HomeCovid 19ဘုရားသုံးဆူအပါအဝင် ကန်ချနပူရီပြည်နယ်ရှိ နယ်စပ်ဂိတ် ၅ ခု ကိုဗစ်ရောဂါစည်းကမ်းချက်နှင့်အညီ ထိုင်းအာဏာပိုင်တို့ ပြန်ဖွင့်ပြီ

ဘုရားသုံးဆူအပါအဝင် ကန်ချနပူရီပြည်နယ်ရှိ နယ်စပ်ဂိတ် ၅ ခု ကိုဗစ်ရောဂါစည်းကမ်းချက်နှင့်အညီ ထိုင်းအာဏာပိုင်တို့ ပြန်ဖွင့်ပြီ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၉)

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စေရေးအတွက် ဘုရားသုံးဆူဒေသအပါအဝင် ကန်ချနပူရီပြည်နယ်ရှိ နယ်စပ်ဂိတ် ၅ ခု ကိုဗစ်ရောဂါစည်းမျဥ်းကန့်သတ်ချက်နှင့်အညီ စက်တင်ဘာ ၂၈ ရက်စွဲဖြင့် ထိုင်းအာဏာပိုင်တို့ ပြန်ဖွင့်လှစ်ခွင့်ပြုလိုက်ကြောင်း အမိန့်စာထုတ်ပြန်ခဲ့သည်။

ကန်ချနပူရီပြည်နယ်အတွင်းရှိ ၁။ Chorakhe Phueak ခရိုင် Dan Makham Tia တိုက်နယ် ၂။ Ban Kao ခရိုင် Muang Kanchanaburi တိုက်နယ် ၃။ Sangkhla Buri ခရိုင် ၄။ Thong Pha Phum ခရိုင်နှင့် ၅။ Sai Yok ခရိုင်တို့ပါဝင်ကြောင်း သိရသည်။

“ကန်ချနပူရီခရိုင် ကူးစက်ရောဂါကော်မတီဥက္ကဋ္ဌ ပြည်နယ်အုပ်ချုပ်ရေးမှူး Mr.Jeerakiat Phumsawat က ခရိုင်နယ်စပ်လမ်းကြောင်းများဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ကူးစက်ရောဂါကော်မတီအမိန့်အမှတ် ၄၇၂၆/၂၅၆၄ အမိန့်ကြော်ငြာစာကို လက်မှတ်ရေးထိုးလိုက်သည်” ဟု ၄င်းအမိန့်စာတွင် ဖော်ပြထားသည်။

ယင်းအမိန့်စာအရ ကုန်ပစ္စည်းများ နယ်စပ်ဖြတ်ကျော်ရာတွင် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ အစီအမံများနှင့်အညီလိုက်နာရန်၊ ရောဂါပိုးရှိမရှိစစ်ဆေးခြင်း၊ လက်ဆေးခြင်း၊ မျက်နှာဖုံးများတပ်ဆင်ခြင်း၊ သန့်ရှင်းသောအလေ့အကျင့်များ သို့မဟုတ် Social Distancing မူအရ မော်တော်ကားကို နှစ်ဖက်စလုံးတွင်ပိုးသတ်ဆေးများဖြန်းခြင်းနှင့် နိုင်ငံတကာသို့ ထုတ်ကုန်များတင်သွင်းခြင်းနှင့်ဆက်စပ်သော ဥပဒေများကို လိုက်နာရမည်ဟု ဆိုသည်။

ထို့အတူ ကန်ချနဘူရီပြည်နယ် ထီးခီး နယ်စပ်ဂိတ်ကိုလည်း စက်တင်ဘာလ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မောတောင်နယ်စပ်နှင့် ဆက်သွယ်ထားသည့် ပရာကျွတ်ခီရီခံ အထူးယာယီ နယ်စပ်ဂိတ်ကို အောက်တိုဘာ ၁ ရက်တွင် ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဟု သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဘက်မှ တရားမဝင် နယ်စပ်ကုန်သွယ်ရေးဖြစ်နေသော်လည်း ထိုင်းနိုင်ငံဘက်က တရားဝင်ကုန်သွယ်ရေးဂိတ်အဖြစ် သတ်မှတ်ထားသည့် သောင်းရင်းမြစ်ဘေးရှိ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ထိန်းချုပ်ထားသည့် လှေဂိတ်များကို ပြန်လည်ဖွင့်လှစ်ရန် ထိုင်းအစိုးရ စီစဉ်နေကြောင်း သတင်းရရှိသည်။

သို့သော် ယင်းကဲ့သို့ ထိုင်းနယ်စပ်ဂိတ်များ ဖွင့်လှစ်ပေးရာတွင် COVID-19 ကာကွယ်ဆေး ထိုးထားပြီးသူများကိုသာ ဝင်၊ထွက်ခွင့် ပေးမည်ဖြစ်ပြီး အပိုင်းအလိုက် တဖြည်းဖြည်း ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း၊ လာမည့် ၂၀၂၂ ခုနှစ် နှစ်အကူး ဇန်နဝါရီလ ၁ ရက်တွင် ထိုင်းနိုင်ငံ နယ်စပ်ဒေသ ဝင်ပေါက် ၁၃ ခရိုင်မှ ခရီးသွားများ စတင် ဝင်ရောက်ခွင့် ပေးမည်ဖြစ်ပြီး ခရိုင်ပေါင်း ၄၃ ခရိုင်သို့ လည်ပတ်ခွင့်ပြုရန် စီစဉ်နေကြောင်း ထိုင်းနိုင်ငံသတင်းများက ရေးသားဖော်ပြသည်။                  

ထိုင်းနိုင်ငံအတွင်း ကိုဗစ်အတည်ပြုလူနာ တစ်သန်းနှစ်သိန်းကျော် (၁,၂၁၃,၀၀၀) ရှိခဲ့ပြီး သေဆုံးသူ ၁၂,၀၀၀ နီးပါးရှိကြောင်း၊ လက်ရှိတွင် ထိုင်းလူဦးရေ ၂၅ ရာနှုန်းကျော် ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးဖြစ်သော်လည်း နေ့စဥ်ပျမ်းမျှရောဂါကူးစက်ခံရသူ ၁၅၀၀၀ ဝန်းကျင်ခန့် ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနသတင်းက ဖော်ပြသည်။  

Three Pagodas Pass in Sangkhla Buri district (Photo: Piyarat Chongcharoen)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts