Homeသတင်းမွန်ပြည်နယ် မိုးစပါးချေးငွေ မရသူများရှိနေ

မွန်ပြည်နယ် မိုးစပါးချေးငွေ မရသူများရှိနေ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၃)

မွန်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် မိုးစပါးချေးငွေ ပြန်ဆပ်ထားသသည့် လယ်သမားများ အချိန်ကြာမြင့်သည့်တိုင် ယခုနှစ်အတွက်မိုးစပါးချေးငွေမရသေးဟု ကျိုက်မရောမြို့နယ် ပေါလောကုန်းရွာမှ လယ်သမားတစ်ဦးက ဆိုသည်။

“ကျနော်တို့ဒေသမှာ မိုးစပါးချေးငွေ ပြန်ဆပ်နိုင်တဲ့သူ ဒီနှစ်အတော်နည်းတယ်။ ဆပ်တဲ့သူတော်တော်များများလည်း နောက်နှစ်ချေးငွေအခုထိကို မရကြသေးဘူး။ အဲဒီတော့နောက်လူတွေကဆပ်ဖို့ ကြောက်နေကြတယ်။ ဒီနှစ်အတွက်ဆပ်လိုက်ပါပြီရဲ့ နောက်နှစ်အတွက် ထုတ်မပေးမှာကို စိုးရိမ်ပြီး မဆပ်ကြတာလည်း ရှိပါတယ်” ဟု ၄င်းကဆိုသည်။

သို့ရာတွင် မိုးစပါးချေးငွေဆပ်သူများကို ကျေးရွာအလိုက် ယခုနှစ်အတွက် ချေးငွေများ ထုတ်ပေးနေကြောင်း မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်(မွန်ပြည်နယ်) မန်နေဂျာ ဦးကျော်စွာလှိုင်က ဆိုသည်။

” အခုထိမရကြသေးတာက မဆပ်တဲ့သူများတဲ့ ဒေသတွေဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့က ချေးငွေဆပ်တာ အများဆုံးကျေးရွာတွေကနေ အနည်းဆုံးအထိ အစဥ်လိုက် ထုတ်ပေးနေလို့ပါ” ဟု ၎င်းကဆိုသည်။

မိုးစပါးချေးငွေများကို အထက်ကညွှန်ကြားထားသော သတ်မှန်နှုန်းထားများအတိုင်း ပြည့်မှီအောင် ထုတ်ချေးပေးနိုင်ရန် စီစဥ်နေကြောင်း၊ တောင်သူများ အနေဖြင့် လယ်ယာမြေလုပ်ပိုင် ခွင့်လက်မှတ် (ပုံစံ-၇) မူရင်းကို စိုက်ပျိုးစရိတ်ချေး ငွေမကြေ မခြင်း ဘဏ်မှာ အပ်နှံထားရမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က သိရသည်။

မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ပြန်ဆပ်ရမည့်အချိန်ကို ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က နောက်ဆုံးထားသတ်မှတ်ခဲ့သော်လည်း တောင်သူများ ငွေကြေးအခက်အခဲမရှိစေရန် ဇူလိုင်လ ၃၁ ရက်နေ့အထိ နောက်ဆုံးထား၍ ပြန်ဆပ်ကြရန် သက်ဆိုင်ရာဌာနများက ဖြေလျော့ပေးခဲ့သည်။

၂၀၂၀ ခုနှစ် မေလ ၁ရက်နေ့မှစပြီး မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကိုများ၏အတိုးနှုန်းကို ၅ ရာခိုင်နှုန်းသို့ လျော့ချခဲ့ပြီး ပြန်ဆပ်ရမည့်သတ်မှတ်ရက်ကျော်လွန်ပါက တစ်လအတွက် ကျပ် ၁၀၀ လျှင် ပြား၅၀ကို ဒဏ်ကြေးအဖြစ်ပေးဆောင်ရန် သတ်မှတ်ထားကြောင်း သိရသည်။

မွန်ပြည်နယ်တွင် မိုးစပါးစိုက်ပျိုးလယ်ဧက ၇ သိန်းရှိသည့်အနက် နှစ်စဥ် လယ်ဧက ၄ သိန်းခန့် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခဲ့ကြောင်း၊ နှစ်စဥ် မိုးရာသီစိုက်ပျိုးရိတ်ချေးငွေ ကျပ်သန်းပေါင်း ၄၅၀၀၀ ကျော် ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မွန်ပြည်နယ်ဘဏ်ခွဲ) ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts