spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းယနေ့ဝယ်သည့်ဆီ မနက်ဖန်အရှုံးဖြစ်နေဟု စက်သုံးဆီအရောင်းဆိုင်များပြော၊ စစ်အာဏာသိမ်းပြီး ၈ လအကြာ စက်သုံးဆီစျေးနှုန်း ၂ ဆမြင့်တက်လာ

    ယနေ့ဝယ်သည့်ဆီ မနက်ဖန်အရှုံးဖြစ်နေဟု စက်သုံးဆီအရောင်းဆိုင်များပြော၊ စစ်အာဏာသိမ်းပြီး ၈ လအကြာ စက်သုံးဆီစျေးနှုန်း ၂ ဆမြင့်တက်လာ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၈)

    စစ်အာဏာသိမ်းပြီး ၈ လအကြာ နိုင်ငံတဝန်း စက်သုံးဆီစျေးနှုန်း ၂ ဆမြင့်တက်လာသဖြင့် အောက်တိန်းနှင့် ဒီဇယ်အရောင်းဆိုင်များအနေဖြင့် “ယနေ့ဝယ်သည့်ဆီ မနက်ဖန်အရှုံးဖြစ်နေ” ဟု မွန်ပြည်နယ်ရှိ အရောင်းဆိုင်များက ညီးတွားပြောဆိုနေကြသည်။

    မော်လမြိုင်-ကုန်စည်ဒိုင်သတင်းဖော်ပြချက်အရ စက်သုံးဆီတစ်လီတာစျေး ဒီဇယ် ၁၃၇၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၃၈၅ ကျပ်၊ အောက်တိန်း 92, ၁၃၇၅ ကျပ် နှင့် အောက်တိန်း 95, ၁၄၄၅ ကျပ်ရှိနေပြီး စစ်အာဏာမသိမ်းမီ ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းတွင် အောက်တိန်း 92 တစ်လီတာ ၆၅၅ ကျပ် ၊ အောက်တိန်း 95 တစ်လီတာ ကျပ် ၇၆၅ ကျပ် ၊ ဒီဇယ်တစ်လီတာ ၆၉၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၇၀၅ ကျပ်သာရှိခဲ့သည်။

    ရေးမြို့နယ်မှ စက်သုံးဆီ တနိုင်တပိုင်အရောင်းဆိုင် မန်နေဂျာတစ်ဦးက “ကျနော်တို့ဆီမှာ အတော်လေးဂွကျနေပြီ၊ ဒီနေ့ဝယ်တဲ့ဆီ မနက်ဖန်အတွက်အမြတ်မဟုတ်တော့ဘူး မနက်ဖန်အရှုံးဖြစ်နေပြီ၊ ကျနော်တို့ ဒီနေ့ဝယ်လိုက်တဲ့ဆီဟာ မနက်ဖန်မှာအမြတ်မထွက်တော့ဘဲ အရှုံးပြနေတာပါ၊ ဥပမာ ဒီနေ့ ၂ သိန်း ၉ သောင်းစျေးနဲ့ ဆီဝယ်လိုက်တယ်ဆိုပါတော့ မနက်ဖန်ပြန်ဝယ်ရမယ့်စျေးက ၃ သိန်းဖြစ်သွားပြန်ရော ဒါကြောင့်ကျနော်တို့ Customer တွေနဲ့ တော်တော်လေးပြဿနာတက်နေရပါတယ် အရင်လိုများများ မရောင်းပေးနိုင်တော့ဘူး၊ သူတို့က ၅ ပီပါလိုချင်ရင် ၂ ပီပါ ၃ ပီပါလောက်ပဲရောင်းပေးနိုင်ပါတယ်၊ စျေးနှုန်းတွေက အရမ်းကို ကမောက်ကမဖြစ်နေပြီ” ဟု ဆိုသည်။

    မိမိတို့တနိုင်တပိုင် အရောင်းဆိုင်အနေဖြင့် စက်သုံးဆီတစ်ပီပါကို မူလဝယ်ရင်းစျေးထက် ကျပ် ၂၀၀၀ ခန့်သာ စျေးမြင့်တင်ရောင်းချနေသော်လည်း လက်တွေ့အားဖြင့် တစ်ပီပါရောင်းချပြီးတိုင်း ငွေကျပ် ၈၀၀၀ အရှုံးပေါ်နေရသည်ဟု ၄င်းကဆက်ပြောသည်။

    “အခုရက်ပိုင်းတွေမှာ ယာဥ်အသွားအလာနည်းသွားတာကတော့ သိပ်ကိုသိသာပါတယ်၊ ပုံမှန်နေ့စဥ် ၁၀ သိန်းလောက်ရောင်းနေရတဲ့အနေအထားမှာ အခု ၅ သိန်း ၆ သိန်းလောက်ပဲရတော့တယ်၊ ရောင်းအား သိသိသာသာကျဆင်းသွားပါတယ်”

    ကိုဗစ်ကာလကန့်သတ်ချက်များအပြင် စက်သုံးဆီဈေးမြင့်တက်လာသောကြောင့် မော်လမြိုင်အဝေးပြေးယာဉ်လိုင်းများသည်လည်း လုပ်ငန်းရပ်တည်ရေးခက်ခဲလာပြီး မော်တော်ယာဥ်အစီးရေထက်ဝက်ခန့် ရပ်နားလိုက်ရကြောင်း မြေနီကုန်းအဝေးပြေးဝင်းမှ မော်တော်ယာဥ်လိုင်းကြီးကြပ်သူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

    သံဖြူဇရပ်-မော်လမြိုင် အိမ်စီးမော်တော်ယာဥ်လိုင်းပြေးဆွဲနေသူတစ်ဦးက “တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းမတူကြပါဘူး၊ တချို့က ကျနော်တို့ယာဥ်လိုင်းကို ရပ်နားစေချင်တယ်၊ ကုန်စျေးနှုန်းကို ကုန်သည်တွေက မြှင့်တင်ပြီး ကားခတွေကျတော့ မြင့်မလာဘူး၊ တကယ်လို့သာ ကျနော်တို့ကားသမားတွေကသာ ညီကြမယ် ဘယ်သူ့ကားမှမထွက်ဘဲ နေလိုက်မယ်ဆိုရင် ကုန်သည်တွေ ဘာနဲ့ကုန်ပစ္စည်းသွားတင်ကြမှာလဲ၊ ကားခပိုပေးမှထွက်မယ်ဆိုပြီး မျှော်လင့်ချက်နဲ့ လိုင်းပိတ်ထားချင်တဲ့လူတွေလည်း ရှိကြတာပေါ့” ဟု ဆိုသည်။

    လက်ရှိ အမေရိကန် ၁ ဒေါ်လာ မြန်မာကျပ်ငွေ ၂၁၀၀ အထိစံချိန်တင်မြင့်တက်နေပြီး ကမ္ဘာ့ရေနံစိမ်းစျေး ၁ စည် ၇၄ ဒေါ်လာနီးပါးရှိနေသဖြင့် ဇန်နဝါရီလဆန်းပိုင်းက စျေးနှင့်နှိုင်းယှဥ်ပါက ၄၀ ရာခိုင်နူန်းခန့် ဈေးတက်လာကြောင်း၊ စက်သုံးဆီ ဈေးတက်ခြင်းနှင့် ဒေါ်လာဈေးတက်ခြင်းတို့ကို ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းနေသည့် ကုမ္ပဏီများအား ပြင်ပပေါက်ဈေးထက်နည်းသည့် တဒေါ်လာကျပ် ၁၇၅၀ ဈေးနှုန်းဖြင့် ဒေါ်လာများထုတ်ရောင်းပေးပြီး ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းပေးလျက်ရှိသော်လည်း စက်တင်ဘာလ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း၏ စာရင်းအရ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သား သိန်း ၂၀ (၂,၀၁၀,၀၀၀) ကျပ်အထက် ဈေးကွက်ပေါက်ဈေးဖြစ်ခဲ့ကြောင်း သိရသည်။

    သို့ရာတွင် ပြည်တွင်းလောင်စာဆီ ရောင်းဝယ်ရေးစျေးကွက်ကို လက်ဝါးကြီးအုပ်ထားသည့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းနှင့် ခရိုနီပိုင် စက်သုံးဆီကုမ္ပဏီကြီးများက ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ရှိ စက်သုံးဆီ အရောင်းဆိုင် ၇၀ ကျော်ခန့်တွင် နိုင်ငံတဝန်းဖြစ်ပေါ်နေသော လက်ရှိပေါက်စျေးထက် ဈေးလျှော့ရောင်းပေးနေကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts