spot_img
Saturday, January 24, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးသူနိုင်ကိုယ်နိုင်လမ်းကြောင်းမှာ ဆွေးနွေးရေးလမ်းကြောင်းဖြစ်သည်ဟု ဒေါ်စောမြရာဇာလင်းဆို

    သူနိုင်ကိုယ်နိုင်လမ်းကြောင်းမှာ ဆွေးနွေးရေးလမ်းကြောင်းဖြစ်သည်ဟု ဒေါ်စောမြရာဇာလင်းဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၁၁)

    မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း (၇၀) ကျော် ဖြစ်ပေါ်နေသည့် ပြည်တွင်းပဋိပက္ခတွင် တစ်ဖက်နှင့် တစ်ဖက် အနိုင် မတိုက်ခိုက်နိုင်ဘဲ နှစ်ရှည်ကြာနေပြီး ယင်းအတွက်ကြောင့် သူနိုင်ကိုယ်နိုင် လမ်းကြောင်းမှာ ဆွေးနွေးရေး လမ်းကြောင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) မှ ဒေါ်စောမြရာဇာလင်းက ပြောသည်။

    “ကျမအနေနဲ့လည်း အင်မတန်ကို တိုက်ဖို့ ဝါသနာပါခဲ့တယ်။ ကျမတို့က လက်နက်ကိုင်နည်းလမ်းနဲ့ပဲ အဓိက တိုက်ပွဲဝင်မယ်ဆိုပြီးတော့ သံဌိဓါန်နဲ့ပဲ တော်လှန်ရေးမှာ ကြိုးပမ်းခဲ့ရတာ ဖြစ်တယ်။ ဒါပေမယ့် တစ်ဖက်မှ မနိုင်ဘူး။ အစိုးရလည်း မနိုင်ဘူး။ ဒီတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေလည်း မနိုင်ဘူး။ သံသရာပဲ ရှည်နေတယ်။ သံသရာပဲ ရှည်နေတယ်ဆိုတော့ နှစ်ဖက်စလုံးက သုံးသပ်ဖို့လိုတယ်။ ကိုယ်မနိုင်၊ သူမနိုင်မဖြစ်ပဲနဲ့ ကိုယ်နိုင် သူနိုင်ဖြစ်ဖို့လိုတယ်။ ကိုယ်လည်း နိုင်ရမယ်။ သူလည်း နိုင်ရမယ်ဆိုတဲ့ လမ်းကြောင်းကတော့ ဆွေးနွေးရေးလမ်းကြောင်းပဲ” ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။

    သူနိုင်ကိုယ်နိုင်လမ်းကြောင်းကို နိုင်ငံတော်ကို အုပ်ချုပ်နေသည့် အစိုးရတိုင်း နားလည်ထားရန် လိုအပ်သလို တိုက်ပွဲဝင်နေကြသည့် တိုင်ရင်းသား လက်နက်ကိုင်‌ခေါင်းဆောင်များလည်း နားလည်ထားရန် လိုအပ်ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်ရန် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ဖြစ်ပေါ်လာရသည်ဟု ၄င်းကဆိုသည်။

    သို့ရာတွင် စစ်တပ်မှ အာဏာရယူပြီးနောက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကို အချိန်ကာလ ကန့်သတ်ချက်မရှိ ရပ်ဆိုင်းထားမည်ဟု အပစ်ရပ် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

    NCA မပျက်သော်လည်း NCA အကောင်အထည်ဖော်ဆောင်ရွက်မှုများ မလုပ်ဆောင်နိုင်သေးကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/ SSA) မှ အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး စိုင်းငင်းက ဆိုသည်။

    “ဒီ NCA ကို လက်မှတ်ရေးထိုးထားတဲ့ တပ်မတော်ရော ကျနော်တို့ EAO ရော နှစ်ဖက်စလုံးကပဲ ဒီ NCA ဟာ ဆက်လက်ရှိနေပါသေးတယ်။ ဆက်လက်ဆုပ်ကိုင်နေပါသေးတယ်ဆိုတဲ့ အတွက် NCA မပျက်သေးဘူးလို့ပဲ အဲလိုမြင်ပါတယ်။ ဒါပေမယ့် ခုနပြောသလိုပေ့ါ။ ဒီ NCA မပျက်ဘူးဆိုပေမယ့်လည်း NCA အရ NCA အကောင်အထည်ဖော်ဆောင်ရွက်ရေးတွေတော့ မလုပ်နိုင်ဘူး။ ပြောမယ်ဆိုရင် အခုအနေအထား အဲလို ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

    ဒေါ်စောမြရာဇာလင်းက အနာဂတ် တိုင်းပြည်ကို ထူထောင်ရာတွင်လည်း လူမျိုးစု တစ်စုတည်း ကြည့်ခြင်းမျိုး မဟုတ်ပဲ တစ်တိုင်းပြည်လုံး၏ အနာဂတ်ကြည့်ပြီး လုပ်ဆောင်သင့်သည်ဟု ဆိုသည်။

    “တစ်တိုင်းပြည်လုံးရဲ့ အနာဂတ် ပြည်သူတွေမှာ ရှိနေတဲ့ အနာဂတ်ကို ကြည့်မယ်ဆိုလို့ရှိရင် ကျမတို့ မြန်မာနိုင်ငံကို ဖက်ဒရယ်နိုင်ငံအစစ် မထူထောင်လို့ မရတော့ဘူး။ ကျမတို့က ဘာကြောင့် ဖြစ်နေလဲဆိုလိုရှိရင် ရပိုင်ခွင့်တွေ ဆုံးရှုံးနေလို့ဖြစ်တယ်။ ကိုယ့်ရဲ့ ဘဝကို ကိုယ်တို့ မဖန်တီးနိုင်ဖို့ ဖြစ်တယ်။ အဲတာကြောင့် ဒါကိုတော့ အားလုံး နားလည်တယ်ဆိုလို့ရှိရင် ဒီပြဿနာကို မဖြေရှင်းနိုင်စရာမရှိဘူး။ အတ္တကို လျော့ဖို့လိုတယ်” ဟု ပြောသည်။

    ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ် (NCA)ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ အဖွဲ့ဝင် (၁၀)ဖွဲ့ဖြင့် PPST ကို ဖွဲ့စည်းထားသည်။

    Photo-NCA အပစ်ရပ်ဆွေးနွေးပွဲတစ်ခု

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts