးသူများ ရေထဲမျောပါပြီး ၁၅ ဦးကျော်သေဆုံးကာ ပျောက်ဆုံးနေသူများလည်းရှိနေကြောင်း လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

    “လမ်းလျှောက်ရင်း လူတွေအရမ်းတိုးလို့ နတ်လမ်းပေါ်ကနေ ဘေးကိုချော်ကျကုန်တာ။ ပင်လယ်ထဲဆိုတော့မျောကုန်ရော။ အခုထိတော့ အလောင်း ၁၅ လောင်းတွေ့ထားတယ်။ ပျောက်နေတဲ့သူက ၂၀ ကျော်ရှိသေးတယ်။ ပျောက်ဆုံးနေတဲ့သူတွေနဲ့ အလောင်းတွေကို ဒေသခံတွေ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ဆက်လက်ရှာဖွေနေတယ်”ဟု လူမှုကယ်ဆယ်ရေးအသင်းမှ ကိုအောင်မြင့်မြတ်က ဆိုသည်။

    ကျိုက်နဲရေလယ်ဘုရားသည် ဝဲကလောင်းနှင့်အံခဲကျေးရွာအကြား ကမ်းခြေမှတစ်မိုင်ခွဲခန့်အကွာ ပင်လယ်ပြင်ကျောက်ဆောင်တစ်ခုပေါ်တွင်တည်ရှိ၍ မွန်ဘာသာဖြင့် “ကျာ်ဇၞး” မြန်မာဘာသာ “အောင်မြင်ခြင်းဘုရား” ဟု အဓိပ္ပါယ်ရကြောင်း၊ နှစ်စဥ် တန်ဆောင်းမုန်းလပြည့်ကျော် ၂- ၃ ရက်နေ့များ ဒီရေစတင်ကျသည့်နံနက်စောစောပိုင်းတွင် ရေလယ်ဘုရားသို့ လမ်းလျှောက်သွားနိုင်သည့် နတ်လမ်းဟုခေါ်ဆိုသည့် ကျောက်လမ်းပေါ်မှ လမ်းလျှောက်သွားရကြောင်း၊ ထိုနောက် ဒီရေပြန်မတက်မီတွင် ကမ်းခြေသို့အချိန်မှီပြန်တက်လာရကြောင်း သို့မဟုတ် ပဲချိပ်စက်လှေများဖြင့် စီးနင်းလိုက်ပါရကြောင်း သိရသည်။

    “ရေများနေမှန်းသိပါရက်နဲ့ ရေဆက်ကျသွားမလားဆိုပြီး ကျနော်တို့ရှေ့ကို ဆက်ပြီးတိုးသွားနေကြတယ်၊ ဘယ်သူမှလည်းဘုရားလာတက်ဖူးတဲ့ လူတွေလည်းမဟုတ်ကြပါဘူး၊ လုံခြုံရေးတွေလည်းမရှိ လမ်းပြမရှိ ရှေ့ကိုတိုးရင်းတိုးရင်းနဲ့ ရေကနက်သထက်နက်လာပြီး မျောသွားတော့တာပဲ၊ ကျနော်က ဝါးလုံးတစ်ချောင်းရတယ် လူတပြုံကြီးလာဆွဲတော့ ဝါးလုံးကျိုးသွားပြန်ပါရော၊ နောက်ထပ်ဝါးတစ်ချောင်းထပ်ရလို့ ကျနော်ဒီနေ့အသက်ရှင် လွတ်မြောက်လာတာဖြစ်တယ်၊ ကယ်ဆယ်ရေးလှေရောက်လာတော့ ဘုရားကိုပို့ထားပေးတယ်၊ လူကအရမ်းချမ်းပြီးတုန်နေကြတယ်” ဟု ရေထဲမျောပါခဲ့သူ မင်းချမ်းမွန်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ၄င်းတို့အုပ်စုတွင် ခန့်မှန်းလူအယောက် ၁၀၀ ခန့် ရေထဲမျောပါနစ်မြုပ်ခဲ့ကြောင်း၊ ၄င်းတို့ကိုဆယ်ယူလာသည့် ကယ်ဆယ်ရေးလှေဆိုသည်မှာလည်း ပဲ့ချိပ်စက်လှေသာဖြစ်ကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့အနေဖြင့် စနစ်တကျဖွဲ့စည်းထားခြင်း မဟုတ်ကြောင်း၊ ကယ်ဆယ်ရေးသမားများတွင် အသက်ကယ်အင်္ကျီပင် မပါရှိကြောင်း၊ လူအများကို ဝါးလုံးရှည်များကမ်းပေး၍သာ ကယ်ဆယ်နေရသဖြင့် အလွန်နှောက်နှေးခဲ့ကြောင်း မင်းချမ်းမွန်က ဆိုသည်။

    ကယ်ဆယ်ရေးအသင်းများစာရင်းအရ ဝေါမြို့နယ်၊ ဧကရာဇ်ကျေးရွာ အသက်(၆၄)နှစ်အရွယ် သံဃာတစ်ပါးနှင့်အမျိုးသမီး ၆ဦး၊ မော်လမြိုင်မြို့ သီရီမြိုင်ရပ်ကွက်မှ အသက်(၆၀)နှစ်အရွယ် အမျိုးသားတစ်ဦး၊ မုတ္တမြို့ မှ အသက်(၅၀)နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ သထုံမြို့ အောက်ကျင်းရပ်ကွက်မှ အသက်(၉) နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာမှ အသက်(၅၈)နှစ်အရွယ် အမျိုးသားတစ်ဦး၊ရေး မြို့နယ် အစင်ကျေးရွာမှ အသက်(၄၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာမှအသက်(၄၉)နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ မြဝတီမြို့နယ် အင်ကြင်းမြိုင်ကျေးရွာမှအသက်(၄၁)နှစ်အမျိုးသမီးတစ်ဦးနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုရာကျေးရွာမှအသက်(၆၅)နှစ် အမျိုးသမီးတို့၏ အလောင်းများကို ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

    ကျန်ရှိသော ပျောက်ဆုံးနေသူများကို ယနေ့နေ့ခင်းပိုင်းတခုလုံးတွင်
    ဆက်လက်ရှာဖွေနေပြီး ဆယ်ယူရရှိခဲ့သောအလောင်းနှင့် လူနာများကို သံဖြူဇရပ်ဆေးရုံသို့ ပို့ဆောင်ထားသည်။

    ကိုဗစ်ရောဂါကူးစက်မှုကြောင့် ကျိုက်နဲရေလယ်ဘုရားပွဲကို ၂ နှစ်ကျော်ကြာ ရပ်နားထားရာမှ ယခုနှစ်တွင် ဘုရားပွဲ ပြန်လည်ကျင်းပရာ သောင်းနှင့်ချီသောဘုရားဖူးများ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊  ယခင်နှစ်များနှင့်မတူ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုနှင့် ယခုရက်ပိုင်းအတွင်း ဘဂႅလားပင်လယ်အော်အတွင်းဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းဒဏ်ကြောင့် ဒီရေတက်ချိန်မြန်ခဲ့ကြောင်း၊ အထူးသဖြင့် ဘုရားဆင်းချိန်လမ်းပြမရှိသဖြင့် ရှေ့ဆုံးရောက်နေသည့် လမ်းကြောင်းမသိကြသော ရပ်ဝေးဧည့်သည်အများအပြား ရေထဲပြုတ်ကျသည့် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း တွေ့ရသည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks