spot_img
Tuesday, February 17, 2026
More
    spot_img
    HomeCovid 19မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှု လျော့ကျလာ

    မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှု လျော့ကျလာ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၄)

    မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှု လျော့ကျလာနေသည်ကိုတွေ့ရှိနေရပြီး အထူးသဖြင့် ကျိုက်မရော၊ ချောင်းဆုံနှင့် သံဖြူဇရပ်မြိုနယ်အတွင်းရှိ ကျေးရွာများသို့ ကျန်းမာရေးစစ်ဆေးပေးရာ၌ ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှု နည်းပါးလာကြောင်း  နယ်လှည့်အခမဲ့ ကျန်းမာရေးစစ်ဆေး‌ရေးအဖွဲ့တွင် ကူညီပေးနေသူ ကိုဘိုဘိုဝင်းက ပြောသည်။

    “အဓိကကတော့ ကိုဗစ်အလွန်ပေါ့။ ကိုဗစ်ပြီးနောက်လူနာတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးတာပေါ့။ အဓိကက အဲဒါတွေပေါ့။ လက်ရှိ ပိုးတွေ့လူနာတွေကတော့ သိပ်မရှိတော့ဘူး။ မတွေ့တော့ဘူး ရှားသွားပြီ။ လိုအပ်လာရင်တော့ Test kit နဲ့ စစ်တာရှိတယ်။ ပေါ်တာတော့ နည်းလာပါတယ်။ အခုလက်ရှိမှာတော့ ဖြစ်ပီ့းတဲ့လူနာတွေက များတယ်။ အဲဒိလူနာတွေကို အဓိက ကုပေးနေတာပေါ့”ဟု ကိုဘိုဘိုဝင်းက ပြောသည်။

    ယခုအခါ ကိုဗစ်ဖြစ်ပွားမှုနှုန်းထက် ရောဂါဖြစ်ပွားပြီး နောက်ဆက်တွဲ လက္ခဏာများကို ခံစားနေရသူ ပိုများလာသည်ကို တွေ့ရကြောင်း ၄င်းကဆက်ပြောသည်။

    ပြီးခဲသည့် သြဂုတ် ၁ ရက်မှ ၁၄ ရက်အတွင်း မွန်ပြည်နယ်၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၆၃၄ ဦးရှိပြီး သေဆုံးသူ ၃၅၇ ဦးအထိရှိခဲ့ကြောင်း၊ ဇွန် ၂၈ ရက်မှ သြဂုတ် ၁၄ ရက်အထိ မွန်ပြည်နယ်အတွင်း ဓာတ်ခွဲအတည်ပြုလူနာ ၁၁၉၁၃ ဦးရှိပြီး လူနာ ၈၂၄ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

    သို့ရာတွင် ကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဌာနများက ထိထိရောက်ရောက်မလုပ်ပေးနိုင်ခြင်း၊ မြို့ပေါ် ဆေးခန်း၊ ဆေးရုံများသို့လည်း ပြသရန် ခက်ခဲခြင်းများရှိနေကြောင်း ကျိုက်မရောမြို့နယ်မှ ပရဟိတဆောင်ရွက်နေသူ မိစန္နာနန်က ပြောသည်။

    “ကိုဗစ်က အခုလက်ရှိ အနေအထားမှာ တော်တော်လေးကို လျော့လာတယ်။ ကျဆင်းမှုတော့ တော်တော်လေးရှိတယ်။ လုံးဝမရှိဘူးဆိုတာတော့မရှိဘူး။ လျော့တော့လျော့လာတယ်။ အခု အဲကျေးရွာတွေကို ဆင်းပြီး ကုရတဲ့အတွက် ကိုဗစ်ရောဂါသာမက နာတာရှည်ရောဂါသည်တို့အတွက် တော်တော်လေး အဆင်ပြေလာတာပေါ့နော်”ဟု ၎င်းက ပြောသည်။

    ထို့အပြင် နယ်လှည့် အခမဲ့ကုသပေးသည့် ဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်ပေးလာနိုင်ပါက ကျေးရွာနေပြည်သူများအတွက် ထိရောက်မည်ဖြစ်ကြောင်း၊ နယ်လှည့် အခမဲ့ ကျန်းမာရေးအဖွဲ့ကို ရပ်ရွာကျေးရွာများမှ ဆက်သွယ်ကာ အကူညီတောင်းခံလာပါက ကျေးရွာအနေအထား၊ လူနာအရေအတွက် နှင့် ခရီးလမ်းကြောင်းကို သေချာစုံစမ်းကာ သွားရောက်ကုသပေး‌နေကြောင်း သိရသည်။

    ဆေးဖိုးကုန်ကျစရိတ် မတက်နိုင်သော ကျေးရွာများကိုလည်း ဆေးဝါးကုန်ကျခံကာ သွားရောက်ကုသပေးနေကြောင်း၊ နယ်လှည့်ဆေးကုသမှု အဖွဲ့ကို စေတနာဝန်ထမ်း ဆရာဝန် ဒေါက်တာသက်ကျော်စိုးက ဦးဆောင်ပြီး သူနာပြုများ၊ မော်လမြိုင် ကြက်ခြေနီသူနာပြု အဖွဲ့ နှင့် ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ အခမဲ့ ဆေးကုမှုဖြင့် ကူညီ‌နေခြင်း ဖြစ်သည်။

    Photo-နယ်လှည့်ဆေးကုသရေးအဖွဲ့(မိစန္ဒာနွန်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks