Monday, March 9, 2026
More
    spot_img
    HomeCovid 19စက်သုံးဆီဈေးမြင့်တက်နေသောကြောင့် ယခုနှစ်ဆားတောင်သူများ အရှုံးပေါ်မည်ကိုစိုးရိမ်

    စက်သုံးဆီဈေးမြင့်တက်နေသောကြောင့် ယခုနှစ်ဆားတောင်သူများ အရှုံးပေါ်မည်ကိုစိုးရိမ်

    -

    မွန်သတင်းအေဂျင်စီ(၂၀၂၁ အောက်တိုဘာ ၂၁)

    စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေသောကြောင့် မွန်ပြည်နယ်မှ ဆားတောင်သူများ ယခုနှစ်နေလှမ်းဆားထုတ်လုပ်သည့်ရာသီတွင် အမြတ်အစွန်းလုံးဝမရရှိတော့ဘဲ အရှုံးပေါ်လာမည်ကို စိုးရိမ်နေကြရသည်။

    ယခုအခါ နေလှမ်းဆားဖိုလုပ်ငန်းများ ပြန်လည်စတင်ရမည်ဖြစ်သောကြောင့် စက်သုံးဆီကို အဆက်မပြတ် သုံးရတော့မည်ဖြစ်ကြောင်း ပငမှ ဆားလုပ်ငန်းရှင် ဦးကျော်သူက ပြောသည်။

    “အခုလက်ရှိ စက်သုံးဆီနဲ့ဆိုရင် ဆားဖိူတော်တော်များများက အဆင်မပြေဘူး။ အခုတော့ နည်းနည်းနေလို့ရသေးတယ်။ နည်းနည်းလောက်ပဲ သုံးလို့ရသေးတယ်။ ဒီရာသီပွင့်ချိန် နောက်ထပ် ၁၅ ရက် တစ်လလောက်ဆို စက်သုံးဆီတွေက အဆက်မပြတ် သုံးရတော့မယ်။ စက်သုံးဆီ ဈေးနှုန်းက ဒီလောက်မြင့်နေရင် ဘယ်လိုလုပ်ရတော့မလဲ”ဟု ၎င်းက ပြောသည်။

    စက်သုံးဆီစျေးနှုန်းသည် ယမန်နှစ်ထက် ၂ ဆကျော် စျေးမြင့်တက်လာပြီး ယနေ့ (အောက်တိုဘာ ၂၁ ရက်) တွင် စက်သုံးဆီ ၉၅ တစ်လီတာ ၁၄၉၀ ကျပ်၊ ၉၂ တစ်လီတာ ၁၄၄၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၁၄၄၀ကျပ် နှင့် ပရီမီယမ် ဒီဇယ် တစ်လီတာ ၁၄၄၅ ကျပ် ဈေးရှိကြောင်း၊ စက်သုံးဆီ ဈေးနှုန်းများ ဆက်လက်မြင့်တက်နေမည်ဆိုပါက ဆားတောင်သူများအတွက် ကုန်ကျစရိတ်များစွာ အခက်အခဲရှိလာမည်ဖြစ်ကြောင်း ဆက်ပြောသည်။

    “မနှစ်ကတော့ ရာခိုင်နှုန်း ၆၀ လောက်ပဲရတယ်။ ၁၀၀ ရာခိုင်နှုန်းမှာ ၆၀ လောက်ပဲ ထွက်တယ်။ မနှစ်က ရာသီဥတုကလည်း ဖောက်ပြန်တာများတယ်လေ။ ဖိုသမားတွေက ၁၀၀ ထွက်မယ့်ဟာကို ရာခိုင်နှုန်း  ၆၀လောက်ပဲ ထွက်တယ်။ အခုလတော့ ဘယ်လိုလာမလဲ မသိဘူး။ အခုမှ မြေကြီးတွေ ပြန်ပြင်နေတာ။ ကန်တွေ ပြန်ရိုက်နေတယ်။ စက်သုံးဆီလည်း သိပ်မသုံးရသေးဘူး”ဟု ၎င်းက ပြောသည်။

    ဆားပေါ်သည့်ရာသီတွင် ဆားကွင်းဧက ၁၀၀ အတွက် စက်သုံးဆီ ဆီတစ်ပီပါ (ဂါလံ ၅၀)ကို လေးရက်၊ ငါးရက်သာ အသုံးပြုနေရပြီး တစ်ရက်တွင် ဆယ်ဂါလံ အထိ ပုံမှန်သုံးစွဲနေရကြောင်း ဦးကျော်သူက ပြောသည်။

    ယခင်က စက်သုံးဆီတစ်ကြိမ်စာကုန်ကျစရိတ်  တစ်သိန်းကျော်သာ ရှိခဲ့သော်လည်း ယခုတွင် ငွေသုံးသိန်းကျော်ခန့် အသုံးပြုနေရကြောင်း သံဖြူဇရပ်မြိုနယ်မှ ဆားတောင်သူ တစ်ဦးက ပြောသည်။

    “ခါတိုင်းတစ်ကြိမ်ကို ဒီဇယ် ၂ ပီပါဝယ်နေတာ အခုတစ်ပီပါပဲရပါတော့မယ်။ စက်သုံးဆီ ဈေးမြင့်တော့ ကျနော်တို့ ဆားဖိုသမားတွေအတွက်တော့ တော်တော်လေး ထိခိုက်တယ်။ စရိတ်တွေလည်း မနည်းဘူး မြင့်တက်နေတာ”ဟု ၎င်းက ပြောသည်။

    လက်ရှိဆားကြမ်း တစ်ပိဿာ ၁၁၀ ကျပ်နှင့် ကြိတ်ပြီးဆားချော တစ်ပိဿာ ၁၅၀ ကျပ် မှ ၁၆၀ ကျပ်ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

    မွန်ပြည်နယ်တွင် ဆားလုပ်ကွက်ဧက ၃၀၀၀ ခန့်ရှိပြီး တစ်နှစ်လျှင် မက်ထရစ်တန် သုံးသောင်း(၃၀,၀၀၀) ကျော် ထွက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks