spot_img
Friday, January 23, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်ပြည်နယ်က ရွေးကောက်ခံကိုယ်စားလှယ်အချို့ နိုင်ငံရေးမလုပ်တော့ဘူးဆိုသည့် ခံဝန်ထိုးခဲ့ခြင်းမရှိဟုဆို

    မွန်ပြည်နယ်က ရွေးကောက်ခံကိုယ်စားလှယ်အချို့ နိုင်ငံရေးမလုပ်တော့ဘူးဆိုသည့် ခံဝန်ထိုးခဲ့ခြင်းမရှိဟုဆို

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၁ အောက်တိုဘာ ၁၈)

    ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်းကအနိုင်ရခဲ့သည့် ရွေးကောက်ခံကိုယ်စားလှယ်အချို့ နိုင်ငံရေး မလုပ်တော့ဘူးဆိုသည့် ခံဝန်ထိုးခဲ့ခြင်း မ‌ရှိကြောင်း ကာယကံရှင်များက မွန်သတင်းအေဂျင်စီသို့ ပြောဆိုခဲ့သည်။

    မွန်ညီညွတ်ရေးပါတီ (MUP)  မှ နုတ်ထွက်ထားသည့် ရွေးကောက်ခံကိုယ်စားလှယ် တစ်ဦးဖြစ်သူ နိုင်မွန်ရာဇာက လက်မှတ်ရေးထိုးသည့်အချက်များမှာ နိုင်ငံရေး မလုပ်တော့ဘူးဆိုသည့် အချက် မပါဝင်ကြောင်း ပြောသည်။

    “အဲတာက ကျနော်လည်း ရက်အတိအကျတော့ မသိတော့ဘူး။ အဲမှာ ဖေဖော်ဝါရီနောက်ပိုင်းပေါ့နော်။ ဒီစကစ က တာဝန်ယူအာဏာယူပြီးတဲ့နောက်ပိုင်းပေါ့နော်။ CRPHတို့ NUG နဲ့တော့ ပတ်သက်မှု မရှိဘူးပေါ့နော်။ အဲတာက ခံဝန်လက်မှတ်ထိုးခဲ့ကြတာပေါ့နော်။ အဲမှာ ‌နောက်ဆို နိုင်ငံရေး မလုပ်တော့ဘူးဆိုတဲ့ အချက်တွေ မပါဘူးခင်ဗျ။ အဲဒီအချက်လုံးဝမပါဘူး” ဟု နိုင်မွန်ရာဇာ က ပြောသည်။

    ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရထားသည့် လွှတ်တော်ကိုယ်စားလှယ်အချို့သည် တပ်မတော်မှ အာဏာရယူပြီးနောက်ပိုင်းတွင် နိုင်ငံရေးမလုပ်တော့ဘူးဆိုသည့် ခံဝန်ထိုးခဲ့ရသည်ဟု သတင်းဌာနအချို့တွင် ရေးသားဖော်ပြခဲ့သည်ကို တွေ့ရသည်။

    မွန်ညီညွတ်ရေးပါတီ (MUP) တွဲဖက်အတွင်းရေးမှူး(၂) နိုင်စံတင်က ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် မိမိတို့ ပါတီနှင့် သက်ဆိုင်ခြင်း မရှိကြောင်း လက်မှတ်ထိုးခဲ့ရခြင်းဖြစ်ပြီး နိုင်ငံရေးမလုပ်တော့ဘူးဆိုသည့် ခံဝန်ထိုးခဲ့ခြင်း မဟုတ်ကြောင်း ဆိုသည်။

    “မဆိုင်ပါ။ တစ်ခုမှ မပါဘူး အဲတာ။ ကျနော်ကိုယ်တိုင်လက်မှတ်ထိုးခဲ့တာပဲဗျ။ NUG၊ CRPH နဲ့ ပတ်သက်ပြီးမှ ကြာပါပြီဗျာ။ ကောင်စီနဲ့ ပတ်သက်ပြီး ကျနော်တို့ ကိုယ်စားလှယ်လွှတ်ကတည်းက ကျနော်တို့ လက်မှတ်ထိုးထားပြီးသား။ အဲထဲမှာ တစ်ခွန်းမှ မပါ နိုင်ငံရေးမလုပ်ရဘူးဆိုတာ။ အဲတာပြောလိုက်ရင် ခင်ဗျားတို့လည်း ကြုံဖူးမှာပါ။ ထောင်ကျတဲ့သူက လွတ်ပေးလိုက်ရင် ကတိခံဝန်ချက်‌ရေးရတယ်။ နိုင်ငံရေးမလုပ်‌တော့ပါဘူးဆိုပြီး ကျနော်တို့က ထောင်ကျခဲ့တဲ့ လူမှ မဟုတ်တာဗျ” ဟု နိုင်စံတင်က ပြောသည်။

    မွန်ပြည်နယ်အတွင်းက ရွေးကောက်ခံကိုယ်စားလှယ် (၁၄) ဦးသည် NUG၊ CRPH တို့နှင့် ပတ်သက်ခြင်း မရှိကြောင်း လက်မှတ်ထိုးခဲ့ရခြင်းဖြစ်ကာ MUP မှ ၁၁ ဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ၃ ဦး လက်မှတ်‌ရေးထိုးခဲ့သည်ဟု သိရသည်။

    “ကျနော်တို့ အခုလက်ရှိ ကျနော်တို့ ပါတီမှာ ရှိတယ်။ ပါတီရှိလို့ နိုင်ငံရေးလုပ်တာပေါ့ဗျ။ မဟုတ်ဘူးလား။ ပါတီမှာ တာဝန်ရှိတယ်လေ။ အဲတာကြောင့် နိုင်ငံရေးမလုပ်ဘူးလို့ ပြောတဲ့လူက ဟုတ်ပါရဲ့လားဆိုတာ ခင်ဗျား စဉ်းစားကြည့်ပေါ့ဗျာ” ဟု နိုင်စံတင်က ပြောသည်။

    ရေးမြို့နယ်မှ ပြည်နယ်လွှတ်တော်အမတ် မင်းအောင်ထူးက “လက်မှတ်ထိုးတဲ့အထဲမှာ နိုင်ငံရေးမလုပ်တော့ဘူး ဆိုတဲ့ ဂတိဝန်ခံချက် မပါဘူးဆိုတာ သတင်းရေးတဲ့ ဆရာကြီးတွေ အသိဆုံးဖြစ်မှာ ပါတီမှာလည်း စစ်အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး ရပ်တည်ချက်အမျိုးမျိုး တုန့်ပြန်မှုအမျိုးမျိုး ရှိနေခဲ့တယ်ဆိုတာလဲ မီဒီယာဆရာကြီးတွေ သိမှာပါ။ ရှိစေတော့ ကိုယ့်ခွင်ထဲဝင်ရင် တီးလိုက်ဦးမယ်ဟဲ့ ဆိုတာမျိုး၊ ကိုယ်ဖြစ်စေချင်သလိုမဖြစ်ရင် ညစ်လိုက်ဦးမယ်ဆိုတာမျိုး၊ ကိုယ်နဲ့မတူ ကိုယ့်ရန်သူ သတ်မှတ်ဆက်ဆံတာမျိုးက ဒီလူမှုအဖွဲ့အစည်းမှာ အသားကျနေပြီမို့ ထူးပြီးမပြောတော့။ တစ်ခုတော့ပြောချင်ပါတယ်၊ ရှေ့လျှောက် နိုင်ငံရေးနယ်ပယ်မှာ ငါဆက်ပြီး ရှိချင်ရှိမယ်၊ မရှိချင်မရှိဘူး” ဟု ၎င်း၏ လူမူကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

    နစကကောင်စီ၏ မတရားအသင်းအဖြစ် ကြေညာခံထားရသည့် CRPH, အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စသည့်အဖွဲ့များနှင့် မပတ်သက်ကြောင်း အမတ်များ လက်မှတ်ထိုးကြရန် နစကပြည်ထဲရေးဝန်ကြီးဌာနက ၂၀၂၁ မေ ၂၄ တွင် စာထုတ်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts