spot_img
Sunday, February 15, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးNCA ၆ နှစ်ပြည့်တွင် အပစ်ရပ် ၁၀ ဖွဲ့ အချက် ၇ ချက် တောင်းဆို

    NCA ၆ နှစ်ပြည့်တွင် အပစ်ရပ် ၁၀ ဖွဲ့ အချက် ၇ ချက် တောင်းဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၁၅)

    တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည်မှာ ယနေ့ (အောက်တိုဘာ ၁၅) သည် (၆) နှစ်ပြည့်ဖြစ်ကာ အပစ်ရပ် (၁၀) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က အချက် (၇) ချက်ပါ တောင်းဆိုချက်ကို ထုတ်ပြန်တောင်းဆိုခဲ့သည်။

    စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးခေါင်းဆောင်များ အပါအဝင် ပုဂ္ဂိုလ်များအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးပြီး နိုင်ငံရေး မတူညီမှုများအား အမြန်ဆုံး ဆွေးနွေး အဖြေရှာသွားရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    PPST ပြောခွင့်ရ ရဲဘော်မျိုးဝင်းက ” ကျနော်တို့ လက်ရှိ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းပေါ်နော်။ NCA ရဲ့ အဓိက အခြေခံမူဖြစ်တဲ့ (၃) ချက်ကို ကိုင်စွဲထားတာပေါ့။ တစ်ခုက‌တော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ပေါ့။ နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အင်အားစုအားလုံး ပါဝင်နိုင်ရေးပေါ့။ ပြီးတော့ အရပ်သားများကို အကာအကွယ်ပေးရေးပေါ့။ ဒီ (၃) ချက်ကိုဟာ NCA ရဲ့ အနှစ်သာရဖြစ်တာပေါ့” ဟု ပြောသည်။

    တိုင်းပြည်၏ အာဏာကို အရပ်သားကိုယ်စားလှယ်များ အုပ်ချုပ်မှုနှင့် ဒီမိုကရေစီမူဘောင်အတွင်း ဆောလျင်စွာ ပြန်လွှဲပြောင်းရေးကို ဝိုင်းဝန်းအဖြေရှာကြရန်နှင့် တိုင်းပြည် ရေရှည်တည်တံ့ရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးတို့ကို ရှေ့ရှုပြီး လူထုကို ကာကွယ်မှုပေးသော လုံခြုံရေးစနစ်တည်ဆောက်သွားရန် ထုတ်ပြန်ခဲ့သည်။

     “အဓိကတော့ အပိုင်း နှစ်ပိုင်းရှိတာပေါ့။ လက်ရှိ ပဋိပက္ခကြောင့် ခံစားနေရတဲ့ ပြည်သူလူထုတွေကို ကာကွယ်ပေးရမှာပေါ့။ အဲကာကွယ်ပေးရမယ်ဆိုတဲ့ အနေအထားပေါ်မှာ အားလုံးသိတဲ့အတိုင်းပါပဲ ဒီနိုင်ငံရေးပဋိပက္ခကြောင့် ဖြစ်လာတဲ့ ပြည်သူလူထုရော စစ်ဘေးရှောင်တွေကိုရော တတ်နိုင်သမျှ ကျနော်တို့ EAO တွေ အနေနဲ့ ကိုယ်နိုင်တဲ့ ဝန်နဲ့ အားနဲ့ မျှတဲ့အားနဲ့ အားလုံး လက်ခံပြီးတော့မှ ကူညီစောင့်ရှောက်ပေးပါတယ်” ဟု ရဲဘော်မျိုးဝင်းက ပြောသည်။

    နိုင်ငံတကာအသိုင်းအဝန်းတွင် ပြည်ထောင်စု မြန်မာနိုင်ငံ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် တိုင်းပြည်၏ အခြေခံအဆောက်အအုံများကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်နှင့် ရေရှည်တည်ငြိမ်ငြိမ်းချမ်း သာယာဝပြောဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားရန်  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    အလားတူ NCA ၆ နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ပေးပို့သည့် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သဝဏ်လွှာတွင် ”NCA လက်မှတ်ထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် NCA စာချုပ်ပိုမိုခိုင်မာရေး၊ NCA စာချုပ်၌ လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် လက်ရှိ အခြေအနေထက်ပိုမိုသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးတဆင့်  တဆင့်သို့ တက်လှမ်းနိုင်ရေး၊ ထို့နောက် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ထပ်မံ၍ လေးနက်စွာ ဖိတ်ခေါ်ပါသည်” ဟု စိန်ရတုပြည်ထောင်စုနေ့ သန္နိဌာန်ဖြင့် ဆောင်ရွက်ပေးကြရန် တိုက်တွန်းခဲ့သည်။

    ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ် (NCA)ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ အဖွဲ့ဝင် (၁၀)ဖွဲ့ဖြင့် PPST ကို ဖွဲ့စည်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks